Lifestyle

အချစ်ရေးထက် အိမ်ထောင်ရေး ကောလာဟလတွေ ဖြေရှင်းနေရတဲ့ ပွင့်

Want create site? Find Free WordPress Themes and plugins.

အနုပညာရှင်တိုင်းက ကောလာဟလနဲ့ မကင်းလွတ်ကြပါဘူး။ အထူးသဖြင့်တော့ အခုလို Social Media လွယ်လွယ်နဲ့ အသုံးပြုလို့ရနေတဲ့ ခေတ်မှာ အနုပညာရှင်တွေရဲ့ မကောင်းကြောင်း၊ မဟုတ်မှန် တဲ့ သတင်းတွေက အလွယ်တကူ ပြန့်နှ့ံလွယ်ပါတယ်။

တလောက နာမည်ကြီး ဟာသသရုပ်ဆောင် “ပွင့်” အိမ်ထောင်ကျသွားပြီဆိုတဲ့ သတင်း Facebook မှာ တော်တော်လေး ပျံ့နှံ့ခဲ့ဖူးပါတယ်။ မင်္ဂလာဝတ်စုံဝတ်ဆင်ထားတဲ့ ပွင့်ရဲ့ ပုံတွေနဲ့ သူ့ကောင်လေး ပုံဆိုပြီး Facebook Page တခုမှာ စတင်ရေးသားထားရာကနေ ပြန့်သွားတဲ့ သတင်းတခုကို ပွင့်က မီဒီယာတွေကို ပြန်လည်ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

“အချစ်ရေးဆိုရင်တော့ အခုတလော Facebook မှာ အိမ်ထောင်ပြုသွားပြီဆိုတဲ့ ကောလာဟလလေး တော်တော်ပျံ့နှံ့သွားတယ်။ အဲ့ဒါ မဟုတ်ရပါဘူးလို့။ Facebook Page တခုကနေ နောက် ပြောင်ပြီးတော့လား ဘယ်လိုလား မသိပါဘူး။ သူကတော့ အပျော်သဘောလေးနဲ့ပဲ တင်လိုက်တာ တခုကို အစ်မ တော်တော်လေး ဖြေရှင်းရပါတယ်။ တော်ပါသေးတယ် မောင်လေးကမှ အချစ်ရေး ဆိုတာမေးလို့၊ တချို့ဆို အိမ်ထောင်ရေးတောင် အမေးခံရတဲ့ ဘဝကို ရောက်နေပါတယ်” လို့ ပွင့်က ဧရာဝတီကို ပြောပါတယ်။

သူ့အနေနဲ့ အိမ်ထောင်ရေးလည်း မရှိသေးကြောင်း အချစ်ရေးလည်း မရှိသေးကြောင်းနဲ့ သူ့ရဲ့ပရိသတ်က သူ့ရဲ့ အချစ်ရေးပါပဲ လို့ သရုပ်ဆောင် ပွင့် က ဆက်ပြောပါတယ်။

“ကိုယ့်ကိုယ်ကိုယ်လည်း တော်တော်လေးကို သနားပါတယ်။ ကိုယ့်မှာ အိမ်ထောင်ပြုဖို့ နေနေသာသာ ရည်းစားတောင် မထားရပါဘဲနဲ့ အလိုလိုနေရင်းနဲ့ အဲဒီ Page ရဲ့ နောက်ပြောင်မှုကို ခံရတာ။ အဲဒီ Page မှာ ရေးထားတာ ကိုယ်ကအိမ်ထောင်ပြုတယ်တဲ့။ ရင်သွေးလေးယူဖို့တောင် လုပ်နေပြီတဲ့။ တက်လာတဲ့ ပုံတွေကလည်း အစ်မတို့ MRTV-4 မှာ ပြနေတဲ့ “ကိုလူပျို” ဆိုတဲ့ ဇာတ်လမ်းတွဲထဲက ပုံလေးတွေရယ်၊ ပြီးတော့ အစ်မတို့ ရှိုးပွဲမှာ ရှိုးလျှောက်တုန်းက မင်္ဂလာဝတ်စုံနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို တင်ထားတာတွေ့ရတယ်။ အဲဒါလေးတွေကို ပြန်ပြီးဖြေရှင်းနေရပါတယ်” လို့ ဆိုပါတယ်။

ပွင့် ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဇေရဲထက်၊ မို့မို့မြင့်အောင်၊ တက်သစ်စ မင်းသမီး ဆုအိမ်စံ တို့နဲ့အတူ ဒါရိုက်တာ နေပိုင် ရိုက်ကူးထားတဲ့ “ကြိုက်ရာရွေးလိုက် လူပျိုတွေပဲ” ဆိုတဲ့ ဇာတ်ကားမှာ ပါ၀င် သရုပ်ဆောင် ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းမှာ ပွင့်အနေနဲ့ ကြော်ငြာအသစ်တွေလည်း လက်ခံရိုက်ကူး ဖြစ်တယ်လို့ ဆိုပါတယ်။

ဟာသ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ သက်တမ်းအတော်ကြာ ရပ်တည်နေတဲ့ ပွင့်ကို သရုပ်မဆောင်ဖြစ်သေးတဲ့ ကာရိုက်တာမျိုး ရှိလားဆိုတော့ “ကိုယ်လုပ်လာတဲ့ သက်တမ်းအရတော့ အရမ်း ခက်ခဲတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တချို့ဟာလေးတွေ ကျတော့လည်း မလုပ်ဖူးတဲ့ အသစ်အဆန်းလေးတွေဆို ကိုယ့်အတွက် ကြိုးစားရတာတွေရှိပါတယ်။ ဘယ်ဟာ အခက်ခဲဆုံး လည်းဆိုတော့ ကိုယ်တွေကတော့ အပျော်လေးတွေ ရိုက်နေကျဆိုတော့ အပျော်လေးတွေ ရိုက်ရတာကတော့ ကိုယ့်အတွက် ပိုပြီးတော့ Used to ဖြစ်တာပေါ့” လို့ ဆိုပါတယ်။

သူ့အနေနဲ့ စိတ္တဇဆန်တဲ့ ကာရိုက်တာမျိုး မရိုက်ဖူးသေးကြောင်းနဲ့ မိမိ ရိုက်ချင်တာကို ပြောပါဆိုရင် ကိုရီးယားဇာတ်ကားတွေထဲကလို စိတ်မမှန်တဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးပုံစံမျိုး သရုပ်ဆောင်ကြည့်ချင်ကြောင်း ပြောပါတယ်။

အနုပညာရှင်တွေကို Facebook Page တွေမှာ ကောလာဟလတွေ တင်ခံရတာနဲ့ ပတ်သက်ပြီး

“တခါတလေကျရင် ဘယ်အနုပညာရှင်က ဘာဖြစ်တယ်ဆိုပြီး တင်လိုက်တာမျိုး။ ဘယ်လိုပြောမလဲ ဖြေရှင်းလို့ရတဲ့ ပြဿနာရှိတယ်၊ ဖြေရှင်းလို့ မရတဲ့ ပြသနာဆိုတာရှိတယ်။ ကိုယ်တွေပြဿနာဆို ဒီ ဂျာနယ်ကို ဖတ်မိတဲ့သူ၊ ကိုယ်ပြန်ပြီး ကိုယ့်ဝေါလ်မှာ ရေးတာကို နားလည်ပေမယ့် တချို့ပရိသတ် တွေက အထင်လွဲသွားတာရှိတယ်။ တခါတလေ အဲဒီ Page တွေမှာ ၀င်ရေးတဲ့ Comment တွေ ၀င်ဖတ်ရင် တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီတော့ သူတို့က အပျော်သဘောလေးနဲ့ တင်လိုက်တဲ့ ကျီစယ်မှုတခုက အနုပညာသမားကို မထိခိုက်စေချင်ပါဘူး။ အဲဒါကြောင့် အဲလို နောက်ပြောင် ကျီစယ်တာမျိုး မလုပ်စေချင်ဘူး” လို့ ပွင့်က သူ့ဆန္ဒကို ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading