ဒီမော်ဒယ်က ကမ္ဘာ့အဆင့်မှတ်တမ်းဝင် အချက် ၂ ချက်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်ပါ။ ပြည်တွင်းမှာလည်း ဒီနေ့ထိအောင် စျေးကွက်ဝင်နေသလို လူကြိိုက်လည်း များနေဆဲပါ။ ဒါနဲ့ အစောက ပြောခဲ့တဲ့ ကမ္ဘာ့ အဆင့် မှတ်တမ်းဝင် အချက် ၂ ချက်ဆိုတာက ဒီလိုပါ၊
Corolla ဆိုတာ လက်ရှိ ကမ္ဘာပေါ်မှာ အစီးရေ အများဆုံး ရောင်းချထားနိုင်တဲ့ မော်ဒယ်ပါ။ အစီးရေ သန်း ၄၀ကျော် နေပြီလည်း ဖြစ်ပါတယ်။ နောက်တချက်ကတော့ သက်တမ်းအရင့်ဆုံး ထုတ်လုပ်ဆဲ ရှိနေတဲ့ မော်ဒယ် ဆိုတာပါပဲ။
၁၉၆၆ခုနှစ်ကတည်းက ထုတ်လုပ်လာခဲ့တာ ဖြစ်ပြီး ဒီနေ့ထိအောင် ကမ္ဘာ့စျေးကွက် တခုလုံးကို ရောင်းချနေဆဲ ဖြစ်တလာည်း တွေ့နိုင်ပါတယ်။ သိသာတဲ့ ပြောင်းလဲမှုဆိုလို့ ၁၉၆၆ခုနှစ် မော်ဒယ်ကို စတင် ထုတ်လုပ်ချိန်ကနေ ၁၉၉၁ခုနှစ်ထိအောင် Subcompactလို့ ခေါ်တဲ့ အသေးစား အနေတော် မော်ဒယ်အဖြစ်ကနေ ၁၉၉၁ခုနှစ် နှစ်လယ်ပိုင်းကနေ စတင်ပြီး အလတ်တန်းစား မော်ဒယ်အဖြစ် ပြောင်းလဲ ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
မော်ဒယ်နဲ့ ပတ်သတ်ပြီး ဗဟုသုတု မှတ်သားစရာတွေ အဖြစ် ပြောစရာတွေက များလွန်းတော့ လိုရင်းကိုပဲ တခုချင်းစီး ခွဲခြား ပြောပါရစေဗျာ။ အရင်ဆုံး မော်ဒယ်ရဲ့ ထုတ်လုပ်မှု စက်ရုံတွေကို ပြောပါရစေ။ ၁၉၆၆ခုနှစ်ကတည်းက Corollaကို ဂျပန်မှာရှိတဲ့ Takaokaစက်ရုံမှာ စတင် ထုတ်လုပ်ခဲ့တာပါ။
နောက်ပိုင်း ဘရာဇီးက Indaiatubaစက်ရုံ၊ ကနေဒါမှာရှိတဲ့ Cmabrigeစက်ရုံ၊ တရုတ်နိုင်ငံ Tianjinစက်ရုံ၊ အိန္ဒိယနိုင်ငံ Bangaloreစက်ရုံ၊ ပါကစ္စတန်နိုင်ငံ Karachiစက်ရုံ၊ တောင်အာဖရိကနိုင်ငံ Durbanစက်ရုံ၊ သြစတြေးလျနိုင်ငံ Victoriaစက်ရုံ၊ အင်္ဂလန်နိုင်ငံ Derbyshireစက်ရုံ၊ အမေရိကန်နိုင်ငံ Fremontစက်ရုံနဲ့ Blue Springsစက်ရုံ၊ ထို်င်ဝမ်၊ ထိုင်း၊ ဗီယက်နမ်၊ တူရကီနဲ့ ဗင်နီးဇွဲလားနိုင်ငံတွေမှာပါ ထုတ်လုပ်တာ တွေ့ရပါတယ်။
မော်ဒယ်ရဲ့ မျိုးဆက်တွေကို ပြောရမယ် ဆိုရင်တော့ ပထမမျိုးဆက်ကို ၁၉၆၆ခုနှစ် အောက်တိုဘာမှာ မိတ်ဆက်ပြီး ၁၉၇၀အထိ ထုတ်လုပ်ခဲ့ကာ ၁ ဒသမ ၁လီတာသုံး အင်ဂျင်တပ် မော်ဒယ်အဖြစ် ထုတ်လုပ်ထားတာပါ။ အဆိုပါ မျိုးဆက်အတွင်းမှာ Corolla Sprinterမော်ဒယ်ခွဲကိုလည်း ၁၉၆၈ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ တွေ့ရပါသေးတယ်။
မော်ဒယ်ရဲ့ ဒုတိယ မျိုးဆက်ကိုတော့ ၁၉၇၀ကနေ ၁၉၇၄ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ပါတယ်။ ဒီမျိုးဆက်မှာ ၁ ဒသမ ၄လီတာသုံးနဲ့ ၁ ဒသမ ၆လီတာသုံး အင်ဂျင်တွေ အသစ် တိုးမြှင့် ထုတ်လုပ်ခဲ့ပါတယ်။ မော်ဒယ်ရဲ့ တတိယမျိုးဆက်က ၁၉၇၄ခုနှစ်ကနေ ၁၉၇၉ခုနှစ်ထိ ထွက်ရှိခဲ့ပြီး ကိုယ်ထည်ပိုင်း ကြီးမားမှု မရှိလာပေမယ့် အောက်ဖက် အထိုင်တွေကို ပိုမို ခိုင်ခံ့အောင် ထုတ်လုပ်လာတာကြောင့် ရှေ့ထွက် မော်ဒယ််တွေထက် ပိုပြီး အလေးချိန်များလာသလို ကိုယ်ထည် အနားသတ်တွေလည်း ရှေ့ထွက်မော်ဒယ်တွေမှာ ထောင့်ချိုးဆန်ရာကနေ လုံးဝန်းလာပါတယ်။
စတုတ္ထမျိုးဆက်ကတော့ ၁၉၇၉ခုနှစ်ကနေ ၁၉၈၃ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ပြီး ဒီမျိုးဆက်မှာ ရှေ့ဖက် လေဝင်ပေါက်တွေ၊ ရှေ့မီးကြီးတွေနဲ့ နောက်ဖက် ၀န်တင်ခန်း အနားသတ်တွေကို ထောင့်ချိုးဆန်အောင် ပြန်လည် ထုတ်လုပ်လာခဲ့ပါတယ်။
ငါးဆက်မြောက် မျိုးဆက်ကတော့ ၁၉၈၃ခုနှစ်ကနေ ၁၉၈၇ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ပြီး ရှေ့ဖက်စက်ဖုံးပိုင်းကို လေခွင်းမှု ပိုကောင်းအောင် ပြင်ဆင်လာသလို ၁ ဒသမ ၈လီတာသုံး ဒီဇယ်အင်ဂျင်သုံး မော်ဒယ်တွေပါ ထုတ်လုပ်လာခဲ့ပါတယ်။
ခြောက်ဆက်မြောက် မျိုးဆက်မှာတော့ ရှေ့ဖက် လေခွင်းစနစ်က သိသာပေါ်လွင်လာခဲ့ပါပြီ၊ အင်ဂျင်လေဝင်ခန်း တွေက ကျယ်ဝန်းတာကြောင် အဝေးကပင် မြင်သာသလို တခြား မော်ဒယ်တွေနဲ့ ကွဲပြားတဲ့ ရုပ်ထွက် ဖြစ်လာခဲ့ပါတယ်။
ခုုနစ်ဆက်မြောက် မျိုးဆက်က ၁၉၉၁ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့ပြီး အသေးစား အနေတော် အရွယ်ကနေ အလတ်တန်းစား ကိုယ်ထည်အရွယ်ကို ပြောင်းလဲ ထုတ်လုပ်ခဲ့တဲ့ မျိုးဆက် ဖြစ်ပါတယ်။ ၁၉၉၅ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့ပြီး အဆိုပါ မော်ဒယ်တွေ ပြည်တွင်းကို အများအပြား ၀င်ရောက် စီးနင်းလာခဲ့တာလည်း ဖြစ်ပါတယ်။
ရှစ်ဆက်မြောက် မျိုးဆက်ကတော့ ၁၉၉၅ခုနှစ်ကနေ ၂၀၀၀အတွင်း ထုတ်လုပ်ခဲ့ပြီး ဆီထိုးသွင်းခြင်း နည်းပညာတွေ မြင့်မားလာသလို ဆီစားနှုန်းလည်း သက်သာအောင် ဖန်တီးထားနိုင်တာကြောင့် လူကြိုက် ပိုများလာခဲ့ပါတယ်။
ကုုိးဆက်မြောက် Corollaတွေကိုတော့ ၂၀၀၀ခုနှစ်ကနေ ၂၀၀၆ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ပြီး ဒီနေ့စျေးကွက်မှာပါ အဆိုပါ မျိုးဆက်တွေ ရှိနေပါသေးတယ်။ ရုပ်ထွက်ပိုင်း ပြင်ဆင်လာမှု၊ အလျား ပိုမို ရှည်လျားလာမှု၊ အတွင်းခန်း အပြင်အဆင် ကောင်းမွန်လာမှုတွေကို စျေးကွက်ကို ဆက်လက်အောင်မြင်မှု ရနေစေခဲ့ပါတယ်။ ဒီမျိုးဆက်မှာ Fielderလို နောက်ဆက်တွဲ မော်ဒယ်တွေလည်း ထွက်လာခဲ့ပါတယ်။
ဆယ်ဆက်မြောက် မျိုးဆက်ကတော့ ဂျပန်မှာ ၂၀၀၆ခုနှစ်ကနေ ၂၀၁၂ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး နိုင်ငံတကာ စျေးကွက်အတွက်ကိုတော့ ၂၀၀၆ခုနှစ်ကနေ ၂၀၁၃ခုနှစ်ထိအာင် ထုတ်လုပ်ခဲ့ပါတယ်။ ဂျပန် စျေးကွက်အတွက် Corolla Axioလို မော်ယ်တွေနဲ့ Fielderတွေ ဆက်လက် ထုတ်လုပ်ဆဲ ဖြစ်သလို နိုင်ငံတကာစျေးကွက် အတွက် ကိုယ်ထည် အနည်းငယ် ပိုပြီး ကြီးမားတဲ့ Corolla Altis မော်ဒယ်တွေ ထုတ်လုပ်ခဲ့ပါတယ်။
၁၁ဆက်မြောက် မျိုးဆက်ကတော့ လက်ရှိအချိန်ထိအောင် ထုတ်လုပ်နေတဲ့ မျိုးဆက်ဖြစ်ပြီး ဂျပန်အတွက် ၂၀၁၂ခုနှစ်ကနေ လက်ရှိ အချိန်ထိအောင် ထုတ်လုပ်နေတာ ဖြစ်သလို နိုင်ငံတကာစျေးကွက်အတွက်ကိုတော့ ၂၀၁၃ခုနှစ်ကနေ စတင် ထုတ်လုပ်နေတာပါ။
၂၀၁၅ခုနှစ်အတွင်း အမေရိကန်မှာ အစီးရေ ၃၆၃၃၃၂စီး၊ ကနေဒါမှာ ၄၇၁၉၉စီး၊ သြစတြေးလျမှာ ၄၂၀၇၃စီးနဲ့ ဥရောပမှာ ၆၉၁၉၄စီးရောင်းချနိုင်ခဲ့ပြီး ၂၀၁၃ခုနှစ်အတွင်းက အစီးရေ သန်း ၄၀ပြည့်အောင် ထုတ်လုပ် ရောင်းချထားနိုင်ခဲ့တဲ့ Corollaရဲ့ အစီးရေ သန်း ၅၀ပြည့် ထုတ်လုပ်နိုင်မှုက လာမယ့်နှစ်နှစ်အတွင်း ပြည့်မီလာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။