နာမည်ကျော် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးနဲ့ သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း(ခေါ်)ဇူးမြတ်ထက် တို့ရဲ့ သမီးဖြစ်သူ စစ်လွန်းဝတီထက်ဟာ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် “ဒိုင်နိုဆော” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။
“စစ်လွန်းရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ အခုသူ ပြက္ခဒိန်တွေ ရိုက်နေတယ်။ မထက်နဲ့လည်း ပြီးခဲ့တဲ့ရက်က ကြော်ငြာရိုက်ထားပါတယ်။ ပြီးတော့ ကိုညိုမင်းလွင်ရိုက်မယ့် ရုပ်ရှင်ကားကြီးမှာ ကလေးအဓိကသရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးပါမယ်” လို့ ဖခင်ဖြစ်သူ စိုင်းလွှမ်းက ဧရာဝတီကိုပြောပါတယ်။
သမီးဖြစ်သူက ယခုရိုက်ကူးမယ့် သိပ္ပံဆန်ဆန်ဇာတ်ကားမျိုးကို ကြိုက်နှစ်သက်လို့ လက်ခံဖြစ်ခဲ့တာလို့လည်း သူကဆက်ပြောပါတယ်။
“အစက ကျနော်တို့ စစ်လွန်းကို ရုပ်ရှင်ပေးမရိုက်ဘူးလို့ပဲ ဆုံးဖြတ်ထားတာပါ။ ကိုညိုမင်းလွင်လည်းဖြစ်တယ်။ နောက် ကျနော်တို့သားအဖ အတူရိုက်ရမှာဆိုတော့ အမှတ်တရလေးဖြစ်သွားအောင်ပါ။ စစ်လွန်းကြီးလာရင်လည်း ပြန်ကြည့်ရအောင်ပေါ့” လို့ ဇာတ်ကားရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့ပုံကိုလည်း သူကပြောပြပါတယ်။
စစ်လွန်းဝတီထက်ဟာ အသက် ငါးနှစ်ကျော်သာရှိပြီး လက်ရှိမှာတော့ MISY International School မှာ ကျောင်းတက်နေတယ်လို့လည်း သိရပါတယ်။
ဆက်လက်ပြီး ဖခင်ဖြစ်သူ စိုင်းလွှမ်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း “ဒီလို အခွင့်ရေးမျိုးကတော့ တော်တော်ကို ကုသိုလ်ကံကောင်းလွန်းလှပါတယ်လို ့ကျတော် ကိုယ့်ဘာသာကိုယ် တွေးမိပါတယ်။ အဲ့ဒါ Night School Films ရဲ ့ကျတော်တို ့သားအဖအတွက် အဖိုးမဖြတ်နိုင်တဲ ့ လက်ဆောင်တခုပါ။ အဲဒီလက်ဆောင်ကို တသက်လုံး အမြဲ တန်ဖိုးထား သိမ်းထားပြီး သမီး စစ်လွန်းဝတီထက်ရဲ ့ငယ်စဉ်ဘဝ ကလေးသရုပ်ဆောင်အဖြစ် ပထမဦးဆုံးနဲ့ နောက်ဆုံးအဖြစ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးပါ” လို့လည်း ရေးသားထားတာတွေ့ရပါတယ်။
စစ်လွန်းဝတီထက်ကို ကလေးသရုပ်ဆောင်အဖြစ် ဒီရုပ်ရှင်ဇာတ်ကားကြီးတွင်သာ ပထမဆုံးနဲ့ နောက်ဆုံးမြင်တွေ့ရမှာ ဖြစ်ပြီး အရွယ်ရောက်လာလို့ မင်သမီးအဖြစ် ရိုက်ကူးချင်စိတ်ရှိမယ်ဆိုတော့မှသာ ထပ်မံခွင့်ပြုတော့မှာ ဖြစ်တယ်လို့ လည်း ဖခင်ဖြစ်သူကဆိုပါတယ်။
ဒါ့အပြင် လူမှုကွန်ရက်စာမျက်နှာတွေမှာ စစ်လွန်းဝတီထက်ကို ဖခင်ဖြစ်သူနှင့်သာတွဲမြင်နေရခြင်းအပေါ်ကိုလည်း စစ်လွန်းက ဖခင်နဲ့ပိုအနေနီးသလို ဖခင်ဖြစ်သူ စိုင်းလွှမ်းကလည်း သမီးဖြစ်သူကို အရမ်းချစ်တာကြောင့်ပါလို့လည်း ပြောဆိုခဲ့ပါတယ်။