Samsung Note 7 စမတ်ဖုန်းများကို ဘက်ထရီပိုင်းဆိုင်ရာ ပြဿနာများကြောင့် အားသွင်းရာမှတဆင့် အပူလွန်ကဲပြီး ပေါက်ကွဲတတ်လို့ ကမ္ဘာ့ဈေးကွက် နိုင်ငံတချို့မှာ ပြန်လည် သိမ်းဆည်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး မြန်မာနိုင်ငံမှာလည်း Note 7 စမတ်ဖုန်း စတင်ရောင်းချမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းကာ ဝယ်ယူထားတဲ့သူများကို အစားထိုး လဲလှယ်ပေးမယ်လို့ Samsung Myanmar မှ သတင်းထုတ်ပြန်ပါတယ်။
“အခုအသစ်ထွက်ထားတဲ့ Galaxy Note 7 နဲ့ ပတ်သက်ပြီး လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာ၊ တင်ပြချက်တွေကို ကျနော်တို့အနေနဲ့ စုံုစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တာ ဘက်ထရီဆဲလ်နဲ့ ပတ်သက်တဲ့ ပြဿနာကို တွေ့ရှိခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ Note7 ရောင်းချမှုကို ခဏရပ်ထားမှာ ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့ မြန်မာနိုင်ငံမှာ စတင်ရောင်းချမယ့် အစီအစဉ်ကိုလည်း ဝမ်းနည်းစွာနဲ့ပဲ နောက်ဆုတ်လိုက်ရပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT & Mobile ကိုဇာနည်ဝင်းထက်က ပြောပါတယ်။
ဆက်လက်ပြီး သူက “စက်တင်ဘာလ ၁ ရက်နေ့ကနေ ဒီနေ့အထိ ကမ္ဘာတဝှမ်းက သုံးစွဲသူတွေ ပေးပို့လာတဲ့ အကြောင်းအရာ စုစုပေါင်း ၃၅ ခုကို သိရှိလက်ခံရရှိခဲ့တဲ့အတွက် ကျနော်တို့အနေနဲ့ ဈေးကွက်ထဲမှာလက်ရှိ ပြဿနာရှိနိုင်ခြေရှိတဲ့ ဘက်ထရီတွေကို စစ်ဆေးဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူ ကုန်ပစ္စည်း တင်သွင်းသူ တွေနဲ့ အတူတကွ စုံစမ်းစစ်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမယ့် Samsung အတွက်တော့ သုံးစွဲသူတွေရဲ့ လုံခြုံရေးက အဓိကဦးစားပေး အရေးပါတာဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ Galaxy Note 7 ရောင်းချမှုကို ရပ်တန့်လိုက်ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။
Galaxy Note 7 စမတ်ဖုန်း ဝယ်ယူသုံးစွဲပြီးသူတွေအနေနဲ့ လက်ရှိဝယ်ယူထားတဲ့ Note 7 ဖုန်းတွေကို လာမယ့် အပတ်တွေမှာ အခြား ဖုန်းအသစ်တစ်လုံးနဲ့ ပြန်လည် အစားထိုး လဲလှယ်ပေးမယ်လို့ သိရပါတယ်။
ဖုန်း ပြန်လည် အစားထိုးလဲလှယ်ပေးမယ့် အစီအစဉ်ကို အောက်တိုဘာလအတွင်းမှာ စတင်မှာ ဖြစ်ပါတယ်။ အစားထိုး လဲလှယ်ပေးမယ့် အစီအစဉ်အသေးစိတ်ကို Note 7 စမတ်ဖုန်းများ မြန်မာနိုင်ငံကို ရောက်ရှိလာတာနဲ့ တပြိုင်နက် ထုတ်ပြန်ကြေငြာ ပေးသွားမယ်လို့ ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။
သုံးစွဲသူတွေအနေနဲ့ အောက်တိုဘာလအထိ မစောင့်ဆိုင်းဘဲ ငွေပြန်အမ်းခြင်းကို ရယူချင်တယ်ဆိုရင်လည်း Note 7 စမတ်ဖုန်းကို မကြာသေးမီက ထုတ်ယူခဲ့တဲ့ “Pre-Order သွားရောက် ထုတ်ယူခဲ့တဲ့ဆိုင်” ဒါမှမဟုတ် မူလဖုန်းဘူး အပြည့်အစုံ (လက်ဆောင်အိတ်၊ အားသွင်းကြိုး+ဖုန်းကာဗာ၊ ဗူး နှင့် ဆက်စပ်ပစ္စည်းများ) ကို ဝယ်ယူပေးချေထားတဲ့ ဘောင်ချာမူရင်းနဲ့ ကမ္ဘောဇဘဏ်အကောင့် နံပါတ်တို့ကို ယူဆောင်ပြီး စက်တင်ဘာလ ၇ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း သွားရောက် ယူနိုင်တယ်လို့ သိရပါတယ်။
အဲဒီနေ့ထက် ကျော်လွန်သွားမယ်ဆိုရင် ဖုန်းအသစ် လဲလှယ်ပေးခြင်းကိုသာ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ဖုန်းအသစ် လဲလှယ်ပေးမယ့် အစီအစဉ်နဲ့ ငွေပြန်အမ်းမယ့် အစီအစဉ်တွေက Note 7 ဖုန်းကို ကမ္ဘောဇဘဏ်မှ တဆင့် ကြိုတင်မှာယူစနစ်နဲ့ ဝယ်ယူခဲ့တဲ့ တရားဝင် ရောင်းချခဲ့တဲ့ ဖုန်းတွေ အတွက်သာ အကျုံးဝင်မှာ ဖြစ်တယ်လို့ ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။
Samsung Galaxy Note 7 စမတ်ဖုန်းကို သြဂုတ်လ ၂ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ သြဂုတ်လ ၁၂ ရက်နေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။