ဒါရိုက်တာ ဂင်ဆောင်ဟွန်းရိုက်ကူးပြီး ကိုရီးယား ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ ဟဂျောင်ဝူးနဲ့ ဘေဒူနာတို့ ပါဝင်သရုပ်ဆောင်ထားသော Tunnel ရုပ်ရှင်ဟာ ပြည်ပနိုင်ငံများဖြစ်တဲ့ သြစတြေးလျနိုင်ငံရှိ ရုပ်ရှင်ရုံ ၁၅ ရုံနဲ့ နယူးဇီလန်နိုင်ငံရှိ ရုပ်ရှင်ရုံ ၃၆ ရုံတို့တွင် တပြိုင်နက်တည်း ရုံတင်ပြသခဲ့သလို မကြာခင်မှာလည်း အမေရိကနဲ့ ကနေဒါတို့တွင်လည်း ရုံတင်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်၊ တူရကီနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ရုပ်ရှင်ဖြန့်ချိရေးများကိုလည်း ရောင်းချပြီးဖြစ်ကာ မကြာခင်မှာ ရုံတင်မယ်လို့ သိရပါတယ်။
ကိုရီးယားပြည်တွင်းမှာတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က စတင်ရုံတင်ပြသခဲ့ပြီး ၁၄ရက်အတွင်းမှာ ကြည့်ရှုသူ ပရိသတ်ပေါင်း ၅သန်းခန့် ရှိခဲ့တယ်လို့ ဆိုပါတယ်။
Tunnel ရုပ်ရှင်တွင် ဟဂျောင်ဝူးက ကားအရောင်းစင်တာမှ အရောင်းကိုယ်စားလှယ် လီဂျန်ဆိုးအဖြစ် သရုပ်ဆောင် ထားပြီး ဘေဒူနာကတော့ လီဂျန်ဆိုးရဲ့ ဇနီးဖြစ်သူ ဆယ်ဟွန်းအဖြစ်သရုပ်ဆောင်ထားပါတယ်။ ကားအရောင်းစင်တာမှ အရောင်းကိုယ်စားလှယ် လီဂျန်ဆိုးဟာ ဥမင်လိုင်ခေါင်းထဲကို ကားဖြတ်မောင်းနေစဉ်မှာပဲ ဥမင်လိုဏ်ခေါင်း ပြိုကျတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာကြောင့် ဇနီးသည်ဖြစ်သူက အရေးပေါ် ကယ်ဆယ်ရေးဖြစ်တဲ့ ၉၁၁ သို့ ဖုန်းဆက်ပြီး အကူအညီ တောင်းခံခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးက ကယ်ဆယ်ဖို့ကြိုးစားတဲ့အခါမှာတော့ နိုင်ငံရေးသမားတဦးလည်း ဖြစ်တဲ့ ဒယ်ဂူက ကယ်ဆယ်ရေးလုပ်ငန်းကို နှောင့်နှေးအောင် ပြုလုပ်ခဲ့ပါတယ်။ အမှန်တကယ်မှာတော့ ဥမင်လိုဏ်ခေါင်း ကားလမ်း ဖောက်လုပ်စဉ်မှာ လာဘ်စားမှုကို ဒယ်ဂူက ဦးဆောင်ခဲ့တာပါ။
အဆိုပါ လာဘ်စားမှုရဲ့ အကျိုးဆက်ကြောင့် ဥမင်လိုဏ်ခေါင်းပြိုကျမှုဖြစ်ပေါ်ခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်စဉ်မှာ အဆိုပါ ဥမင်လိုဏ်ခေါင်းရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေကို ပြည်သူလူထုသိမှာ စိုးရိမ်ပြီး တားဆီးခဲ့ခြင်းဖြစ်ပါတယ်။ ဥမင်လိုဏ်ခေါင်းထဲမှာ ပိတ်မိနေတဲ့ လီဂျန်ဆိုး တယောက် အခက်အခဲများကြားက ကြိုးစားပြီးထွက်လာခဲ့ပုံကို စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် တင်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
လီဂျန်ဆိုးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဟဂျောင်ဝူးဟာ ထိပ်တန်း ကိုရီးယားရုပ်ရှင်သရုပ်ဆောင် တဦးဖြစ်ပြီး ရုပ်သံဇာတ်လမ်းများထက် ရုပ်ရှင်ဇာတ်ကားကိုသာ အဓိက ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ဟဂျောင်ဝူး ပါဝင် သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ဇာတ်ကားများဟာ ကိုရီးယားပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများအထိ ထိုးဖောက်အောင်မြင်ခဲ့တာပါ။ ဟဂျောင်ဝူး သရုပ်ဆောင်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားအချို့ကတော့ Time (2005), Breath (2007), The Chaser (2008), My Dear Enemy (2008), Boat (2009), Take Off (2009), The Yellow Sea (2010), Nameless Gangster (2011), The Berlin File (2013), Chronicle of a Blood Merchant (2014), Assassination (2015), The Handmaiden (2015) ရုပ်ရှင်ဇာတ်ကားများပဲ ဖြစ်ပါတယ်။
Tunnel ရုပ်ရှင်ဟာ စာရေးဆရာ ဆိုဂျေဝမ် ၂၀၁၃ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်ကို ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားခြင်းဖြစ်ကာ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတယ်လို့ သိရပါတယ်။
Ref : http://www.koreatimesus.com