Lifestyle

အောင်ထက်၊ Jenevy၊ သားဂန်းတို့ရဲ့ “မျက်ရည်နဲ့ပွင့်သောပန်း” တေးစီးရီးခွေသစ်

Want create site? Find Free WordPress Themes and plugins.

အိပ်မက်ဆုံရာ ရာသက်ပန် Season 1 မှ အဆိုတော် အောင်ထက်၊ Jenevy၊ သားဂန်းတို့ ပါ၀င် သီဆိုထားတဲ့ “မျက်ရည်နဲ့ပွင့်သောပန်း” အမည်ရှိ တေးစီးရီးမိတ်ဆက်ပွဲကို စက်တင်ဘာလ ၆ ရက် နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကိုယ်ပိုင်သံစဉ် တေးသီချင်းများသာ ပါ၀င်မယ့် အဲ့ဒီ တေးစီးရီးခွေကို Forever BEC-Tero Music က ထုတ်လုပ်တာဖြစ်ပြီး တေးရေးဆရာများအဖြစ် မြင့်မိုးအောင်၊ စောခူဆဲလ်၊ နောင်နောင် (Sun Flower)၊ ညီညီသွင်၊ ရယ်ဂျီ၊ ဆလိုင်းနဲ့ အောင်ထက်တို့ ပါဝင်ရေးသားထားကြပါတယ်။

မျက်ရည်နဲ့ပွင့်သောပန်း တေးစီးရီး မိတ်ဆက်ပွဲမှ အဆိုတော် အောင်ထက်နဲ့ သားဂန်း
မျက်ရည်နဲ့ပွင့်သောပန်း တေးစီးရီး မိတ်ဆက်ပွဲမှ အဆိုတော် အောင်ထက်နဲ့ သားဂန်း

“ဒီအခွေစလုပ်ကတည်းက နှစ်တွေ အများကြီးမှာ အခက်အခဲတွေရှိတယ်။ ကျနော်တို့ ကြိုးစားခဲ့တဲ့ ချွေးတွေ၊ အခက်အခဲတွေရှိတယ်။ အဲဒါကို မျက်ရည်တပွင့်လို့ တင်စားပြီး ဆရာ မြင့်မိုးအောင်က ရေးပေးတာ။ ဒီသီချင်းကို ကျနော်ဆိုခွင့်ရလို့ အရမ်းဝမ်းသာမိပါတယ်” လို့ အိပ်မက်ဆုံရာ ရာသက်ပန် Season 1 ရဲ့ Winner ဆုရှင် အဆိုတော် အောင်ထက်က ပြောပါတယ်။

အဆိုတော် အောင်ထက်အနေနဲ့ သူ့ရဲ့ “ဟေး မိတ်ဆွေ” လို့ အမည်ရတဲ့ တကိုယ်တော်ခွေ တေးစီးရီး မကြာသေးခင်က ထွက်ရှိထားတာ ဖြစ်ပါတယ်။

အဆိုပါ “မျက်ရည်နဲ့ပွင့်သောပန်း” အခွေကို အိမ်မက်ဆုံရာ ရာသက်ပန် Season 1 ပြိုင်ပွဲ နောက်ဆုံး ဖိုင်နယ် စကာတင် ၃ ဦး ရွေးချယ်ပြီးနောက် ပြိုင်ပွဲပြီးတဲ့အချိန်မှာ စီစဉ်ဖြစ်ခဲ့တာဖြစ်ပြီး ကိုယ်ပိုင်သံစဉ် တေးသီချင်း ၁၂ ပုဒ် ပါ၀င်တယ်လို့ သိရပါတယ်။ သီချင်း ၁၂ ပုဒ်မှာ အောင်ထက် ၅ ပုဒ်၊ Jenevy ၄ ပုဒ်၊ သားဂန်း ၃ ပုဒ်နဲ့ အောင်ထက်၊ Jenevy တို့ စုံတွဲသီချင်းတပုဒ်တို့ ပါ၀င် သီဆိုထားကြတယ်လို့ သိရပါတယ်။

“သီချင်းခွေ Title ကို ဆရာမြင့်မိုးအောင်က ကျနော်တို့တွေ ဒီ အနုပညာလမ်းကို ကြမ်းကြမ်းတမ်းတမ်း လျှောက်လှမ်းပြီးမှ ဒီတေးစီးရီးလေးကို ထုတ်နိုင်တယ်။ အောင်မြင်တဲ့ အနုပညာရှင်တယောက် ဖြစ်ဖို့အတွက် ကြိုးစားပြီးမှ ဖြစ်လာတဲ့ ‘မျက်ရည်နဲ့ ပွင့်သောပန်း’ လို့ နာမည်ပေးတာပါ။ ဒီအခွေမှာ ကျနော် သီဆိုထားတာ Rock ၂ ပုဒ်နဲ့ Pop တပုဒ်ပါပါမယ်” လို့ သားဂန်းက ဧရာဝတီကို ပြောပါတယ်။

အဆိုတော် သားဂန်းက လက်ရှိမှာ သူ့ရဲ့တကိုယ်တော်တေးစီးရီးထွက်နိုင်အောင် အကောင်းဆုံး ကြိုးစားနေပြီး ပရိသတ်ဆီ အမြန်ဆုံး ထွက်နိုင်အောင်လည်း ပြင်ဆင်နေတယ်လို့ သူက ဆိုပါတယ်။

အောင်ထက်၊ Jenevy ၊ သားဂန်းတို့ ပါ၀င်သီဆိုထားတဲ့ “မျက်ရည်နဲ့ပွင့်သောပန်း” တေးစီးရီးခွေကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading