နိုင်ငံတကာနဲ့ မြန်မာနိုင်ငံမှ ဒါရိုက်တာများ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်များ၊ ဇာတ်လမ်းတို ရုပ်ရှင်များကို ပြသပေးနေတဲ့ ၆ နှစ်မြောက် “ဝဿန်ရုပ်ရှင်ပွဲတော်” ကို စက်တင်ဘာလ ၇ ရက်နေ့ ကနေ ၁၁ ရက်နေ့အထိ ရန်ကုန်မြို့၊ ဝဇီရာရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်နေပါတယ်။
၅ ရက်ကြာ ပြုလုပ်မယ့် အဆိုပါ ဝဿန်ရုပ်ရှင်ပွဲတော်မှာ စုစုပေါင်း ရုပ်ရှင်ဇာတ်ကားပေါင်း ၄၈ ကား ပြသလျက်ရှိပြီး ပြည်တွင်းမှ ပြိုင်ပွဲဝင်ကား ၁၅ ကား၊ အရှေ့တောင်အာရှ ပြိုင်ပွဲဝင် ၉ ကား၊ ပြိုင်ပွဲဝင်မဟုတ်တဲ့ ဇာတ်ကား ၆ ကား၊ ဂျာမန်ရုပ်ရှင်ကား ၂ ကား၊ အရှေ့တောင်အာရှ ဇာတ်လမ်းတို ရုပ်ရှင်ကား ၆ ကားနဲ့ ဂျပန်ရုပ်ရှင်ကား ၁၀ ကား ပါဝင်တယ်လို့ သိရပါတယ်။
“ကျမတို့ ဝဿန်ရုပ်ရှင်ပွဲတော်က အနုပညာနဲ့ ရုပ်ရှင်ကို အဓိကထား ဦးစားပေးတဲ့ ရုပ်ရှင်ပွဲတော်ပါ။ ပြသတဲ့ ဇာတ်ကားတွေက အကြောင်းအရာမျိုးစုံပါပဲ။ ပြည်တွင်းက ပြိုင်ပွဲဝင် မှတ်တမ်းရုပ်ရှင်တွေ၊ ဇာတ်လမ်းတိုတွေနဲ့ အရှေ့တောင်အာရှက မှတ်တမ်းရုပ်ရှင်တွေ၊ Non Competition Films၊ German Films၊ Japanese Films နဲ့ South East Asia Short Films တွေ ပြသလျက်ရှိပါတယ်” လို့ ရုပ်ရှင်ပွဲတော်ဒါရိုက်တာ မသူသူရှိန်က ဧရာဝတီကို ပြောပါတယ်။
အကြောင်းအရာမျိုးစုံပါဝင်ပြီး လွတ်လွတ်လပ်လပ်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို ရုပ်ရှင်များကို မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှ ဒါရိုက်တာများက ရိုက်ကူးတင်ပြထားတယ်လို့ သိရပါတယ်။ ရုပ်ရှင်ပွဲတော်ကို စနေ၊ တနင်္ဂနွေနေ့များမှာ မနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ပြသသွားမှာ ဖြစ်ပြီး ကြားရက်များမှာတော့ နေ့လည် ၁ နာရီမှ ည ၈ နာရီအထိ ပြသလျက်ရှိပါတယ်။
ပြိုင်ပွဲဝင်ဇာတ်ကားများအတွက် အကဲဖြတ်ဒိုင်လူကြီး ၆ ဦးပါဝင်ပြီး ပြည်တွင်းဇာတ်ကားများအတွက် ဒိုင် ၃ ဦး၊ အရှေ့တောင်အာရှ ဇာတ်ကားများအတွက် ဒိုင် ၃ဦးစီတို့က အသီးသီး အကဲဖြတ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။
ဒိုင်များအဖြစ် ပြည်တွင်း ပြိုင်ပွဲဝင်ဇာတ်ကားများအတွက် ဂျပန်နိုင်ငံ Festival Director of Image Forum မှ Koyo Yamashita ၊ Thai Film Archive မှ Sanchai Chotirosseranee နဲ့ မြန်မာနိုင်ငံမှ ကဗျာဆရာ ခင်မောင်အေးတို့က အကဲဖြတ်ပေးပြီး အရှေ့တောင်အာရှ ပြိုင်ပွဲဝင်ကားများအတွက် National University of Art and Culture မှ Visiting Professor ဦးမြင့်သိန်းဖေ၊ Myanmar Artist ကိုထိန်လင်း၊ ဂျာမနီမှ Hans Kohl တို့က အကဲဖြတ်ပေးလျက် ရှိပါတယ်။
“ကျမတို့ ဒီရုပ်ရှင်ပွဲတော်ဆိုတာ အပြင်မှာ ကြည့်လို့မရတဲ့ Independent ရုပ်ရှင်တွေက ရုပ်ရှင်ပွဲတော် ပြတဲ့အချိန်လေးပဲ ကြည့်လို့ရတာ။ တကယ်လူငယ်တွေ ဖန်တီးထားတဲ့ မြင်နေကျပုံစံမဟုတ်တဲ့ ရုပ်ရှင်ကားတွေ ပြသသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ မသူသူရှိန်က ဆိုပါတယ်။
ဝဿန်ရုပ်ရှင်ပွဲတော်ရဲ့ ဆုပေးပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့၊ တနင်္ဂနွေနေ့မှာ ညနေ ၅ နာရီကနေ ၇ နာရီထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။