ပြီးခဲ့တဲ့ ၃၊ ၄ လတုန်းက BoBo Entertainment ရဲ့ နောက်ဆုံးထွက်တဲ့ Anniversary အခွေမှာ ကျနော်နဲ့ ဝင့်ယမုံလှိုင်နဲ့ တွဲပြီး လမ်းခွဲတေးဆိုတဲ့ သီချင်းလေးပါတယ်။ ပြီးတော့ ငွေမှုန်ရတီနဲ့ သီချင်းအသစ်တပုဒ် လုပ်နေတယ်။ နောက် BoBo Entertainment နဲ့ Skynet ရဲ့ တနှစ်စာလွှင့်မယ့် program မှာ သီချင်းလေး ဆိုပေးထားတယ်။
အခု လက်ရှိမှာတော့ ကျနော် တကိုယ်တော်အခွေလေး ထွက်နိုင်ဖို့ လုပ်နေပါတယ်။ အခွေက သီချင်းအကြမ်းလေး တွေတော့ တော်တော်များများပြီးနေပြီ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော့်မှာ အခွေထုတ်နိုင်ဖို့ အင်အားနည်းနေသေး တာပေါ့နော်။ အဲ့ဒါကိုတော့ ကိုယ့်ဘာသာ ပိုက်ဆံစုပြီး လုပ်ရမလား၊ ဒါမှမဟုတ် ပရိုဂျူဆာတွေပဲ ပြရမလား၊ တခုခု လုပ်ဖို့တော့ ကြိုးပမ်းနေတုန်းပါ။
သီချင်းတွေက အရင်ကတည်းက ဝါသနာပါတာဗျ။ ကျနော်တို့ တက္ကသိုလ် ပထမနှစ် Day တက်တုန်းက ကျနော်ရယ်၊ မဲလေးရယ်၊ အခု နိုင်ငံခြားရောက်သွားတဲ့ သူငယ်ချင်းတယောက်ရယ် သီချင်းအရမ်းဆိုချင်နေတဲ့အချိန် G3 ဆိုပြီး အဖွဲ့လေး စလုပ်ဖြစ်တယ်။
ဝါသနာက ခု လက်ရှိလုပ်နေတဲ့ သီချင်းဆိုတာရယ်၊ ကဗျာရေးတာတို့၊ ဝတ္ထုတိုရေးတာတို့ ဝါသနာပါတယ်။ နောက် ဘောလုံးကန်တာ ဝါသနာပါတယ်။ ကျောင်းတက်တုန်းကတော့ ကဗျာစာအုပ်တွေဘာတွေ ထုတ်ဖြစ်တယ်ဗျ။ ခုတော့ facebook မှာပဲ ရေးပြီးတင်ဖြစ်တယ်။
တခြားသူတွေနဲ့ တူချင်မှ တူလိမ့်မယ်။ အမှန်အတိုင်းပြောရရင် ကျနော့်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် မရှိဘူး။ အိပ်မက်မရှိဘူး။ အနာဂတ်လည်း မရှိဘူးဗျ။ ကျနော် စိတ်ခံစားချက်ကိုပဲ ဦးစားပေးတယ်။ အဲ့ဒီအတွက် ကျနော် ထမင်းငတ်ချင်ငတ်မယ်၊ အခက်အခဲတွေ့ရင်လည်း တွေ့မယ်။ ဒါပေမယ့် ကျနော် ပျော်တယ်။ ကျနော် အခု တကိုယ်တော် အခွေလုပ်မယ်။ ကျနော့်မှာ နိုင်ငံကျော်အဆိုတော်ကြီးဖြစ်ရမယ်ဆိုတာလည်း မရှိဘူး။ နာမည်ကြီးရမယ်ဆိုတာလည်း မရှိဘူး။ သီချင်းလုပ်ချင်တဲ့စိတ်ပဲ ရှိတယ်။

အောင်မြင်မှုဆိုတာကို ဘယ်အရာနဲ့ တိုင်းတာမှာလဲ။ အဓိပ္ပာယ်က ကျနော့်အမေအမြင်မှာ ကျနော်က ဘာမှ မဟုတ်ဘူး။ နင် ဒီအလုပ်တွေလုပ်နေလို့ ထမင်းစားရမှာမဟုတ်ဘူးလို့ အမေအမြဲပြောလေ့ရှိတယ်။ ပိုက်ဆံကုန်တိုင်း ကျနော့် အမေ့ဆီက တောင်းလေ့ရှိတာကိုး။ အဲ့ဒီတော့ သူ့အမြင်မှာ ကျနော်ဟာ အောင်မြင်သူတယောက် မဟုတ်ပြန်ဘူး။ ဒါပေမယ့် ကျနော့်သီချင်းတွေကိုကြိုက်တဲ့ ပရိတ်သတ်တွေရှေ့မှာတော့ ကျနော်ဟာ အောင်မြင်သူပဲ။ အဲ့ဒီနေရာမှာတင် ကျနော်အပေါ်မှာ လူနှစ်ယောက်ရဲ့အမြင်က ကွဲသွားပြီ။ အဲ့ဒီလိုဆိုတော့ ကျနော်မြင်တဲ့ အောင်မြင်မှုဆိုတာ လူတွေရဲ့ သတ်မှတ်ချက်ပဲ။
ကျနော့်အတွက်က ကျနော်လုပ်ချင်တဲ့အလုပ်တခုကို ပြီးမြောက်အောင်လုပ်လိုက်တာ ကျနော့်ရဲ့ အောင်မြင်မှုပဲ။ အခု ကျနော် ပရဟိတတခုလုပ်လို့ပြီးသွားတယ်ဆိုုပါစို့။ ဒါ ကျနော့်ရဲ့ အောင်မြင်မှုပဲ။ ကျနော် အောင်အောင်မြင်မြင်နဲ့ လုပ်ခဲ့တာ။ သီချင်းတွေဖန်တီးတဲ့အချိန်မှာလည်း အဲ့လိုပဲ၊ mood မရရင် ကျနော် ဂိမ်းဆော့နေမယ်။ စိတ်ခံစားချက်ပြင်းထန်တဲ့ အချိန်မှာ ကျနော် သီချင်းတပုဒ်ပြီးသွားတယ်။ အဲ့ဒီလိုပြီးသွားတာ ကျနော့်ရဲ့အောင်မြင်မှုပဲ။ အဲ့နားမှာတင် ရပ်သွားပြီ။ ကျန်တဲ့ လူတွေရဲ့ သတ်မှတ်ချက်တွေ ကျနော် လက်မခံတော့ဘူး။
တခါတလေ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်တယ်။ အဲ့ဒီအခါ ဘာတွေ့လဲဆိုတော့ ကျနော်တို့ ဘဝတလျှောက် အမှားတွေ အများကြီး လုပ်ခဲ့တာကိုတွေ့တယ်။ အမှားကြီးတာလည်း လုပ်ခဲ့ဖူးသလို အမှားသေးသေးမွှားမွှားတွေလည်း ကျနော် လုပ်ခဲ့ဖူးတယ်။ ရေတွက်လို့တောင်မရဘူး။ လူငယ်တွေဆိုတာလည်း မှားမှာပဲလေ။
ကျနော့်အနေနဲ့ လူငယ်တွေကို မှားမှာကို မကြောက်စေချင်ဘူး။ မှားမှာပဲ။ မှားရင်တော့ ပတ်ဝန်းကျင်က လက်ညိုးထိုးမယ်။ မေးငေါ့မယ်။ အပြစ်ပြောမယ်။ ဒါပေမယ့် တခုပဲ။ အဲဒီအမှားထဲကနေ သင်ခန်းစာတခုခုရခဲ့ဖို့ပဲ။ အဲ့ဒီသင်ခန်းစာ ရပြီး သွားလို့လည်း နောက်ထပ်မမှားတော့ဘူးလို့ ကျနော်မပြောဘူး။ မှားချင်လည်း ထပ်မှားနေဦးမှာပဲ။ ဒါပေမယ့် အဲ့ဒီ မှားခဲ့တဲ့အကြိမ်အရေအတွက်တိုင်းမှာ သင်ခန်းစာတခုခု ရခဲ့ရမယ်။ အဲ့ဒီသင်ခန်းစာတွေကနေ နောက်ပိုင်းမှာ အမှား နည်းလာမယ်လို့ ကျနော် မြင်တယ်။ ပြီးတော့ နောက်ထပ်လူငယ်တွေကိုလည်း ကျနော်တို့ ပြန်ချပြလို့ရမယ်။ ဥပမာ- မင်းဒါတော့ မလုပ်နဲ့ကွာ၊ အဲဒီတုန်းက ငါတို့ ဘယ်လိုမှားခဲ့တာ ဆိုတာမျိုးပေါ့။
အမည် = ကိုကျော်သူအောင်
အသက် = ၂၅နှစ် (ရူပဗေဒ အဝေးသင် ပထမနှစ်၊ ဒဂုံတက္ကသိုလ်)