မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ MPT ဟာ စမတ်ဖုန်းမော်ဒယ်လ်နှစ်မျိုးဖြစ်တဲ့ M40 နဲ့ M50 တို့ကို ထုတ်လုပ်လိုက်တဲ့အကြောင်း မိတ်ဆက်ပွဲကို ဒီကနေ့ မနက် ၁၀နာရီက ရန်ကုန်မြို့ NOVOTAL Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
သုံးစွဲသူတွေအနေနဲ့ M40 စမတ်ဖုန်းကို မြန်မာကျပ်ငွေ ၃၂၀၀၀(သုံးသောင်းနှစ်ထောင်ကျပ်) ဖြင့် ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပြီး ၎င်း Handset ဝယ်ယူသူတွေဟာ လစဉ်သုံး ဒေတာအပိုဆု 777 MB ကို ၆ လစာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ M40 ဟာ 4.0 WVGA touchscreen မျက်နှာပြင်နဲ့ Quad Core 512 MB RAM ပါရှိတဲ့ စမတ်ဖုန်းအမျိုးအစားဖြစ်ပါတယ်။
M50 ကိုတော့ မြန်မာငွေကျပ် ၉၉၀၀၀(ကိုးသောင်းကိုးထောင်ကျပ်) ဖြင့် ရောင်းချသွားမှာဖြစ်ပြီး MPT နံပါတ်အလှ ဆင်းမ်ကတ်တကတ် ရရှိမှာ ဖြစ်ပါတယ်။ ဖုန်းဘေလ်အနည်းဆုံး ၃၀၀၀ကျပ် ဖြည့်သွင်းပြီး လစဉ်သုံး ဒေတာအပိုဆု 2.5GB ကို ၆လစာ ရရှိှမှာလည်း ဖြစ်ပါတယ်။ M 50 ရဲ့ဖုန်းမျက်နှာပြင်မှာ ၅ လက်မအကျယ်ရှိပြီး 2.5D Curved glass HD touchscreen display အမျိုးအစားဖြစ်ပါတယ်။
စမတ်ဖုန်းနှစ်မျိုးလုံးအတွက် အာမခံ ၁ နှစ် ပါဝင်ပြီး ချို့ယွင်းပျက်စီးသွားသော ဖုန်းတွေအတွက် ပြုပြင်ပေးနိုင်တဲ့ Service Center ၁၈ ခုနဲ့ Service Center များဆီသို့ တာဝန်ယူ ပို့ဆောင်ပေးနိုင်တဲ့ Collection points ၁၀၄ ခု တို့ကိုလည်း မြန်မာနိုင်ငံအနှံ့ ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖုန်းနှစ်မျိုးလုံးအတွက် ဆီလီကွန်ကာဗာ၊ Screen Protector, Earphone တို့ ပါဝင်မှာပါ။
ဖုန်းဆင်းမ်ကတ်များကို အသုံးပြုရာမှာတော့ စမတ်ဖုန်း ၂ မျိုးလုံးဟာ Dual Sim ဖြစ်တဲ့အတွက် Sim Slot 1 မှာ MPT ဆင်းမ်ကတ်ကို ထည့်သွင်း အသုံးပြုမှသာ ကောင်းမွန်တဲ့ 3G အင်တာနက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Sim Slot 2 မှာတော့ မိမိနှစ်သက်ရာ ဆင်းမ်ကတ်အမျိုးအစားကို ထည့်သွင်းအသုံးပြုနိုင်ပေမယ့် အင်တာနက်သုံးမယ်ဆိုရင်တော့ 2G သာ သုံးလို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီစမတ်ဖုန်းတွေကို MPT အမှတ်တံဆိပ်ဆိုင်များ၊ Bestone ဖုန်းဆိုင်များနဲ့ နီးစပ်ရာ အရောင်းဆိုင်တွေမှာ ယခု စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်ပြီး ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။