ဖိလစ်ပိုင်-မြန်မာ ချစ်ကြည်ရေး နှစ်နိုင်ငံဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေနဲ့ Passion For Fashion လို့ အမည်ပေးထားတဲ့ ဖက်ရှင်ဒီဇိုင်းပြပွဲကို ယခုလာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး အဲ့ဒီ ဖက်ရှင်ပြပွဲ မှာ မြန်မာနိုင်ငံမှ နာမည်ကြီး ဒီဇိုင်နာများနဲ့ ဖိလစ်ပိုင်က နာမည်ကြီး ဒီဇိုင်နာများက ပါဝင်ပြသသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဖက်ရှင်ဒီဇိုင်းပြပွဲရဲ့ စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။
Passion For Fashion ပြပွဲမှာ မြန်မာနိုင်ငံမှ နာမည်ကြီး ဒီဇိုင်နာ ၆ ဦးက ပါဝင်ပြသကြမှာဖြစ်ပါတယ်။ အဆိုပါ ဒီဇီုင်နာ ၆ ဦးကတော့ ဒီဇိုင်နာမမဉ္ဇူ၊ ဒီဇိုင်နာလတ်လတ်၊ ဒီဇိုင်နာပြည်စိုးအောင်၊ ဒီဇိုင်နာကောင်းမြတ်၊ ဒီဇိုင်နာမပုံ့ ၊ ဒီဇိုင်နာ သွင်စုထွေး တို့ဖြစ်ပြီး တယောက်ကို ဝတ်စုံ ၄ စုံစီ ပြသကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ဒီဇိုင်နာများအနေနဲ့ မြန်မာရိုးရာယဉ်ကျေးမှုကို အခြေခံတဲ့ ဝတ်စုံများကို ချုပ်လုပ်ပြသကြမှာဖြစ်ပြီး Traditional၊ Modern/Contemporary နှင့် High fashion ဆိုပြီး အဓိကကဏ္ဍသုံးမျိုး ခွဲကာ မြန်မာနှင့်ဖိလစ်ပိုင် ဒီဇိုင်နာများရဲ့လက်ရာများကို ထုတ်ဖော် ပြသသွားမှာဖြစ်ပါတယ်။
အဲ့ဒီ ဖက်ရှင်ပြပွဲက ရရှိလာတဲ့ အကျိုးအမြတ်များကို ရန်ကုန်ဆေးရုံကြီးကို လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။
Passion For Fashion ဒီဇိုင်းပြပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ညစာစားပွဲနဲ့အတူ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လက်မှတ်တစောင်လျှင် အမေရိကန်ဒေါ်လာ ၆၀ သတ်မှတ်ကာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။