တောင်ကိုရီးယား ရုပ်ရှင်ကောင်စီ (KFC) မှနေပြီး လာမယ့်၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မယ့် ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် နိုင်ငံခြားရုပ်ရှင် အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့သို့ တောင်ကိုရီးယားရုပ်ရှင် ဇာတ်ကားဖြစ်တဲ့ The Age of Shadows ရုပ်ရှင်ကို အမည်တင်သွင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
The Age of Shadows ရုပ်ရှင်ဇာတ်ကားကို တောင်ကိုရီးယားရုပ်ရှင်ဒါရိုက်တာ ဂင်ဂျေဝမ်းက ရိုက်ကူးထားခြင်းဖြစ်ကာ အဓိကသရုပ်ဆောင်များအဖြစ် ဆောင်ကွမ်ဟို၊ ဂေါင်ယိုး၊ ဟန်ဂျီမင်းတို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး လီဗြောင်ဟွန်းက ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

KFC မှနေပြီး “The Age of Shadow” ရုပ်ရှင်ကို ရွေးချယ်ရခြင်းနဲ့ ပတ်သက်လို့ “ဒီရုပ်ရှင်ဟာ ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကို အကောင်းဆုံးပုံဖော်နိုင်ခဲ့သလို ရသခံစားမှုမှာလည်း အထွတ်အထိပ်ကိုရောက်ရှိအောင် ဒါရိုက်တာနှင့် သရုပ်ဆောင်များအားလုံးက လက်တွဲညီညီ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတိုင်းမှာ တွေ့မြင် နိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာသို့ ရုပ်ရှင်ဖြန့်ချိရေးနှင့် ဈေးကွက်ရှာဖွေရေးမှာလည်း အမြင့်မားဆုံး လုပ်ဆောင်နိုင် လိမ့်မယ်လို့ မျှော်လင့်ထားခြင်းကြောင့် ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
နှစ်စဉ်နှစ်တိုင်းမှာ KFC မှနေပြီး အော်စကာဆုရွေးချယ်ရေးအဖွဲ့သို့ တောင်ကိုရီးယားရုပ်ရှင်များကို ရွေးချယ်ပြီး အမည်စာရင်းတင်သွင်းလေ့ရှိပါတယ်။

ဒီနှစ်အတွက် ရွေးချယ်ခဲ့ရာမှာတော့ KFC အနေနဲ့ ထုတ်လုပ် ရိုက်ကူးရေးအပိုင်းကိုလည်း ဆုံးဖြတ်ခဲ့သလို အနုပညာဖန်တီးတီထွင်နိုင်မှု၊ ရသခံစားနိုင်မှု၊ နိုင်ငံတကာဈေးကွက်သို့ ဖြန့်ချိနိုင်မှု စတဲ့ အချက်များကို အဓိကထား ရွေးချယ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
The Age of Shadows ရုပ်ရှင်ဇာတ်ကားဟာ ၁၉၂၀ ခုနှစ် ဝန်းကျင်ခန့်က ကိုရီးယားကျွန်းဆွယ်ဟာ ဂျပန်ရဲ့ကိုလိုနီဘဝသို့ ကျရောက်ခဲ့စဉ်ကာလကို အဓိကတင်ပြထားပြီး ဂျပန်ရဲ့ ကိုလိုနီ စည်းမျဉ်းစည်းကမ်းအောက်မှာ ကိုရီးယား နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့ ခံယူချက်များ၊ လှုပ်ရှားမှုများကို မီးမောင်းထိုး တင်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။
ဂျပန်ရဲအရာရှိများအတွက် ကိုရီးယားလူမျိုး စုံစမ်းရေးမှူးလီဂျောင်ချောအဖြစ် The Host ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကြီး ခဲ့တဲ့ ဆောင်ကွမ်ဟိုက သရုပ်ဆောင်ထားပြီး ကိုရီးယားနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဂင်ဝူးဂျင်အဖြစ် Train to Busan ရုပ်ရှင်ဖြင့် လတ်တလော အောင်မြင်မှုတွေ ရရှိနေတဲ့ ဂေါင်ယိုးက အဓိကပါဝင်ထားကာ အမျိုးသမီး နိုင်ငံရေးတက်ကြွသူ ဂယ်ဆွန်းအဖြစ် ဟန်ဂျီမင်းက သရုပ်ဆောင်ထားပါတယ်။
ဒါ့အပြင် ကိုရီးယားထိပ်တန်းသရုပ်ဆောင် လီဗြောင်ဟွန်းကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့် ထားပါသေးတယ်။ The Age of Sahadows ရုပ်ရှင်ကို ကိုရီးယားနိုင်ငံတွင် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး ရုံတင်ပြသမယ်လို့ သိရပါတယ်။
Ref: http://www.koreatimesus.com