ဒီတပတ်ရုံတင်လာတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ “အနူးဘစ်” လို့ ထူးထူးခြားခြား အမည်ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားရဲ့အမည် “အနူးဘစ်” ဆိုတဲ့ အဓိပ္ပာယ်က မရဏကူးတို့သမားအဖြစ် ရည်ညွန်းခံရတဲ့နတ်ဘုရားဖြစ်ပြီး ကြည့်ရှူသူ ပရိသတ်ကို ရသတမျိုးပေးစွမ်းမယ့် ရုပ်ရှင်ကားကြီးတကားလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးသူက ဒါရိုက်တာလူမင်းဖြစ်ပြီး ဇာတ်ကားထဲမှာ လူမင်းနဲ့အတူ နေတိုး၊ ဝတ်မှုံရွှေရည်၊ ရွှေမှုံရတီ တို့က အဓိကခေါင်းဆောင်ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ နေတိုးက နယ်က တက်လာပြီး ကားအလှပစ္စည်းဆိုင်ဖွင့်ထားတဲ့ ခပ်အေးအေးနေတတ်တဲ့ လူငယ်တဦးဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့အဘွားဖြစ်သူူက ပရလောကနဲ့ ဆက်သွယ်လို့ရတဲ့ သူတယောက်ဖြစ်ကာ အဘွားဖြစ်သူ မသေဆုံးမီမှာ နေတိုးကို ပရလောကနဲ့ဆက်သွယ်နိုင်တဲ့စွမ်းအင်မျိုးကို လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ အဲ့ဒီမှာ နေတိုးဟာ သေခြင်းတရားနဲ့ပတ်သက်ပြီး ပရလောကကို မကြာခဏဆိုသလို မြင်နိုင်တဲ့သူတဦး ဖြစ်လာပါတော့တယ်။
ပိုက်ဆံရှိအသိုင်းအဝိုင်းမှာ သားသမီးများရဲ့ ပြိုင်ကားမောင်းပြိုင်ပွဲတခုတွင် ကားပေါ်မှာ ဖြစ်ပျက်လာမယ့် သေခြင်းတရားကို တွေ့မြင်လိုက်ရလို့ တားမြစ်ခဲ့တဲ့ နေတိုးကို တခြားသူများက လက်မခံဘဲ ပြိုင်ခဲ့တဲ့အတွက် ပြိုင်ကားမှောက်ကာ ကားပေါ်က လူငယ်တဦး သေဆုံးသွားပါတော့တယ်။ အဲ့ဒီပြိုင်ကားမောင်းပွဲမှာ နေတိုးပြောနေတုန်း စောင့်ကြည့်နေခဲ့တဲ့ ဝတ်မှုံရွှေရည်ကတော့ နေတိုးပြောခဲ့တဲ့ စကားတွေကို ယုံကြည်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နောက်ထပ် ကားတစီးပေါ်မှာလည်း သေခြင်းတရားတချို့ကို ထပ်မံ မြင်တွေ့ရပြန်ပါတယ်။ အဲ့ဒါကတော့ မြန်မာနိုင်ငံရဲ့ ချမ်းသာတဲ့ စာရင်းဝင် သူဌေးကြီးတဦးဖြစ်တဲ့ လူမင်းရဲ့သမီး ရွှေမှုံရတီရဲ့ ကားပေါ်မှာပဲဖြစ်ပါတယ်။ ဒါကို နေတိုးနဲ့ ဝတ်မှုံရွှေရည် တို့က လိုက်တားကြပါတော့တယ်။ အဲ့ဒီမှာ သေခြင်းတရား ဆီကနေ ရွှေမှုံရတီကို ကယ်တင်နိုင်မလား၊ ဝတ်မှုံရွှေရည်ကရော ဘာကြောင့် နေတိုးကို ယုံကြည်ပြီး ကူညီပေးခဲ့တယ် ဆိုတာ ဇာတ်လမ်းရဲ့အဆုံးမှာ အဖြေကိုတွေ့ရမှာ ဖြစ်ပါတယ်။
ဇာတ်ကားအမည်က အီဂျစ်နတ်ဘုရားရဲ့အမည်နာမဖြစ်လို့ မြန်မာစကားထဲမှာ မရှိတဲ့အတွက် အတုခိုးထားတယ်ဆိုပြီး ဝေဖန်သံတွေရှိနေပေမယ့် ဒီ ဇာတ်ကားရဲ့ ကင်မရာရိုက်ချက်၊ Effect တွေထည့်ထားတာကတော့ တခြား မြန်မာ ဇာတ်ကားတွေနဲ့မတူဘဲ တမူထူးခြားနေမှာတော့ အမှန်ပါ။
ဧည့်သည်သရုပ်ဆောင်အဖြစ် မြင့်မြတ်၊ရာဇာနေဝင်း၊နန်းခင်ဇေယျာနဲ့ Snare တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ “အနူးဘစ်” ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၉ ရက်နေ့မှာ စတင်ပြီး ရန်ကုန်မြို့ သမ္မတ၊သွင်၊မင်္ဂလာအစရှိတဲ့ ရုပ်ရှင်ရုံကြီးများမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။