သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာ လတ်တလောမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူတွဲဖက် သရုပ်ဆောင်မယ့် “ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ဆိုတဲ့ အင်းလေးနောက်ခံရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ အင်းလေးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ အတွဲညီညီသရုပ်ဆောင်ပြီး ကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေမှာ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်အတွက် ဒီဇာတ်ကားကြီးက စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက်ပြီး တကျော့ပြန် ပြန်လည်ရိုက်ကူးလာတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။
ဒီ ဇာတ်ကားမှာ ဝတ်မှုံရွှေရည်က အင်းလေးသူအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး ရှမ်းပြည်နယ် အင်းလေးဒေသမှာ ပထမဆုံးအကြိမ် ရုပ်ရှင်ဇာတ်ကားသွားရောက်ရိုက်ကူးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ ပါဝင်ရိုက်ကူးကြမယ့် အတတ်ပညာရှင်များကလည်း နိုင်ငံတကာက ပညာရှင်များဖြစ်တဲ့ အတွက်ကြောင့်မို့ စိတ်ဝင်စားပြီး လက်ခံရိုက်ကူးဖြစ််တယ်လို့လည်း သူကပြောပါတယ်။
“ဒီ ဇာတ်ကားလေးရိုက်ကူးတဲ့အခါ တခြား စိုးရိမ်မှုတွေတော့ မရှိပါဘူး။ တခုပါပဲ။ ရုပ်ရှင်ကားကြီးတကားအနေနဲ့ ရိုက်ရက်အတွင်းတော့ ဝင်ပါ့မလား ဒါလေးတခုတော့ ရှိပါတယ်။ ကျန်တာတော့ စိုးရိမ်မှုမရှိပါဘူး”လို့ ဝတ်မှုံရွှေရည်က ဧရာဝတီကို ပြောပါတယ်။
ဒီနှစ်အတောအတွင်းမှာ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးဖြစ်နေတဲ့ ဝတ်မှုံရွှေရည်အတွက် ဒီ ဇာတ်ကားဟာ ယခုနှစ်အတွက် ၇ ကားမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တယ်လို့လည်း သိရပါတယ်။
အချစ်ရေးနဲ့ပတ်သက်ပြီး ချစ်သူရဲ့ပန်းတစ်ပွင့်ဖြစ်ခဲ့ရင် ဘယ်လိုပန်းမျိုးဖြစ်ချင်လဲလို့ ဧရာဝတီရဲ့မေးမြန်းမှုကို ဝတ်မှုံရွှေရည်က “အဲဒါက ဘယ်လိုပြောရမလဲ။ အဲဒီအတွက် ဦးနှောက်က အလုုပ်မလုပ်သေးဘူးလေ။ ပန်းတစ်ပွင့်နဲ့ ဆိုရင်တော့ ညီမက လီလီပန်းတော့ ကြိုက်ပါတယ်။ ဒါက ကြိုက်တဲ့ပန်းလေးပါ၊ ဖြစ်ချင်တာတော့ မဟုတ်ပါဘူး” လို့ ပြောပြသွားပါတယ်။