အခုဆိုရင် ခေတ်မီလာသလား၊ ဘိုဆန်လာသလား၊ ကမ္ဘာ့ရွာ ဖြစ်လာလို့လား။ ပီဇာ၊ ဘာဂါ၊ စပါဂက်တီစတဲ့ အနောက်တိုင်း အစားအစာတွေ တွင်ကျယ်လာကြသလို ဘေကွန် (Bacon) လို့ခေါ်တဲ့ ဝက်ပေါင်ခြောက်ကိုလည်း နှစ်ခြိုက်စားသုံးသူ တွေရှိလာတာပေါ့။
ဝက်ပေါင်ခြောက်က ကောင်းတယ်၊ ဝက်ပေါင်ခြောက်က မကောင်းဘူး ဆိုတာတွေလည်း ရှိလာတာပေါ့။ အနံ့၊ အရသာ ကောင်းတာကိုတော့ ငြင်းစရာမရှိတာ ဧကန်ပါ။ ဒါပေမယ့် ဝက်ပေါင်ခြောက်က လတ်ဆတ်တဲ့ အသားတွေနဲ့ မတူတာတော့ မေ့ထားလို့ မဖြစ်ပါဘူး။
အသားကို ကျပ်တင်၊ ဆားထည့် စတဲ့ ပြုပြင်မှုအဆင့်ဆင့် ကျော်ဖြတ်ရတာ မဟုတ်လား။ အဲဒီလို လုပ်တဲ့အခါမျိုးမှာ ဆားတမျိုးဖြစ်တဲ့ နိုက်ထရိုက် (Nitrite) ကို သုံးရပါတယ်။ ဒီဆားဓာတ်က ဟင်းသီးဟင်းရွက်တွေမှာ နိုက်ထရိတ် အဖြစ် ပါဝင်ပြီး ဝါးလိုက်တဲ့အခါ နိုက်ထရိုက်အဖြစ် ပြောင်းတာပါ။
အဲဒီ နိုက်ထရိုက်က အသားကို တာရှည်ခံစေ၊ ဘက်တီးရီးယားပိုးတွေ သေစေသလို အနံ့၊ အရသာလည်း တိုးစေပါသတဲ့။ ဒါပေမယ့် သွေးကြောတွေ ထိခိုက်စေပြီး လေဖြတ်တာမျိုးဖြစ်ဖို့ အခွင့်အလမ်းများတယ်လို့ ဆိုပါတယ်။
ဝက်ပေါင်ခြောက် ချစ်သူတွေအတွက် သတင်းကောင်းမဟုတ်
ဝက်ပေါင်ခြောက်လို ပြုပြင်စီမံထားတဲ့ အသားတွေက ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲ ပါဝင်နေပါတယ်။ အသားလတ်လတ် Red meat စာရင်းဝင်တဲ့ ဝက်သားရိုးရိုးတောင်မှ ပန်ကရိယနဲ့ ဆီးကျိတ်ကင်ဆာတွေမှာ ဆက်နွယ်နေတာပါ။ ဝက်ပေါင်ခြောက်ကို ကြက်ဥတွေ၊ ထောပတ်တွေနဲ့ ရောစားတာမျိုးဆို ပိုဆိုးပါသတဲ့။
အရောလေးတွေနဲ့ စား
အန္တရာယ်လျော့စေဖို့ ဝက်ပေါင်ခြောက်နဲ့ တွဲစားသင့်တာလေးတွေတော့ ရှိပါသတဲ့။ ဗီတာမင်စီပါဝင်တဲ့ လိမ္မော်၊ သံပုရာ၊ နာနတ်၊ ကီဝီစတဲ့ အသီးတွေ၊ ဖျော်ရည်တွေနဲ့ ဆလတ်ရွက်လို၊ ခရမ်းချဉ်သီးလို ဟင်းသီးဟင်းရွက်တွေ ရောစွက် စားသင့်ပါသတဲ့။
မစားရတော့ဘူးလား
ဒီလို အရသာကောင်းတဲ့ ဝက်ပေါင်ခြောက်ကို လုံးဝ မစားရဘူးဆိုရင်လည်း ဝမ်းနည်းစရာပေါ့။ ဒါပေမယ့် ဘေကွန်မှာ ကောင်းမွန်တဲ့ သံလွင်ဆီလို အိုမီဂါ-၃ အဆီတွေသုံးပြီး လုပ်ထားတာမျိုးကတော့ ကောင်းတယ်လို့ ဆိုရမှာမျိုးပါ။ ဒါပေမယ့်လည်း ပြည့်ဝဆီခေါ်တဲ့ မကောင်းတဲ့အဆီတွေ ပါဝင်တာကလည်း များနေပြန်ပါတယ်။
အဲဒါကြောင့် စားတဲ့အခါ ဝက်ပေါင်ခြောက်မှာ အဆီလုံးဝ မပါဝင်တဲ့ အသားကို စားဖို့၊ နံနက်မှာ စားမိတာများနေရင် ကျန်တဲ့ တနေ့တာ အစားအသောက်မှာ အသီးအရွက်တွေသာ များသည်ထက်များအောင် စားသုံးပြီး ပြန်လည် ဖြေလျှော့ပေးရပါတယ်လို့ ဆိုပါတယ်။
ဖြစ်နိုင်ရင် နည်းနည်းလေးသာ အာသာပြေစားသုံးသင့်တဲ့ အစာအဖြစ် သတ်မှတ်ထားသင့်တယ် ဆိုတာကို သတိပေး လိုက်ပါတယ်။