၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲနဲ့ ပတ်သက်ပြီး စာနယ်ဇင်းများနဲ့ တွေ့ဆုံရှင်းလင်းတဲ့ အခမ်းအနားကို ယနေ့ ပြုလုပ်ခဲ့ပါတယ်။
ဒီ အခမ်းအနားမှာ ရုပ်ရှင်အစည်းအရုံးရဲ့နာယကများဖြစ်ကြတဲ့ ဦးနှင်းမိုး၊ ဒါရိုက်တာ ကြည်စိုးထွန်းနဲ့ ဖိတ်ကြားထားတဲ့ ဦးဘိုကလေးတင့်အောင်တို့က တက်ရောက်ခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ချီးမြင့်ပေးမယ့် အကယ်ဒမီဆုနဲ့ ပတ်သက်ပြီး ဇာတ်ကားများကို နို၀င်ဘာလနောက်ဆုံးပတ်ထားကာ လက်ခံသွားမှာဖြစ်ပြီး အကယ်ဒမီပေးပွဲကိုတော့ ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပဖို့ ရည်ရွယ်ထားကြောင်း ရှင်းပြပါတယ်။
ဒါ့အပြင် လတ်တလော Facebook လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား အကယ်ဒမီ စာရင်းမဝင်ဘူးဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီးတော့လည်း ဒါရိုက်တာ ဦးကြည်စိုးထွန်းက “ကျနော်တို့ပြောချင်တာက အခုက ဇာတ်ကားတကားနဲ့ ပတ်သက်ပြီး ကျနော်တို့ပယ်တယ်ဆိုပြီးတော့လေ။ Fcaebook မှာက ဘယ်သူပဲဖြစ်ဖြစ် ရေးတင်ချင်တာ တင်နေကြတာလေ။ အဲဒါကို သွားပြီးအတည်ပြုလို့ မရပါဘူး။ Facebook ကိုကြည့်ရင် ကျနော်တို့လည်း စဉ်းစားပြီးမှ လက်ခံရပါတယ်။ သေချာဟုတ်နိုင်တယ်၊ မဟုတ်နိုင်ဘူးဆိုတာကို ကိုယ့်အတွေးနဲ့ ကိုယ်လက်ခံရတယ်။ ဇွတ်လက်ခံလို့မရဘူး။ အတည်ယူလို့မရဘူး။ Facebook မှာ ကိုယ်လိုချင်တာတွေ ကိုယ် ဆွဲပြောနေတာတွေကို ကျနော်တို့ နည်းနည်းစိတ်ပူရတယ်။ အခု မကြာခင်က ပျံ့လာတယ်။ ကျနော်တို့က ဇာတ်ကားတကားကို ပယ်တယ်ဆိုပြီး ကျနော်တို့က ဘာမှမသိရသေးပါဘူး။ အခုမှစတုန်းရှိပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင့် ဇာတ်ကားများမှာ ပါ၀င်ရိုက်ကူး သရုပ်ဆောင်ထားသူများအနေနဲ့ အကဲဖြတ်အဖွဲ့မှာပါ၀င်မှာ မဟုတ်ကြောင်း ကိုလည်း ဦးနှင်းမိုးက ပြောကြားခဲ့ပါတယ်။ ဒီနှစ်မှာ ဇာတ်ပို့၊ ဇာတ်ဆောင် ခွဲခြားပြီး အကယ်ဒမီပေးမှုအပေါ် အကဲဖြတ်များအနေနဲ့ ညှိနှိုင်းဆုံးဖြတ်ပေးသွားမယ်လို့လည်း သိရပါတယ်။
ရုပ်ရှင်ထူးချွန်ဆုချီးမြင့်ရေး နာယကအဖွဲ့ဝင်များအဖြစ် ဦးဘိုကလေးတင့််အောင်၊ ဦးစိန်တင်၊ ဦးညွန့်ဝင်း၊ ဦးအောင်မြင့်မြတ်၊ ပန်းချီစိုးမိုး တို့နဲ့ ဖွဲ့စည်းထားပြီး ဗဟိုစီမံခန့်ခွဲရေး ကော်မတီဝင်များအဖြစ် ဦးနှင်းမိုး၊ ဦးကြည်စိုးထွန်း၊ ဦးအောင်လွင်၊ ဦးဌေးအောင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအေးကြူလေး၊ ဦးဇော်မင်း(မင်္ဂလာ)၊ ဦးဘုန်းမော်၊ ဦးလူမင်းတို့နဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲနဲ့အတူ ဒါရိုက်တာ ရ ဦး၊ သရုပ်ဆောင် ၅ ဦး၊ ဓာတ်ပုံပညာရှင် ၅ ဦး၊ အသံပညာရှင် ၅ ဦး၊ ဇာတ်ညွှန်းပညာရှင် ၅ ဦး၊ တေးဂီတပညာရှင် ၅ ဦး၊ တည်းဖြတ်ပညာရှင် ၅ ဦး နဲ့စာရေးဆရာများ ၅ ဦး စုစုပေါင်း ၄၂ ဦးတို့က ပါ၀င်ရွေးချယ်ပေးကြမယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ရုံတင်မယ့် ဇာတ်ကားပေါင်း ၂၀ ကျော်ခန့် အကြမ်းဖျင်းအားဖြင့် ရှိတယ်လို့လည်း သိရပါတယ်။