“မင်းက ဂုဏ်မောက်တယ် ပေါ့၊ မင်းကာ မာန်ဝင့်တယ် ပေါ့၊ မင်းက ငါတို့ကို လွှမ်းမိုးချုပ်ကိုင်ထားမယ် ပေါ့။ အေး ဒီနေ့က စပြီး အဲ့ဒါတွေ အားလုံးကို နိဂုံးချုပ်သွားပြီ မှတ်လိုက်ပေတော့”
ကျောက်တောင်မြင့်မြင့်သို့ ရှေ့ရှုလျက် လူငယ်လေးတဦး ကြုံးဝါးစိန်ခေါ်နေခြင်း ဖြစ်သည်။ ကြေကွဲခြင်းလည်း ရှိ၏၊ နာကျင်ခြင်းလည်း ရှိ၏။ အမူအယာ၌ ဒေါမာန်ပြင်းပြလည်း ထင်ရှား၏။ နာလိုခံခက် အမျက်ထွက်ခြင်းလည်း ပီပြင်၏။ ရတတ်သမျှ ကျောက်ခဲတို့ကို ကောက်ယူ၍ ကျောက်တောင်ဆီသို့ ပစ်ခတ်နေသည်မှာ မုန်းမုန်းငြိုးငြိုး။
“မင်းက ငါ့ဘဝတခုလုံးကို ဖျက်ဆီးလိုက်တာပဲ၊ မင်းကို ငါချေမှုန်းပြမယ် ကွ” ဟုအော်ဟစ်ရင်း ရှိုက်ကြီးတငင် ငိုချ လိုက်လေသည်။ ထိုမြင်ကွင်းကို တွေ့ရသော ရွာသားအပေါင်းတို့သည် “ဒါရှတ်မာဂျီ” တယောက် သွင်သွင် ရူးချေပြီ ဟု ယူဆကြ၏။ ထိုနေ့ ထိုရက်မှ စတင်ကာ ထိုကျောက်တောင်ကို နှစ်ပေါင်း ၂၂ နှစ်တိုင် ထိုလူငယ်ကလေး ဖြိုခွင်းနေ သည်ကို နေ့စဉ်တွေ့မြင်ရသောအခါ ရူးချေပြီ ဟူသော အယူအဆသည်၊ ခိုင်မာသော ယုံကြည်ချက် တရပ်အဖြစ် ပြောင်းလဲ သွားတော့၏။
စင်စစ်မူ ဒါရှတ်သည် သာမန် ကျေးတောသားကလေး မျှသာ ဖြစ်၏။ ဇာတ်နိမ့်မိသားစုမှ မွေးဖွားလာသဖြင့် အနှိမ်ခံ၊ အပယ်ခံဆိုသည်မှာ ဒါရှတ်၏ ဖွားတော်ဘက်ဖြစ်၍ ပညာမဲ့ခြင်းနှင့် ဆင်းရဲခြင်းသည်သာ အဆွေခင်ပွန်း ဖြစ်နေသည်မှာ မဆန်းကြယ်လှချေ။
သို့သော် သူတို့ “ဂယ်လို” ကျေးရွာ သူကြီးမှာ ဇာတ်မြင့် မြေရှင်တဦး ဖြစ်၏။ သူ့ငွေ၊ သူ့မြေဖြင့် တရွာလုံး မကင်းနိုင် သည်မို့ သူကြီးသြဇာမှာ တရွာလုံး၌ စူးစူးရှရှ၊ သူကြီး၏ အကြွေးကို မပေးဆပ်နိုင်သောကြောင့် ဖခင်သည် သူ့ကို သူကြီးထံ၌ အပေါင်ထားရ၏။ ထိုဖြစ်ရပ်ကို ဒါရှတ် အလိုမတူနိုင်၊ ထိုအခိုက်အတန့်မှာပင် သူကြီးထံမှ ၎င်း ထွက်ပြေးကာ သူ့ဘဝကို ဇာတ်မြှုပ်လိုက်လေသည်။ ထိုစဉ်က ဒါရှတ် ကလေးမျှသာ ရှိသေးသည်။
တခုသောနေ့တွင် ဒါရှတ်တယောက် ရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုအချိန်၌ သူ လူလားမြောက်ခဲ့ပြီ ဖြစ်၏။ ဒါရှတ် လူလားမြောက်လာသည့်တိုင်၊ သူ့ရွာမှာ လူလား မမြောက်နိုင်သေး၊ ယခုထက်တိုင် ဆင်းရဲခြင်းမှ ကင်းကွာနိုင်ခြင်း မရှိ၊ ပညာဉာဏ်အလင်း ထွန်းလင်းနိုင်ခြင်း မရှိ၊ အရောဂျံ သုခဖြင့် ပြည့်စုံနိုင်ခြင်း မရှိ၊ စာသင်ကျောင်း မရှိ၊ ဆေးပေးခန်း မရှိ၊ ထိုကျောက်တောင်၏ တဖက်ရှိ ဝဇီရာမြို့သို့ ရွာမှ ၄ မိုင်မျှ သာဝေး၏။
ကားလမ်းမှာ ကျောက်တောင်ကို ကွေ့ကောက်ဖောက်ထားသဖြင့် မိုင် ၄၀ မျှ ရှည်လျား၏။ အိန္ဒိယပြည်၏ လွတ်လပ်ရေးသည် လည်းကောင်း၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှု ပယ်ဖျက်ခြင်းသည် လည်းကောင်း၊ ထိုကျောက်တောင်ကို ကျော်၍ ရွာဆီသို့ မလာ၊ မရောက်၊ အရာခပ်သိမ်း ပြောင်းလဲနေသည့်တိုင် သူ့ရွာသည် မပြောင်းလဲခြင်း၌ မြဲမြံလျက် ရှိနေဆဲ။
ရွာအပြန်ခရီးတွင် ဝဇီရာမြို့၌ တွေ့ခဲ့ရသော မိန်းကလေးကြောင့် သူစိတ်လှုပ်ရှားခဲ့ရသည်။ ထိုမိန်းကလေးသည် သူတို့ အစဉ်အလာအရ သူငယ်စဉ်က ဝက် ၅ ကောင် အရက်ပုလင်း ၃၀ နှင့် မင်္ဂလာကြေးတင်ကာ လက်ထပ်ခဲ့သော သူ့ဇနီးမှန်း သိရလျှင် ပိုမို စိတ်လှုပ်ရှားရ၏။
ယခုမူ မိန်းကလေး၏ မိဘတို့က သူ့နှင့် သဘောမတူတော့၊ တခြားသူတဦးနှင့် လက်ထပ်ပေးသည့် နေ့တွင် မိန်းကလေးကို ခိုးယူ၍ ထွက်ပြေးခဲ့ရသည်။ သို့တိုင် ဘဝ၌ အပြောင်းအလဲ ကြီးကြီးမားမားမရှိ၊ သားဦးရလာသည့်တိုင် ဘဝသည် ငြိမ်ငြိမ်သက်သက်။
ကျောက်တောင်အနီးရှိ လယ်၌ သူ အလုပ် လုပ်ရ၏။ ဇနီးက တောင်စွယ်ကို ဖြတ်လျက်နေစဉ် ထမင်းပို့ရလေ့ ရှိ၏။ ထိုတောင်စွယ်မှ ကိုယ်ဝန်အရင့်အမာနှင့် ဇနီး လိမ့်ကျခြင်းသည်၊ ဒါရှတ်ဘ၀ ပျက်ရှာသည့် နေ့တည်း။ တောင်ကို ခက်ခဲစွာ ကျော်ဖြတ်၍ ဝဇီရာဆေးရုံသို့ ရောက်သည့်တိုင် အခါနှောင်းခဲ့ပြီ ဖြစ်သည်။ သမီးလေး၏ အသက်ကို လုယူနိုင်သော်လည်း၊ မိခင်မှာမူ သည်တောင်ကို မကျော်နိုင်ခဲ့ချေ။ ဒါရှတ် တသက် သည်တောင်ကို ကျေနိုင်ပါရိုးလား။
ဒါရှတ်သည် သူ့ဘဝကို ဖျက်ဆီးခဲ့သော ထိုကျောက်တောင်ကို နှစ်ပေါင်း ၂၀ ကျော် ကြာအောင် မပြတ်သော ဇွဲလုံ့လဖြင့် ချေမှုန်းရင်း နောက်ဆုံး အနိုင်ရရှိသွားလေသည်။
ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံ၍ ရိုက်ကူးထားသော Manjhi (The mountain man) ရုပ်ရှင်တွင် ဒါရှတ်မာဂျီ အဖြစ် နဝါဇဒင် ဆစ်ဒီကီ (Nawazuddin Siddiqui) က သရုပ်ဆောင်ထားပြီး ဇနီးသည် အဖြစ် ရာဒီကာ အပ္ပတေး (Radhika Apte) က သရုပ်ဆောင်ထားပါသည်။
ဂယ်လိုရွာသည် ဝဇီရာမြို့လေး အနီးတွင် ရှိ၍ ယင်းမြို့လေးသည် ဂရာ (ဗုဒ္ဓဂရာ) မြို့ အရှေ့ဘက်သို့ မိနစ် ၄၀ ခန့် ကားမောင်းလျှင် ရောက်နိုင်ပြီး ဘီဟာ ပြည်နယ်ထဲတွင် ပါဝင်သည်။ ၁၉၆၀ မှ စတင်ခဲ့သော ထိုလုပ်ငန်းသည် ၁၉၈၃ ခုနှစ်တွင် အလျားပေ ၃၆၀ ပေ၊ အကျယ်ပေ ၃၀ ပေ၊ ဇောက် ၂၅ ပေ ရှိသော တောင်ကြားလမ်းကလေး အဖြစ် ပေါ်ပေါက်လာ၏။ ၂၀၁၅ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော ဖြစ်ရပ်မှန် Manjhi ရုပ်ရှင်ကားကို ဘီဟာပြည်နယ် အစိုးရကလည်း အခွန် ကင်းလွတ်ခွင့် ပြုခဲ့သည်။
မည်သည့် စက်ကိရိယာမျှမပါဘဲ စူး၊ ဆောက်၊ တူ မျှသော တန်ဆာပလာကိုသာ သုံး၍ မည်သူ့အကူအညီမျှ မပါဘဲ၊ ဒါရှတ်တဦးတည်း လက်ချည်းနှင်နှင် ဖောက်ခဲ့သော လမ်းဖြစ်၏။ ဒါရှတ်မာဂျီသည် အသက် ၇၃ နှစ် (၂၀၀၇) အရွယ်တွင် ကွယ်လွန်ခဲ့သည်၊ သူ့ဈာပနာကို ဘီယာပြည်နယ် အစိုးရက ဂုဏ်ပြုအခမ်းအနားဖြင့် ဆောင်ရွက်ပေးခဲ့ သည်။