Kawasakiဆိုတာကတော့ မသိသူ မရှိလောက်အောင် နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ လူသိများတဲ့ အမှတ် တံဆိပ်ပါ။ ဒါပေမယ့် အစီးအရေအတွက် အများကြီးတော့ မစီးကြ၊ မရှိကြဘူးပေါ့။ ဒါကလည်း အိမ်စီး မော်တော်ဆိုင်ကယ်မျိုးတွေ ထုတ်လုပ်မှု မရှိတာကြောင့် စွမ်းဆောင်ရည်မြင့် Sportမော်ဒယ်တွေပဲ ထုတ်လုပ်နေတာကြောင့်ပါ။
ပြည်တွင်း ဈေးကွက်မှာ ၂၀၁၅ခုနှစ် မော်ဒယ်မြင့်ကို အသစ် အနေအထားနဲ့ ဈေးချိုချိုလေး ရနိုင်မယ့် မော်ဒယ် KLX 250နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထုတ်လုပ်မှု အပိုင်းမှာ ၂၀၀၆ခုနှစ်ကတည်းက ထုတ်လုပ်လာတာ ဖြစ်ပြီး သက်တမ်း ၁၀နှစ်ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ DTလို့ လူသိများပေမယ့် နိုင်ငံတကာ သတ် မှတ် ချက်မှာတော့ Dual Porposeလို့ ခေါ်တဲ့ လမ်းကြမ်းသုံး အတွက်ရော မြို့တွင်းစီးဖို့ အတွက်ပါ အဆင်ပြေတဲ့ ဆိုင်ကယ်အမျိုးအစားတန်းဝင် ဖြစ်ပါတယ်။ KLX 250ရဲ့ အောင်မြင်မှုက ဒီမော်ဒယ်နဲ့တင် ရပ်တန့်မသွားသေးဘဲ နောက်ဆက်တွဲ အနေနဲ့ KLR250ပါ ထွက်ရှိထားသေးတာလည်း တွေ့နိုင်ပါတယ်။
အရင်ဆုံး အခု မော်ဒယ်ကို ပြည်တွင်းမှာ လက်ခံနိုင်စရာ အချက်လေး နည်းနည်းလောက် ပြောချင်ပါတယ်။ ဒီနေ့ ပြည်တွင်းမှာ လူကြိုက်အများဆုံး အင်ဂျင် အရွယ်က အိမ်စီးဆိုရင် ၁၂၅စီစီသုံး ဖြစ်ပြီး အလှစီး Sportဆိုရင် ၂၀၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ်တွေကို လက်ခံနေကြပါတယ်။ အခု KLX 250မှာက ၂၅၀ စီစီသုံး အင်ဂျင်ဖြစ်လို့ အရွယ်အစား ဒီလောက် မကြီးမားသလို စွမ်းဆောင်ရည်လည်း သင့်တင့် ကောင်းမွန်နေတာ တချက်က ပြည်တွင်း လမ်းကြောင်းတွေနဲ့ အံကျနေစေတာ ဖြစ်ပါတယ်။
နောက်တချက် ဆီစားနှုန်းပါ၊ အာရှထုတ် မော်ဒယ်ပီပီ ဆီစားနှုန်း အထူးသက်သာတာ တွေ့ရပါတယ်။ ပျမ်းမျှ ဆီတဂါလံကို ၄၃မိုင်လောက်ထိအောင် စီးနင်းနိုင်မှာပါ။ ဒါတင်ပဲလားဆိုတော့ အမြန်နှုန်း မြှင့်တင် မောင်း နှင်နိုင်မှုနဲ့ အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းတွေက တနာရီ မိုင်၆၀အတွက် အချိန် ၅စက္ကန့်ကျော် ကျော် လေးနဲ့ ရောက်မယ့် အပြင် တစ်နာရီ ကီလို ၁၄၄အထိပဲ မောင်းနှင်နိုင်မယ့် အချက်တွေက လူငယ်ကြိုက် ဖြစ်စေနိုင် သလို သူ့ထက် စွမ်းဆောင်ရည်မြင့်တဲ့ မော်ဒယ်တွေနဲ့စာရင် စွမ်းဆောင်ရည်က ပြည်တွင်းက လမ်းအနေအထားမှာ အနေတော် ဖြစ်နေစေတာပဲ ဖြစ်ပါတယ်။
အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက်က ၆ချက်ပါ၊ အင်ဂျင်က 4-Strokeဖြစ်ပြီး Yamahaရဲ့ 2-Stroke တွေထက် 2Tအသုံးပြုရမှု မလိုတော့သလို မီးခိုးလည်း မထွက်တော့ပဲ အင်ဂျင်သံ သိသိသာသာ ငြိမ်သွားပါတယ်။
ဒါပေမယ့် တခု သတိပေးလိုတာကတော့ လူငယ်ကြိုက်ဖြစ်လို့ မြန်နှုန်းမြင့် မောင်းနှင်ခြင်း မပြုလုပ် စေချင်တာဘဲ ဖြစ်ပါတယ်။ တနာရီ မိုင် ၆၂(ကီလိုမီတာ ၁၀၀)ထိအောင် လက်ကိုင်၊ ကိုယ်ထည်နဲ့ အင်ဂျင် သံ အားလုံး တည်ငြိမ်ပေမယ့် အဲဒီထက် ပိုပြီး မြန်လာချိန်မှာတော့ လမ်းကြောင်း အနေအထားကို ထည့်တွက်ရပါလိမ့်မယ်။ မြန်နှုန်းလည်းမြင့်နေချိန်ဖြစ်လို့ လမ်းမကောင်းရင် အမှားမခံနိုင်တဲ့ အနေအထားမှာ မိုင် ၆၀နှုန်းထက် ပိုပြီး မမောင်းတာ အကောင်းဆုံးပါလို့ သတိပေးပါရစေ။ ဈေးကွက်မှာတော့ ၂၀၁၅ခုနှစ်ထုတ် KLX 250ကို အရောင်၄ရောင်ထိအောင် ရွေးချယ်နိုင်တာ တွေ့ရပြီး ပေါက်ဈေး ၇၅သိန်းရှိနေပြီး လူကြိုက်များ အရောင် အနက်၊ အနီမျိုး မဟုတ်ရင် ဈေးနည်းနည်းချိုနိုင်ပါတယ်နော်။