Lifestyle

ဆေးကုသမှုခံယူနေရတဲ့ သရုပ်ဆောင် ဦးမန်းဝင်းကို ငွေကြေးလှူဒါန်းခဲ့တဲ့ မမများအဖွဲ့

ကျောက်ကပ်ရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ သရုပ်ဆောင် ဦးမန်းဝင်းအတွက် သရုပ်ဆောင် မတူး ဦးဆောင်သော မမများအဖွဲ့က လှူဒါန်းငွေများကို စက်တင်ဘာ ၁၈ ရက်နေ့က သွားရောက်လှူဒါန်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဟာသသရုပ်ဆောင်လူရွှင်တော် ဦးမန်းဝင်းဟာ ကျောက်ကပ်ဝေဒနာကြောင့် ကုတင် ၅၀၀ ဆန့်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

ဒီလို လှူဒါန်းမှုနဲ့ပတ်သက်ပြီး မမများအဖွဲ့ရဲ့ တာဝန်ရှိသူ မတူးက “ကျမတို့ မမများအဖွဲ့က ၂၀၀၁ ခုနှစ်ထဲက ဖွဲ့စည်းခဲ့တဲ့ လူမှုရေးအဖွဲ့အစည်းတခုပါ။ အဲဒီထဲက ပထမနှစ်မှာ စ ကခဲ့တဲ့အချိန်က ရခဲ့တဲ့ ငွေကြေးအားလုံးကို လှူဒါန်းမှု လုပ်ခဲ့တာပါ။ နောက်ပိုင်းလဲ တောက်လျှောက်လှူဖြစ်တယ်။ရုပ်ရှင်လောကသားတွေရဲ့ သာရေးနာရေး တွေကို ကျမတို့ ကလို့ရတဲ့အထဲကနေ နိုင်သလောက်လှူဒါန်းကြတယ်။ သူများအဖွဲ့အစည်းတွေလိုတော့ အများကြီး မလှူနိုင်သေးပါဘူး။ ကလို့ရတဲ့ ငွေကြေးလေးတွေကို ဘဏ်မှာစုထားပြီး သာရေးနာရေးရှိတဲ့သူတွေကို လှူဒါန်း ခဲ့ကြတယ်။ အခု ကျမတို့ မမများအဖွဲ့မှာ ဦးမန်းဝင်းရဲ့သမီး ဟေမာမန်းဝင်းကလည်းပါတယ်လေ။နောက်ပြီး ဦးမန်းဝင်းဆိုတာကလည်း ကျမတို့ရဲ့သူငယ်ချင်းပဲလေ။ အနုပညာရှင်တွေ ညီအကို မောင်နှမတွေဆိုတော့ သွားသင့်တယ်လေ။ မနေ့က ကျမတို့ သူဆီရောက်တော့ သူလည်းပျော်ပြီး ဆေးရုံတရုံလုံးက လူနာတွေကလည်း အကုန်လုံးဝမ်းသာကြတယ်။ ဦးမန်းဝင်းကိုတော့ ကျမတို့က ငွေငါးသောင်းလှူဒါန်းခဲ့ပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။

မမများအဖွဲ့မှာ လက်ရှိ သရုပ်ဆောင်အနုပညာရှင်အမျိုးသမီး ၁၀ဦး ပါ၀င်ပြီး သူတို့ကတော့ သရုပ်ဆောင် မတူး၊ ၀ါ၀ါအောင်၊ခင်မို့မို့်အေး၊ဂွမ်းပုံကြီး၊အေးအေးခိုင်၊ဒေါ်လုံးတင်၊ဒေါ်ခင်သန်းဝင်း၊ဒေါ်သန်းသန်းဆင့်၊ အိမ့်ကြာဖြူ(ခ)ပပနဲ့  ဟေမာမန်းဝင်းတို့ ပါ၀င်ကြပါတယ်။

မမများအဖွဲ့ဟာ အနုပညာရှင်များရဲ့ဖျော်ဖြေရေးပွဲများ၊ သင်္ကြန်ပွဲများမှာ လိုက်လံဖျော်ဖြေ ကပြပြီး ရရှိလာတဲ့ ငွေကြေးများကို အနုပညာရှင်များရဲ့ သာရေးနာရေးများသို့ လှူဒါန်းမှုများ ပြုလုပ်နေခဲ့တာ အခုဆိုရင် ကျပ်သိန်း ၆၀၀ ကျော်နီးပါး လှူဒါန်းပြီးခဲ့ပြီလို့လည်း သိရပါတယ်။

Loading