သရုပ်ဆောင် ခင်သဇင်ရဲ့လက်ရှိ အိမ်ထောင်ရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် သရုပ်ဆောင် ခင်သဇင်က ဧရာဝတီရဲ့ မေးမြန်းချက်ကို ပြန်လည်ပြောဆိုလိုက်ပါတယ်။
“သူနဲ့အဆင်မပြေတာက ဒီအနုပညာအလုပ်တွေကို လုပ်ချင်တဲ့အတွက်ကြောင့် အဆင်မပြေတာပါ။ ကိုယ် လျှောက်ချင်တဲ့လမ်းကို သူက ကြည့်လို့မရတာလေ။ ကိုယ်ကလည်း ကိုယ်ဝါသနာပါတာ၊ ကိုယ်ယုံကြည်တာကိုပဲ လုပ်ချင်တာ။ ကိုယ့်ပိုက်ဆံကိုယ်ရှာပြီး ဘဝကိုနေချင်တာ။ အိမ်ထောင်ပြုတယ်ဆိုတာ တယောက်နဲ့တယောက် လိုက်လျော ညီထွေစွာ ဘဝကိုရှေ့ဆက်ဖို့အတွက်၊ တယောက်ရဲ့ဘဝကို တယောက်က အပိုင်စီးအပိုင်နင်း လုပ်ထားပြီး လူတယောက်ရဲ့ဘဝကို အသေသတ်ဖို့ မဟုတ်ဘူးလို့ ယူဆတယ်။ အဲ့ဒီလို အိမ်ထောင်မျိုးဆို ကိုယ်က လက်မခံဘူးလေ။ ဒါကြောင့် သဇင်ကသိပ်ပြီး မြန်မာမိန်းကလေးတော့ မဆန်ပါဘူး” လို့ သရုပ်ဆောင် ခင်သဇင်က ဧရာဝတီကို ပြောပါတယ်။
သရုပ်ဆောင် ခင်သဇင်ဟာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ “Oh… ဟော့တယ်” ဆိုတဲ့ တေးသီချင်းဗီစီဒီမှာ ပါဝင်သရုပ်ဆောင်ရာကနေ ပရိသတ်သတိထားမိခဲ့သူဖြစ်ပါတယ်။ အဲ့ဒီကမှ အနုပညာအလုပ်တွေကို လုပ်ကိုင်လာရင်း အိမ်ထောင်ကျသွားခဲ့ရာမှ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။ ဒီလို အနုပညာလော ကထဲ မဝင်ရောက်ခင်က လေယာဉ်မယ်တဦးအဖြစ် ရပ်တည်လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဆက်လက်ပြီး သရုပ်ဆောင် ခင်သဇင်က “သူကတော့နေပြည်တော်မှာ ပုန်းလို့ကောင်းနေတယ်။ အခုအချိန်မှာ အချစ်နဲ့ပတ်သတ်လို့ ခံစားချက်က သူကိုချစ်လို့ ယူခဲ့တာဆိုတော့ သူကိုပဲချစ်နေပါတယ်။ သူနဲ့သဇင်နဲ့ အခြေအနေက ဟိုလိုမျိုးပြတ်စဲတာလားဆိုတော့လည်း အဲလိုမဟုတ်ဘူး။ အဆက်အသွယ်လည်း မရှိဘူး၊ တချို့က ကွဲပြီလို့ ထင်နေကြတာ။သူနဲ့က သဇင် ၁၈ နှစ်သမီးကတည်းက တွဲလာတာ။ နောက် ၂ နှစ်နေရင် ကွဲလိုက် ပြီးရင် ၃၊ ၄ နှစ်လောက် ပြန်တွဲလိုက်ကြနဲ့ အခုလည်း သူနဲ့ကွဲပြီး ၆ နှစ်နေပြီးမှ ပြန်တွေ့လို့ယူခဲ့ကြတာလေ။ ကြားထဲမှာ သူလည်း ရည်းစားတွေရှိခဲ့တယ်၊ ကိုယ်လည်းရှိခဲ့တယ်။ ဒါပေမယ့်ပြန်တွေ့တော့ ယူခဲ့ကြတာပဲ။ အခုက မတွေ့တာ ၂ နှစ်ရှိပြီ။ ရှေ့ဆက်ဘာဖြစ်မလဲဆိုတာ မပြောတတ်ဘူး။သူမို့လို့လည်း သဇင်ယူဖြစ်ခဲ့တာပါ။ သူကလည်း သဇင်မို့လို့ယူဖြစ်ခဲ့တာ ပါတယ်။ ငယ်ရည်းစားလည်း ဖြစ်တယ်။ လူကြီးမိဘအသိုင်းအဝိုင်းလည်း သိကြတယ်။ ကျန်တာ ထွေထွေထူးထူး မရှိပါဘူး။ သဇင်လည်း အချစ်နဲ့ပတ်သက်လို့ ထပ်စဉ်းစားဖို့ မရှိပါဘူး” လို့ လက်ရှိ သူတို့ရဲ့အိမ်ထောင်ရေး အခြေအနေနဲ့ ပတ်သက်လို့ ဧရာဝတီကို ပြောပြသွားပါတယ်။
သရုပ်ဆောင် ခင်သဇင် ပါဝင်သရုပ်ဆောင်ထားတဲ့ “ကာလာစုံ Lesson” ရုပ်ရှင်ဇာတ်ကားကို လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။