Lifestyle

တေးသံရှင် ရတနာမိုင်ရဲ့ “သူသိစေ” တေးစီးရီးသစ် ထွက်ရှိမည်

အဆိုတော် ရတနာမိုင်ရဲ့ “သူသိစေ” တေးစီးရီးသစ်ကို လာမယ့် စက်တင်ဘာ ၂၆ ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ ဒီတေးစီးရီးခွေဟာ ရတနာမိုင်ရဲ့ စတုတ္ထမြောက်တေးစီးရီးလည်းဖြစ်ပါတယ်။
“သူသိစေ” ဆိုတဲ့ တေးစီးရီထဲမှာ Featuring အနေနဲ့ ဖြိုးပြည့်စုံ၊ စိန်လင်း၊ ဇွဲပြည့်၊ အောင်ထက်၊ မေမီကို တို့ ပါ၀င် သီဆိုထားကြပါတယ်။

တေးစီးရီးနဲ့ပတ်သက်လို့ ရတနာမိုင်က “အခုအခွေထဲမှာ ခါတိုင်းနဲ့မတူတဲ့ Music Style နဲ့ သီဆိုထားပါတယ်။ ဒီ အခွေထဲမှာ သီချင်းအားလုံး ၁၄ ပုဒ်နဲ့ MTV Bonus တပုဒ် ပါ၀င်ပါတယ်။ MTV Bonus သီချင်းက ကိုအောင်ထက်နဲ့ သီဆိုထားတဲ့ “ငြိမ်းချမ်းပါစေ ကမ္ဘာမြေ” ဆိုတဲ့သီချင်းလေးပါ” လို့ ဆိုပါတယ်။ ရတနာမိုင်က ဒီအခွေထဲမှာ မိခင်ဖြစ်သူ အဆိုတော် မိုင် ရဲ့ တေးသီချင်းတွေဖြစ်တဲ့ “မောင့်မလွမ်းပို” သီချင်းနဲ့ “သိပ်ချစ်လို့ (စိတ်ညစ်လို့)” ဆိုတဲ့ သီချင်း၂ ပုဒ် ကိုလည်း ပြန်လည်သီဆိုထားတယ်လို့ သိရပါတယ်။
ရတနာမိုင်က တချိန်က နာမည်ကြီးအဆိုတော် တဦးဖြစ်တဲ့ မိုင် ရဲ့သမီးဖြစ်ပြီး ၂၀၀၆ ခုနှစ်က စတင်ပြီး အနုပညာ လောကထဲသို့ ၀င်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ “မရှိလို့မဖြစ်”၊ “ပဖဘဗမ”၊ “Good Night ချစ်သူ” အစရှိတဲ့ တကိုယ်တော်တေးစီးရီး ၃ ခွေထွက်ရှိထားတာလည်းဖြစ်ပါတယ်
ယခုထွက်ရှိလာမယ့် ရတနာမိုင်ရဲ့ “သူသိစေ” တေးစီးရီးကို အောက်တိုဘာ ၂ ရက်နေ့မှာ ရန်ကုန်မြို့ Happy World ကစားကွင်းတွင် အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Loading