အမေရိကန်ထုတ် ဇိမ်ခံ SUVဆိုရင်လည်း Cadillacရဲ့ မော်ဒယ်တွေနဲ့ Chevyရဲ့ မော်ဒယ်တွေပဲ အသုံးများ တာပါ။ အထူးသဖြင့် အကြီးစား မော်ဒယ်ထဲမှာ ဆိုရင် Cadillac Escaladeက တော်တော်လေး နေရာရပါတယ်။ ဒါပေမယ့် စျေးလည်း အရမ်းမကြီးဘူး၊ အရည်အသွေးလည်း ကောင်းမယ်ဆိုရင်တော့ Escalade မဟုတ်တဲ့ တခြား မော်ဒယ် တစ်ခုကို ရွေးချယ် စဉ်းစားဖို့ လိုအပ်လာပါပြီ။ သူကတော့ Navigator ပါ။ နာမည်ကျော် ဇိမ်ခံ မော်ဒယ်တွေထုတ်လုပ်နေကျ Lincolnရဲ့ မော်ဒယ်ဖြစ်ပါတယ်။
ရုပ်ထွက်ပိုင်းမှာ အထူးသဖြင့် အင်ဂျင်လေဝင်ခန်းရဲ့ ဒီဇိုင်းက ထူးခြားတယ်၊ သိသာတယ်၊ ပေါ်လွင်တယ်၊ ကိုယ်ထည်ပိုင်း အကြမ်းခံနိုင်ရည် အထူးမြင့်မားတယ်၊ မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး ကိုယ်ထည်ရဲ့ ယာဉ်ပေါ်ပါ ခရီးသည်တွေ အတွက် အကာအကွယ်ပေးနိုင်မှုမှာ ထိပ်တန်းစာရင်းဝင် မော်ဒယ်ဖြစ်တယ်။
လမ်းကြမ်းပိုင်းရော မြို့တွင်းသုံးပါ အဆင်ပြေမယ်၊ ၀န်တင်ဆောင်နိုင်မှုလည်း ကောင်းမွန်ပြီး Air-Conက အစ အကူစနစ်နဲ့ ဖျော်ဖြေရေးစနစ်တွေကို စိတ်ကြိုက် အသုံးပြု မောင်းနှင်နိုင်မယ်၊ အတွင်းခန်း အပြင်အဆင်မှာ သားရေ ဦးစားပေး ပုံစံ မဟုတ်ပေမယ့် မိုက်ခရိုဖိုက်ဘာနည်းပညာနဲ့ ထိုင်ခုံသားတွေကို ဖန်တီးထားလို့ ငြိမ့်ညောင်းမှု အပြည့်ပေးနိုင်မယ်၊ ကိုယ်ထည်အကြီးစား မော်ဒယ်ဖြစ်လို့ အတွင်းခန်း ကျယ်ဝန်းတယ်၊ နောက်တွဲယာဉ် တွေထိအောင်ပါ ဆွဲပေးနိုင်မယ့် စွမ်းဆောင်ရည် ရမယ်၊ ဒါတွေက Navigatorရဲ့ အားသာ ချက်တွေပါ။
တပ်ဆင် အင်ဂျင်အပိုင်းမှာတော့ ၅ ဒသမ ၂လီတာသုံး V8အင်ဂျင်ဖြစ်နေလို့ အရွယ်တော့ ကြီးလွန်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မော်ဒယ်က ပုံမှန်ထက် တုန်ခါမှု အနည်းငယ် ပိုပေးချင်တာကလွဲရင် မြန်နှုန်းမြင့် မောင်းနှင်ချိန်တွေအထိအောင် ဆူညံသံပေးမှုတော့ နည်းပါတယ်။
Autoစနစ်နဲ့ သွားမှာ ဖြစ်ပြီး ကိုယ်ထည်က ပေါင် ၄၇၀၀ကျော်လောက်ထိအောင် လေးတာမို့ အင်ဂျင်စနစ် ကြီးနေပေမယ့် ဆောင့်ထွက်တာမျိုး မရှိပဲ အထွက်တွေလည်း ညင်သာပါတယ်၊ ဂီယာချက် ပြောင်းလဲ မောင်း နှင်ရမှုကောင်းမွန်တယ်၊ လက်ကိုင်ပိုင်းက Cruise Controlနဲ့ အလိုအလျောက်ထိန်းထားသလို ကိုယ်ထည်ရဲ့ အလေးချိန်များမှုက မြန်နှုန်းမြင့် မောင်းနှင်ချိန်မှာတောင် လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှု အပြည့် ပေးနိုင် ပါတယ်။ Gasolineသုံး ဖြစ်ပြီး ပျမ်းမျှ ဆီတစ်ဂါလံကို မိုင် ၂၀ ၀န်းကျင် စီးနင်းနိုင်မှာပါ။
လေးဘီးယက်စနစ်နဲ့ ဖြစ်ပြီး ဒီနေရာမှာ သိပ်ပြီး သဘောမကျချင်တာဆိုလို့ ဘယ်မောင်း ပုံစံနဲ့ပဲ စျေးကွက်မှာ ရနိုင်တာ တချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာက ညာမောင်း မော်ဒယ်တွေပဲ အသုံးများ အံဝင်လို့ နည်းနည်း စဉ်းစားစရာ ဖြစ်နေစေမှာပါ။ အတွင်းခန်း အပြင်အဆင်၊ အသုံးပြုစနစ်၊ အသံပိုင်း၊ အားလုံး ပြည့်စုံ အောင် ပါရှိပါတယ်။
စျေးကွက်မှာတော့ ၂၀၀၇ခုနှစ် Navigatorကို ကီလို ၅သောင်းကျော် အနေအထား အနက်ရောင် ရန်ကုန် လိုင်စင် ကို သိန်း ၈၀၀ ခေါ်ပေမယ့် မျက်နှာသစ် ဆိုတာထက် စျေးကွက်လက်ခံမှု နည်းသေးတာကြောင့် စျေးက အကျဘက်မှာ ရှိပါတယ်၊ ဒါဟာ Escaladeထက်စာရင် စျေးချိုချိုနဲ့ ရနိုင်တာလည်း ဖြစ်သလို ရန်ကုန်လိုင်စင်တွေ ရှားနေတဲ့ အချိန်မှာ အခွင့်ကောင်းတခုုဖြစ်ပါတယ်။