PCML (PC Myanmar (Hong Kong) Ltd) က မြန်မာနိုင်ငံမှာ “ရဲတံခွန်လူငယ်အစီအစဉ်” ကို CSR (Corporate Social Responsibility) Program တခုအဖြစ် စတင်ကျင်းပတော့မယ်လို့ သိရပါတယ်။
“ရဲတံခွန်လူငယ်အစီအစဉ်” က အသင်းအဖွဲ့နဲ့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းသားကျောင်းသူများရဲ့ အသိပညာစွမ်းရည်များကို အသုံးပြုကာ မိမိတို့ ဒေသများအတွက် ပိုမိုကောင်းမွန်အောင် အပြုသဘောလုပ်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ကျင်းပတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။
“ရဲတံခွန်လူငယ်အစီအစဉ်က CSR အစီအစဉ်တွေထဲမှာ စံနမူနာသစ်တခုဖြစ်ပါတယ်။ ဒါက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းသားများက မြန်မာနိုင်ငံရဲ့ လူမှု စီးပွား ဖွံ့ဖြိုးရေးအတွက် ကိုယ်ပိုင်တွေးခေါ်နိုင်မှု၊ ဖန်တီးနိုင်မှုတွေကို အသုံးချပြီး အထောက်အကူ ပြုနိုင်အောင် လှုံဆော်ပေးတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်” လို့ PCML မှ CSR အတွက် အဓိက တာဝန်ယူ လုပ်ဆောင်ပေးနေတဲ့ တာဝန်ရှိသူ မခင်နှင်းအေးက ပြောပါတယ်။
ရဲတံခွန်လူငယ်အစီအစဉ်အတွက် ကျောင်းသားများရဲ့ Project ပြိုင်ပွဲများအတွက် Qualifying Round (အရည်အချင်းစစ်အဆင့်) ပြိုင်ပွဲများကို နိုဝင်ဘာလ ၅ ရက်နေ့နဲ့ ၈ ရက်နေ့တို့မှာ ရန်ကုန်နဲ့ ထားဝယ်မြို့တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုအသင်း ၆၄ သင်းက ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမြင့်ဆုံးရမှတ်ကိုရရှိတဲ့ အသင်း ၁၆ သင်းအနေနဲ့ Regional Round အဆင့်ကို တက်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Regional Round အဆင့်မှ အမြင့်ဆုံးအမှတ်ကို ရရှိတဲ့ အသင်း ၄ သင်းကတော့ Final Round (နောက်ဆုံးအဆင့်) ပြိုင်ပွဲကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
နောက်ဆုံး အနိုင်ရရှိတဲ့ အသင်းကို Project ဆက်လက် လုပ်ဆောင်နိုင်ဖို့ ရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၂၅၀၀ နဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူခရီးစဉ်ကို ဆုအဖြစ် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Final Round အဆင့်မှာ ကျန်ရှိမယ့် အသင်း ၃ သင်းကိုလည်း အဖွဲ့တဖွဲ့ချင်းစီအလိုက် အမေရိကန်ဒေါ်လာ ၂၅၀ စီ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
“ရဲတံခွန်လူငယ်အစီအစဉ်”မှာ ပါ၀င်နိုင်မည့်သူများဟာ အသက် ၁၆နှစ်မှ ၂၃နှစ် အတွင်း လူငယ် ဖြစ်ရမှာဖြစ်ပြီး အဖွဲ့တဖွဲ့လျှင် အနည်းဆုံး ၂ ဦးမှ အများဆုံး ၄ ဦးအထိ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
လူမှုအဖွဲ့အစည်းကို အကျိုးပြုပြီး အပြုသဘောသက်ရောက်မှုရှိသည့် ပညာရေး၊ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဘဝစွန့်ဦးတီထွင်မှု၊ ဒေသဖွံဖြိုးရေးများမှ ခေါင်းစဉ်တခုကို ရွေးချယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
စာရင်းပေးသွင်း ပါ၀င်ယှဉ်ပြိုင်လိုသူများအနေနဲ့ အောက်တိုဘာလ ၂၅ ရက် နောက်ဆုံးထားပြီး ရဲတံခွန်လူငယ်အစီအစဉ်ကို yetagunyouth[email protected] သို့ ပေးပို့ လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။
PC Myanmar (Hong Kong) Ltd (PCML) ဟာ မလေးရှားနိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီတခုဖြစ်တဲ့ PETRONAS ရဲ့လုပ်ငန်းတခုဖြစ်ပြီး ၂၀၀၃ ခုနှစ်မှစတင်ကာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၊ ထိုင်းနိုင်ငံမှ PTTEP International Limited ၊ ဂျပန်နိုင်ငံမှ Nippon Oil Exploration တို့နဲ့ အကျိုးတူပူးပေါင်းပြီး ကပ္ပလီပင်လယ်အတွင်း ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းကို တာဝန်ယူလုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။
PCML ကုမ္ပဏီအနေနဲ့ ၂၀၀၃ ခုနှစ်မှစတင်ပြီး လုပ်ငန်းဧရိယာအနီးတဝိုက် ကျေးရွာများမှာ ရဲတံခွန် CSR program များ တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ရဲတံခွန် CSR အစီအစဉ်ဟာ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး လှုပ်ရှားမှုများထဲမှာ ပညာရေးကဏ္ဍကို အဓိကဦးစားပေး လုပ်ဆောင်လျက် ရှိတယ်လို့ သိရပါတယ်။