S-Classဆိုကတည်းက အဆင့်မြင့် ဇိမ်ခံမော်ဒယ်ပါ၊ ပုံမှန်ထက် ရုပ်ထွက်လှမယ်၊ ဆွဲဆောင်မှု ကောင်းမယ်၊ ထည့်သွင်း နည်းပညာနဲ့ တပ်ဆင် ပစ္စည်းတွေက အရည်အသွေး ထိပ်ဆန်းအဆင့်ဖြစ်နေတော့မှာပါ။ Mapping စနစ်တွေ အပြင် Navigation Systemပါ သုံးနိုင်လာမယ်။ နောက်တစ်ချက်ကတော့ ဆီစားနှုန်းပါ သက်သာ ချင်ရင် Hybridစနစ်နဲ့ မော်ဒယ်ကိုပါ ရွေးချယ်လာနိုင်ပါတယ်။ ဒါပေမယ့် Hybridမဟုတ်တဲ့ မော်ဒယ်ခွဲ တွေကတော့ စွမ်းဆောင်ရည် ပိုကောင်း မှာပေါ့နော်။
မော်ဒယ်က တန်ကြေးတူ၊ တန်းတူ ပြိုင်ဖက် မော်ဒယ် မရှိလောက်အောင် အရည်အသွေးက အထူးမြင့်မား ပါတယ်။ မောင်းနှင်ရမှု အပိုင်းမှာ အမြန်နှုန်းမြှင့်တင်နိုင်မှုက အစ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ပါ ကောင်း ပါတယ်၊ ဒါပေမယ့် ကိုယ်ထည်ရဲ့ တည်ဆောက်မှု အနေအထားကြောင့် လမ်းကြမ်းစစ်စစ် မရနိုင်တာ တခုပါပဲ။
Safetyပိုင်းနဲ့ Entertainmentအပိုင်းတွေမှာ Featureတွေ များပြားတာ၊ ကောင်းမွန်တာ၊ ပြည့်စုံတာ၊ လိုလေ သေး မရှိတာ။ Featureတစ်ခုကို မကြိုက်ရင် နောက်တစ်ခုကို ပြောင်းသုံးရုံပဲ။ နောက်ဆုံးတချက် ပြောရမှာ ကတော့ ကိုယ်ထည်ပိုင်း အားကောင်းမှု၊ ခိုင်ခံ့မှု၊ မာကျောမှု၊ မြန်နှုန်း မြင့်မြင့်မောင်းနှင်မှုတွေ အတွက် လုံခြုံ စိတ်ချရမှု စမ်းသပ်ချက်တွေမှာ အကောင်းဆုံး ကိုယ်ထည်ပိုင်း မှတ်ချက်တွေ ရရှိထားတာ တွေ့ရပါတယ်။
အလေးချိန် အပိုင်း၊ အကြီးစား ဆီဒင်ဆိုတာ နားလည်ပေမယ့် အလေးချိန်က ပေါင် ၅၀၀၀ကပ်နေတာကြောင့် အမေရိကထုတ် SUVတစ်စီးလောက်ကို ဖြစ်နေတာ တစ်ခုကိုပဲ သိပ်သဘောမကျမိပါဘူး။ အပြင်ပိုင်း အရောင် ၁၂မျိုး ထိအောင် ရရှိနိုင်သလို အတွင်းခန်းမှာက သားရေကိုသာ ဦးစားပေး အသုံးပြုထားတာ တွေ့ရပြီးတော့ စုစုပေါင်း အမျိုးအစား ၁၂ထိအောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
အကြီးစား ဆီဒင် အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပြီးတော့ အလျားက ၁၇ပေနဲ့ ၂လက်မခွဲ၊ မျက်နှာစာအကျယ်က ၆ပေနဲ့ ၂ ဒသမ ၈လက်မ၊ အမြင့်က ၄ပေနဲ့ ၁၀ ဒသမ ၇လက်မရှိမှာပါ။ အတွင်းခန်း အထူးကျယ်ဝန်းပြီး ရှေ့ဖက်ခန်းက လက်မ ၆၀နီးနဲ့ နောက်ဖက်ခန်းက ၅၉လက်မ ကျယ်ဝန်းပါတယ်။ ဝန်တင်ဆောင် ရုန်းကန်နိုင်မှု ကတော့ ပေါင် ၁၅၀၀ကျော် ဖြစ်ပါတယ်။
တပ်ဆင်ထားတဲ့ အင်ဂျင်က ၄ ဒသမ ဝလီတာသုံး အင်ဂျင် ဖြစ်ပြီး အင်ဂျင်ရဲ့ တမိနစ်လည်ပတ်အား အပတ်ရေ ၁၈၀၀မှာ အင်ဂျင်ရဲ့ ရုန်းအားက ၅၁၆ပေ-ပေါင် ရှိမှာ ဖြစ်ပြီး စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၄၄၉ကောင် အား ဖြစ်ပါတယ်။ Turning Circleပိုင်းမှာတော့ အခြား မော်ဒယ်တွေထက် အားသာတာတွေ့ရပြီးတော့ ပေ၄၀ထိအောင် ရမှာပါ။
Transmissionပိုင်းမှာက Autoစနစ်ကို စုစုပေါင်း ဂီယာချက် ၇ချက်ထိအောင် သုံးပြီး မောင်းနှင်နိုင်မှာ ဖြစ်သလို Driveပိုင်းမှာက နောက်ဘီးယက် စနစ်နဲ့ ဖြစ်ပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာက တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၄ ဒသမ ၉စက္ကန့်ပဲ ယူမှာ ဖြစ်တာကြောင့် Sportကားတွေရဲ့ စွမ်းဆောင်ရည် အတိုင်းပါပဲ။
မော်ဒယ်ကို Hybridနဲ့ ထုတ်လုပ်ထားသလို ဖြစ်နိုင်မယ် ဆိုရင် Hybridမော်ဒယ်ကို ရွေးချယ်စေချင်တဲ့ အချက် က ဆီစားနှုန်းကြောင့်ပါ။ ပျမ်းမျှ ဆီတစ်ဂါလံကို ၂၄မိုင်ထိအောင်ပဲ စီးနင်းနိုင်မှာပါ။ ဒါက အင်ဂျင်ရဲ့ အရွယ် ကြောင့် ဖြစ်နိုင်ပြီး ဇိမ်ခံမော်ဒယ် တစ်စီးအတွက်တော့ အရမ်းမဆိုးလှပါဘူး။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီ ကတော့ ၂၁ ဒသမ ၁ဂါလံဆံ့ဝင်မှာပါ။
ဘရိတ်ပိုင်းမှာ နည်းပညာမြင့် ABSစနစ်ကို တပ်ဆင်ထားပြီးတော့ အားသာချက်အရတော့ ဒီဘရိတ်စနစ်မှာ Predictive Braking, Automatic Brake Drying, Hill-Start Assistနဲ့ Traffic-Light Hold Featureတွေကို သုံးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ရေဒါစနစ်ကို အခြေခံတဲ့ Collision Prevention Systemကိုလည်းသုံးနိုင်မှာပါ။
ရှေ့ဖက်၊ နောက်ဖက် စုပေါင်း အသက်ကယ် လေအိတ်စနစ်၊ ရှေ့ဖက် အသက်ကယ် လေအိတ်စနစ်၊ နောက် ဘက်ခြမ်း ဘေးဘက် အသက်ကယ် လေအိတ်စနစ်၊ ယာဉ်မောင်းသူ ဒူးခေါင်းပိုင်း အသက်ကယ် လေအိတ် စနစ်တွေကိုလည်း ပြည့်စုံအောင် တပ်ဆင်ထားတာတွေ့ရပါတယ်။
ဘရိတ်ပိုင်းရဲ့ စွမ်းဆောင်ရည် အရတော့ တနာရီ မိုင် ၆၀နှုန်းနဲ့ မောင်းနှင်နေရင်းကနေ ရပ်တန့်မယ်ဆိုရင် အကွာအဝေး ၁၁၅ပေထိပဲ ယူမှာ ဖြစ်ပြီး လုံခြုံစိတ်ချရမှု အထူးကောင်းမွန်တဲ့ မော်ဒယ်လည်း ဖြစ်သလို မော်ဒယ်ခွဲ အများအပြား ရွေးချယ်နိုင်မယ့် မော်ဒယ် ဖြစ်ပါတယ်။