ဒီနေ့ခေတ် ပြည်တွင်း MPVဈေးကွက်မှာ လူကြိုက်များနေတာက Alphardဆိုပေမယ့် တန်ဖိုးနည်းနည်းနဲ့ ဇိမ်ခံ အဖြစ် မဟုတ်ဘဲ လုုပ်ငန်းသုုံးပဲဖြစ်ဖြစ်၊ အိမ်သုံး မိသားစုစီး အနေနဲ့ ဆိုရင်တော့ အခု ပြောမယ့် Caravan ကလည်း အဆင်ပြေပါတယ်။
Hiaceလို ရုပ်ထွက်မျိုးနဲ့ ဖန်တီးထားတာ ဖြစ်ပြီး ပုံမှန် မော်ဒယ်နဲ့ ဇိမ်ခံနဲ့ ကွာဟချက်မှာ အင်ဂျင်၊ စွမ်းဆောင် ရည် စသဖြင့် အားနည်းချက် ရှိနိုင်ပေမယ့် ဈေးနှုန်းပိုင်းမှာတော့ ချိုချိုသာသာနဲ့ ရနိုင်တာလည်း ဖြစ်ပါတယ်။
အလွယ်ဆုံး ပြောရရင် Hiace ၂၀၀၆ခုနှစ် မော်ဒယ်လောက်ပိုပဲ သိန်း ၂၂၀ ဝန်းကျင် ရှိနေချိန်မှာ သိန်း ၅၀လောက်ထိဈေးချိုသွားမယ့် မော်ဒယ်ပါ။ ဒါဆို အရည်အသွေးကြောင့်များ ဈေးနှုန်း ကွာဟချက် များ နေတာပါလား။
ပြောရမယ်ဆိုရင်တော့ အချက် နှစ်ချက်ကြောင့် ဈေးနှုန်းကွာဟချက် များသွားတာပါ။ တစ်ချက်က အရောင်ပါ၊ နောက်တချက်က မောင်းနှင်ပြီး ကီလိုပါ။ လက်ရှိ ဈေးကွက်မှာ Caravanကို မော်ဒယ်နှစ် အနိမ့်ဆုံး ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ခုနှစ် ဝန်းကျင်ထုတ်လောက်ထိအောင် လွယ်လွယ်တွေ့နိုင်၊ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ တနည်းပြောရရင် သက်တမ်း ၁၀နှစ်လောက် သုံးထားပြီး ဖြစ်လို့ ကားတစ်စီးရဲ့ ပျမ်းမျှ သက်တမ်း နှစ် ၂၀မှာ ထက်ဝက်ကျိုးနေပါပြီ၊ ဒီနေရာမှာ ကီလိုနဲ့ ပြန်တွက်ရင် ပျမ်းမျှ သက်တမ်း ကီလို ၂သိန်းရဲ့ ထက်ဝက်ခန့် ရှိနေမယ် ဆိုရင် ပုံမှန်လောက်ပါပဲ၊
အဲဒီထက် ကီလို နည်းမယ် ဆိုရင်တော့ ဈေးမာနိုင်ပြီး ကီလို ၁သိန်းထက် များနေမယ် ဆိုရင်တော့ ဈေးချိုမှာပါ။ အခုတော့ ဈေးကွက်မှာ တွေ့ရတဲ့ Caravanအများစုက ကီလို ၁သိန်း၂သောင်းနဲ့ ဝန်းကျင်ကနေ တချို့ဆို ကီလို ၁သိန်း ၈သောင်းလောက်ထိအောင် သုံးထားပါတယ်။ ဒီအချက်က Caravanတွေကို ဈေးချိုချိုနဲ့ ရနိုင်စေမယ့် အချက် ဖြစ်လာပါတယ်။ နောက်တစ်ချက် အရောင်ပိုင်းမှာက Hiaceအများစုက အဖြူရောင်အဖြစ် ဝင်နေချိန်မှာ Caravanတွေငွေရောင်တွေ များပါတယ်၊ အရောင်အစွဲကြီးတဲ့ ပြည်တွင်းမှာ ဒီအချက်ကလည်း ဈေးချိုနေစေတာ ဖြစ်ပါတယ်။
မော်ဒယ်ရဲ့ တပ်ဆင် အင်ဂျင်က ၂ ဒသမ ဝလီတာသုံးဖြစ်ပြီး MPVလို ကိုယ်ထည် အရွယ်အစားမှာ အခု အင်ဂျင် စနစ်က နည်းနည်း သေးချင်နေပါတယ်၊ ဒီတော့ ခရီးဝေးသွားမှုအတွက် Air-Con မသုံးတာ အကောင်းဆုံး ဖြစ်မှာပါ၊ မြို့တွင်းသုံး အနေနဲ့တော့ စိတ်ကြိုက်ဖြစ်စေသလို ဆီစားလည်း ချိုသာပါတယ်။
မော်ဒယ်နှစ် နိမ့်ချင်တယ် ဆိုပေမယ့် နည်းပညာပိုင်းတော့ အဆင့်မြင့်တာ တွေ့နိုင်ပါတယ်၊ Autoစနစ်နဲ့ သွားမယ်၊ ညာမောင်း မော်ဒယ် ဖြစ်မယ်၊ Power Steeringစနစ် သုံးနိုင်မယ်၊ Back Mirrorပါရှိမယ်၊ Keyless စနစ်နဲ့ ရမယ်၊ ထိုင်ခုံတန်း သုံးတန်းပုံစံ အပြင်အဆင်မှာ သားရေ ဦးစားပေး ဖန်တီးထားမယ်၊ ဇိမ်ခံမော်ဒယ် ပုံစံ အတွင်းအခန်း အပြင်အဆင် တွေ့ရမယ်၊ မော်ဒယ်နှစ်အလိုက် ရုပ်ထွက်တမျိုးစီ ရွေးချယ်နိုင်ပြီး ၂၀၀၇ခုနှစ်နဲ့ နောက်ပိုင်းထုတ် မော်ဒယ်တွေကတော့ ရုပ်ထွက် အတည်ငြိမ်ဆုံး ဖြစ်လာပါတယ်၊
Hiaceတွေထက် အင်ဂျင်စနစ် သေးငယ်တာကြောင့် ဆီစားပိုသက်သာပြီး ပျမ်းမျှ မိုင် ၃၀ ဝန်းကျင် လောက်ထိအောင် ဆီတစ်ဂါလံကို စီးနင်းနိုင်မှာပါ။ ဈေးကွက်မှာတော့ ငွေရောင်တစ်မျိုးတည်းပဲ အဝင် များပြီးတော့ ၂၀၀၅ခုနှစ်ထုတ် ကီလို ၁သိန်း၂သောင်းဝန်းကျင်ကို ၁၄၅သိန်းခေါ်ပြီး အောက်ဈေးနဲ့ ပွဲတည်တာဖြစ်လို့ ဈေးမာနိုင်ပါတယ်။
၂၀၀၇ခုနှစ်ထုတ် ကီလို ၂ ဒသမ ဝလီတာသုံး ကီလို၁သိန်း၈သောင်းကို ၁၆၅သိန်း ခေါ်ပြီး ကီလို များလွန်းနေလို့ ဈေးက အကျဘက်မှာ ရှိမှာပါ၊ ၂၀၀၅ခုနှစ်ထုတ် အနက်ရောင် ၃ ဒသမ ဝလီတာသုံး ကီလို ၁သိန်း၅သောင်း တွေကတော့ အင်ဂျင်စနစ် စွမ်းဆောင်ရည်ပိုကောင်းသွားလို့ ၁၆၅သိန်း ခေါ်ပြီး အကျဘက်မှာပဲ ရှိပါလိမ့်မယ်။