Lifestyle

တေးရေး ကေအေတီ မကွယ်လွန်မီက စီစဉ်ခဲ့တဲ့ တေးစီးရီးထွက်ရှိမည်

Want create site? Find Free WordPress Themes and plugins.

ကွယ်လွန်သွားပြီဖြစ်တဲ့ တေးရေး ကေအေတီ ဖန်တီးခဲ့သော တေးသီချင်း ၄ ပုဒ် ပါဝင်မယ့် “ခမ်းနားတဲ့ ဘဝရဲ့ကဗျာ” အမည်ရှိ တေးစီးရီး မကြာမီ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။

တေးရေး ကေအေတီ ကွယ်လွန်ခဲ့တာ အခုဆိုရင် ၃ နှစ်နဲ့ ၃ လရှိပြီဖြစ်ပါတယ်။

“ခမ်းနားတဲ့ ဘဝရဲ့ကဗျာ” တေးစီးရီးထဲမှာ တေးရေး ကေအေတီ ရေးသားထားခဲ့တဲ့ သီချင်း ၄ ပုဒ်အပြင် ကျန်တဲ့ တေးသီချင်းများကိုတော့ ကေအေတီရဲ့သူငယ်ချင်းတေးရေးဆရာများက ရေးသားကာ နာမည်ကြီးအဆိုတော် များစွာက ပါဝင်သီဆိုထားကြတယ်လို့ သိရပါတယ်။

ဒီ တေးစီးရီးထဲမှာ အဆိုတော် ဟန်ထွန်း၊ ဇော်ပိုင်၊ Rဇာနည်၊ သအို၊ ကောင်းမြတ်၊ စိုင်းလိက်၊ Lဆိုင်းဇီ၊ ဖြူဖြူကျော်သိန်း၊ ပိုးရည်၊ ချမ်းချမ်း၊ Nကိုင်ရာ၊ ခင်စုစုနိုင် တို့က ပါဝင်သီဆိုထားကြပါတယ်။ တေးသီချင်း ဖန်တီးသူများအနေနဲ့ တေးရေးကေအေတီ အပါအဝင် ညီညီသွင်၊ ရွှေဂျော်ဂျော်၊ မြင့်မိုးအောင်၊ ဇဝါ၊ နိုင်းနိုင်၊ Rခိုင်၊ ငယ်ဆူးသစ်နဲ့ လင်းလင်း တို့ပဲ ဖြစ်ပါတယ်။ သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။

ဒီ တေးစီးရီးမှာ ပါဝင်ရေးသားထားတဲ့ တေးရေးရွှေဂျော်ဂျော်က “ဒီ အခွေလေးက တေးရေး ကေအေတီ ကို ချစ်ကြတဲ့သူတွေက သူ့ကို ဝန်းရံထားကြတဲ့ အခွေလေးပါ။ အခွေလေးမှာ ချစ်ခြင်းမေတ္တာတွေ ပြည့်ပြီးတော့ ဒီအခွေလေးက ပရိသတ်ရင်ထဲကို ရောက်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ရောက်ပါစေလို့လည်း ဆုတောင်းပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီ တေးစီးရီးခွေမှာ ပါဝင်သီဆိုပေးထားတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းကလည်း “ဖြူဖြူကတော့ ဒီအခွေထဲမှာ တေးရေး ကိုရွှေ(ရွှေဂျော်ဂျော်)ရေးပေးထားတဲ့ “မချစ်နိုင်ဘူး”ဆိုတဲ့သီချင်းကို ပါဝင်သီဆိုထားတာပါ။ ဒီသီချင်းလေးကို ၂၀၁၄ ခုနှစ်ကတည်းက သီဆိုထားခဲ့တာပါ။ ဒီ အခွေလေးက အချိန်အများကြီးယူထားခဲ့ပြီး ဖန်တီးထားတဲ့ အခွေလေးလည်းဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး သူက “ကိုကေအေတီအခွေမှာ ဖြူဖြူက ဘာလို့ ကိုရွှေ သီချင်းကို ဆိုရလဲဆိုရင် ကိုကေအေတီက သီချင်းလေးပုဒ်ပဲ ရေးသွားနိုင်ခဲ့တယ်။ ဒါကြောင့် ဖြူဖြူက ကိုရွှေ ရေးပေးတဲ့သီချင်းလေးကို သီဆိုဖြစ်ပါတယ်။ ဒီ အခွေထဲမှာ ကျန်တဲ့အဆိုတော်တွေကလည်း ဖြူဖြူကြိုက်တဲ့ အဆိုတော်တွေဖြစ်တယ်။ သူတို့နဲ့အတူတူ ပါဝင် ရတဲ့အတွက် ဝမ်းသာတယ်။ ကိုကေအေတီဆိုတာ ဖြူဖြူတို့ ဂီတလောကအတွက် အစားထိုးလို့မရတဲ့ တေးရေး တွေထဲက တယောက်လည်းဖြစ်ပါတယ်။ အမြဲတမ်းလည်း သတိတရရှိနေမှာပါ”လို့ အခွေနဲ့ ပတ်သက်ပြီး အမှတ်တရ စကားပြောသွားခဲ့ပါတယ်။

ဒီ တေးစီးရီးကို အောက်တိုဘာ ၂ ရက်နေ့မှာ ဘိုဘိုအင်တာတိန်းမန့်ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ တေးရေးကေအေတီကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ဂီတာပုံနဲ့ ပန်းချီကားကို တေးစီးရီးကာဗာအဖြစ် အသုံးပြုထားတယ်လို့လည်း သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading