Lifestyle

ဇိမ်ခံမော်ဒယ် Cadillac ATS

မော်ဒယ်က ဇိမ်ခံအနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး ဆီဒင်ကိုယ်ထည် တံခါးလေးပေါက်နဲ့လည်း ရနိုင်သလို တံခါးနှစ်ပေါက်စနစ် Coupeအဖြစ်နဲ့လည်း ရနိုင်ပါတယ်။ နှစ်ယောက်စီး မော်ဒယ်ကတော့ Sportပိုဆန်ပြီး စွမ်းဆောင်ရည် ပိုမို ကောင်းမွန်တာလည်း ဖြစ်ပါတယ်။ Chevy SSကို အကောင်းဆုံး စျေးကွက်ပြိုင် ဆိုင်နိုင် အောင် ရုပ်ထွက်က အစ ဆွဲဆောင်မှု ကောင်းကောင်းနဲ့ ပွဲထွက်လာတာ တွေ့ရပါတယ်။

မပြောမဖြစ် ပြောရမယ့် အချက်ကတော့ Handlingအပိုင်းပါ၊ Sport တစီးအတိုင်း ဖန်တီးထားတာ တွေ့ရပါတယ်၊ ပတ်လမ်းမှာပါ အကောင်းဆုံး မောင်းနှင်နိုင်မှာပါ၊ တည်ငြိမ်တယ်၊ သွက်လက်တယ်၊ ပျော့ပြောင်းတယ်၊ လားရာပြောင်းလဲရမှု မြန်ဆန်တယ်ဆိုတဲ့ အချက်တွေ တွေ့ရပါတယ်။ အင်ဂျင်ပိုင်းမှာလည်း ရွေးချယ်နိုင်စရာ များပြားပြီး ၂ ဒသမ ၀လီတာသုံး Turboအင်ဂျင်တပ် မော်ဒယ်ကို ရနိုင်သလို V6အင်ဂျင်နဲ့ လည်း စျေးကွက်တင်တာ တွေ့ရပါတယ်။

ဒီနေရာမှာ သတိပြုစရာ ရှိတာကတော့ Baseအဖြစ်နဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်ခွဲက စျေးလည်း ချိုသလို စွမ်းဆောင် ရည်၊ အရည်အသွေးတွေမှာ အားနည်းချက် များတာပဲ ဖြစ်ပါတယ်။ ဒီအတွက် Baseမော်ဒယ် ကိုတော့ လက်ရှောင်ထားဖို့ လိုမှာပါ။

ဆီစားလည်းနည်းပြီး စွမ်းဆောင်ရည်လည်း ကောင်းမယ့် Turboစနစ်နဲ့ ၂ ဒသမ ၀လီတာသုံး လေးလုံးထိုး အင်ဂျင်က ရုန်းအား ၂၆၀ပေ-ပေါင်မှာ စွမ်းအင် မြင်းကောင်ရေ ၂၇၂ကောင်အားထွက်မှာပါ။ နောက်ထပ် ရွေးချယ်နိုင်မယ့် ၂ ဒသမ ၅လီတာသုံး Turboမပါတဲ့ လေးလုံးထ်ိုး အင်ဂျင်မှာတော့ ရုန်းအား ၁၉၀ပေ-ပေါင်မှာ စွမ်းအင် မြင်းကောင်ရေ ၂၀၂ ကောင်အား သုံးနိုင်မှာ ဖြစ်ကာ ၃ ဒသမ ၆လီတာသုံး V6အင်ဂျင်တပ်မော်ဒယ် ဆိုရင်တော့ ရုန်းအား ၂၇၄ပေ-ပေါင်မှာ မြင်းကောင်ရေ ၃၂၁ကောင်အားထိအောင် အသုံးပြု မောင်းနှင် နိုင်မှာလည်း ဖြစ်ပါတယ်။

ATSက Transmissionအပိုင်းမှာ Autoစနစ်နဲ့ရော Manualစနစ်နဲ့ပါ ရနိုင်ပြီး စွမ်းဆောင်ရည်က သိပ်မကွာ လှပါဘူး။ ဂီယာချက် အသုံးပြုနိုင်မှုကတော့ ၆ချက်ထိအောင်ပဲ ဖြစ်ပါတယ်။ Gradeတိုင်းအတွက် နောက် ဘီးယက် စနစ်နဲ့လာပြီး ၂ ဒသမ ၀လီတာသုံး မော်ဒယ်နဲ့ V6အင်ဂျင်တပ် မော်ဒယ်တွေမှာတော့ ဘီးစုံ ယက်စနစ် တွေနဲ့လည်း ရနိုင်ပါသေးတယ်။

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ ၂ ဒသမ ၀လီတာသုံးနဲ့ ၂ ဒသမ ၅လီတာသုံး မော်ဒယ်နှစ်မျိုးက သိပ်မကွာလှပဲ တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၆စက္ကန့် ၀န်းကျင်ပဲ ယူမှာ ဖြစ်ပြီးတော့ V6အင်ဂျင်တပ်မော်ဒယ်ကတော့ ၅ ဒသမ ၅စက္ကန့်လောက်ထိအောင်ပဲ ကြာမှာ ဖြစ်ပါတယ်။

Manualစနစ်နဲ့ ဆိုရင် ဆီစားပိုနည်းပြီး ၂.၀လီတာသုံး မော်ဒယ်က ဆီတစ်ဂါလံကို ပျမ်းမျှ ၃၂မိုင်လောက် စီးနိုင်မှာပါ။ ၂ ဒသမ ၅လီတာသုံး ဆိုရင်တော့ ၂၆မိုင်နဲ့ V6ကတော့ ၂၁မိုင်လောက်ပဲ ရပါတယ်။ မော်ဒယ်မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုကတော့ ၁၆ဂါလံ ဖြစ်ပြီး ၂ ဒသမ ၀လီတာသုံး မော်ဒယ်က မိုင် ၅၄၀ထိအောင် ဆီတိုင်ကီအပြည့့်နဲ့ ရောက်နိုင်ပါတယ်။

အရောင် အပိုင်းမှာ ၁၀မျိုးရနိုင်ပြီး အတွင်းခန်းက အထည်ဦးစားပေး သားရေ အရောပုံစံနဲ့ အမျိုးအစား ၃မျိုးပဲ ရနို်င်မှာ ဖြစ်ပါတယ်။ ကိုယ်ထည်က အလျား ၁၅ပေနဲ့ ၃လက်မ၊ မျက်နှာစာ အကျယ် ၅ပေနဲ့ ၁၁လက်မ၊ အမြင့် က ၄ပေနဲ့ ၈လက်မရှိမှာပါ။ အတွင်းခန်း အကျယ် အဝန်းက ရှေ့ဘက်ခန်း ၅၅လက်မနဲ့ နောက်ဘက်ခန်း ကတော့ ၅၄လက်မပဲ ရှိပါတယ်။ Coupeမှာတော့ ရှေ့က်ခန်းက ပိုပြီး ကျယ်ဝန်းတာ တွေ့ရပါတယ်။

Suspensionအပိုင်းမှာ အမေရိကန်ထုတ် မော်ဒယ် အများစုမှာ သုံးနေကျဖြစ်တဲ့ MacPhersonစနစ်ကို ရှေ့ဖက်မှာ ထိုင်ထားပြီး နောက်ဖက်မှာတော့ Multi-link နဲ့ လာပါတယ်။ Stabilizerတွေနဲ့ Independent စနစ်တွေ လည်း အကူထည့်ထားတာကြောင့် Off-Roadအတွက်ပါ အဆင်ပြေစေနိုင်မှာပါ။

ဘရိတ်အပိုင်းမှာတော့ လေးဘီးချုပ် ABSစနစ်ကို တပ်ဆင်ထားပြီး တနာရီ မိုင် ၆၀နှုန်း မောင်းနှင်နေရင်းကနေ ရပ်တန့်မယ်ဆိုရင် အကွာအဝေး ၁၁၃ပေထိအောင် ယူမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ရုပ်ထွက်လှလှ၊ အဆင့် မြင့် နည်းပညာတွေက ATSက Coupeအဖြစ်နဲ့ဆိုရင် ပိုပြီး သဘောကျစရာကောင်းပါတယ်။

Loading