Lifestyle

သတိပြုရမယ့် ရေမွှေးရဲ့ အန္တရာယ်

စိတ်ညစ်ညူးစရာ ချွေးနံ့၊ ကြေး(ဂျီး)နံ့တွေနဲ့ မွန်းကြပ်နေတဲ့ ဘတ်စ်ကားထဲ၊ လူအုပ်စုထဲမှာတော့ ရေမွှေးနံ့ သင်းသင်း လေးက သင့် စိတ်ကို ကြည်လင်စေမှာပါ။ အလုပ်မသွားမီ ရေမွှေးလေးဆွတ်၊ တနေ့တာလုံး ရေမွှေးနံ့လေး သင်းသင်းနဲ့ အလုပ် လုပ်ရတာကလည်း သင့်စိတ်ကို လန်းဆန်းနေမှာပါ။ ဒါပေမယ့် ရေမွှေးက ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြင် အသက်ကိုတောင် သေစေနိုင်တဲ့ အကြောင်း သိရှိသူ အလွန်နည်းမယ် ထင်ပါတယ်။ ဒါကြောင့် ရေမွှေးအန္တရာယ်ကို တင်ပြပေးချင်ပါတယ်။

ရေမွှေးနံ့က ဓာတ်မတည့်သူတွေ အတွက် အရေပြားရောင်ရမ်း စေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်

သင်းတမြမြ ရေမွှေးထဲမှာ ဓာတုပစ္စည်းတွေ ပါ၀င်တာကြောင့် ဓာတ်မတည့်သူတွေကို နှာချေတာတွေ၊ မျက်ရည်တွေ ၀ိုင်းလာတာတွေ ဖြစ်တတ်ပါတယ်။ တချို့ ဓာတ်မတည့်သူတွေမှာ ဆိုရင် အရေပြားနဲ့ ထိရင် နီရဲလာပြီး အဖုအပိန့်လေး တွေ ထွက်တတ်ပြီး၊ တချို့များဆိုရင် ရေမွှေးနံ့ကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဓာတ်မတည့်တဲ့ အတွက် အသက်ရှူမဝ တာမျိုးလည်း ဖြစ်စေတတ်တဲ့ အပြင် အသက်သေဆုံးတဲ့ အထိလည်း ဖြစ်စေနိုင်ပါတယ်။

ဆယ်ယောက်မှာ ဓာတ်မတည့်သူ တယောက်

သုတေသပြုလေ့လာထားတဲ့ စာရင်းဇယားတွေ အရ လူ ၁၀ ဦးမှာ ၁ ဦးက ဓာတုပစ္စည်းတွေ ပါ၀င်တဲ့ အမွှေးနံ့တွေနဲ့ ဓာတ် မတည့်ကြဘူး လို့ ဆိုပါတယ်။ သို့ပေမယ့် နေရာအတော်များများမှာတော့ အနံ့အသက်ပျောက်ဖို့ Air Freshner လို၊ ရေမွှေးနံ့ ဖရောင်းတိုင်လို ပစ္စည်းတွေ အသုံးပြုတာ များပြားလာနေတာကို လူမှုဝန်းကျင်မှာ အသုံးများလာတာ တွေ့ရပါ တယ်။

ကျန်းမာရေး အတွက် အန္တရာယ်

သင့်ရဲ့ ရေမွှေးနံ့က ဓာတ်မတည့်သူတွေ အတွက် အရေပြားရောင်ရမ်း စေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ တချို့သော ရေမွှေးတွေ၊ အလှကုန်ပစ္စည်းတွေဟာ ဓာတ်မတည့်သူများ အတွက် ၀ဲနှင်းခူကဲ့သို့သော အရေပြား ရောဂါ၊ အရေပြား ခြောက်သွေ့စေတဲ့ ရောဂါ တွေ ဖြစ်စေတာတွေလည်း ရှိပါသတဲ့။

ကမ္ဘာ့ လူဦးရေရဲ့ ၂ ရာခိုင်နှုန်းဟာ ဓာတုဗေဒနည်းနဲ့ ဖန်တီးထားတဲ့ အမွှေးအနံ့တွေနဲ့ ဓာတ်မတည့်ရောဂါ ခံစားနေရ ပါတယ်။ သူတို့ဟာ ဓာတုဗေဒ ဒြပ်မော်လီကျူးတွေနဲ့ ပေါင်းယူဖော်စပ်ထားတဲ့ ရေမွှေးနဲ့နဲ့ အလှကုန်ပစ္စည်းများရဲ့ အမွှေးအနံ့တွေကြောင့် စိတ်ဓာတ်ကျတာတွေ၊ မအီမသာဖြစ်တာတွေ ခံစားရမှာ စိုးရိမ်တဲ့ အတွက် ကိုယ့်အိမ်ကနေ အပြင်တောင် မထွက်ချင်ကြဘူးလို့ “တက္ကဆပ် ပြည်နယ် မိသားစုဓာတုဆေးဝါး အမူအကျင့် လေ့လာဆန်းစစ်မှု” အစီရင်ခံစာမှာ မကြာသေးခင်က ဖော်ပြခဲ့ပါတယ်။

 ဓာတ်မတည့်သူတွေကို နှာချေတာတွေ၊ မျက်ရည်တွေ ၀ိုင်းလာတာတွေ ဖြစ်တတ်ပါတယ်

ရေမွှေးတွေက လူတိုင်းကိုတော့ ဒီလို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတာတော့ မဟုတ်ပါဘူး။ ရေမွှေးသုံးစွဲသူတွေ အနေနဲ့ အဲဒီရေမွှေးမှာ ပါ၀င်တဲ့ ဓာတ်ပစ္စည်း အမည်စာရင်းကို သိရှိဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိမိနဲ့ ဓာတ်မတည့်တဲ့ ဓာတုပစ္စည်းပါ၀င်နေရင် ရှောင်နိုင်ဖို့ ဖြစ်ပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့နဲ့ ‘ဘေးကင်းလုံခြုံ အလှကုန်’ ဖြစ်ရေး လှုပ်ရှားမှု အဖွဲ့တို့ ပူးပေါင်းပြီး ၂၀၁၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တခုမှာတော့ တရားဝင် မှတ်ပုံတင်မထားဘဲ တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လေုပ်နေတဲ့ အန္တရာယ်ရှိ အလှကုန်ပစ္စည်း ၁၄ မျိုး ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် မိမိသုံးတဲ့ ရေမွှေးမှာ ပါ၀င်တဲ့ ဓာတုဓာတ်ပစ္စည်း အမည်စာရင်းကို သိဖို့နဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်ကို ရွေးချယ် အသုံးပြုဖို့ အကြံပြုလိုက်ပါတယ်။    ။

ညွှန်း – www.onlymyhealth.com

Loading