Lifestyle

နယ်ဝယ်လက်တွေ အကြိုက်တွေ့မယ့် Mazda BT50

ပြည်တွင်းမှာ လူကြိုက်အများဆုံး Pick-up Truckတွေထဲက မဟုတ်ပေမယ့် မျက်နှာသစ် အနေနဲ့ စျေးကွက် ၀င်လာ တာရယ်၊ နယ်လိုင်စင်နဲ့ မော်ဒယ်တွေပါ ရနိုင်တာရယ်၊ ဒီဇယ်အင်ဂျင်စနစ်နဲ့ ဖြစ်နေတာတွေရယ်က အခု BT50ကို စျေးချိုချိုနဲ့ ရနိုင်စေမယ့် အချက်တွေ ဖြစ်လာပါတယ်။

လက်ရှိ စျေးကွက်မှာ လူကြိုက်အများဆုံးလို့ ဆိုနိုင်မယ့် Hilux Vigo, Nissan Navaraနဲ့ Ford Ranger တွေလောက် လူသိ မများသေးတဲ့ တချက်က အဆိုပါ မော်ဒယ်တွေက သိန်း ၂၀၀နဲ့ အထက်မှာ စျေး အနေအထား အမျိုးမျိုးနဲ့ ရပ်တည်နေပေမယ့် BT50ကတော့ သိန်း ၁၅၀ ၀န်းကျင်လောက်နဲ့ ရနိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်လိုင်စင် အနေနဲ့တော့ BT50တွေ စျေးကွက်အဝင်နည်းပေမယ့် မန်း၊ ပဲခူးစတဲ့ လိုင်စင်တွေတော့ တွေ့ရများပါတယ်၊ ဒီတော့ Pick-upမော်ဒယ်လို မြို့တွင်းသုံး မဟုတ်တဲ့ အမျိုးအစားမှာ နယ်ဝယ်လက်တွေ အတွက် စျေးချိုချိုနဲ့ ရလာနိုင်စေပြန်ပါတယ်။ ပြီးတော့ အင်ဂျင်က ဒီဇယ်ဆီသုံး အများစု တွေ့ရပါတယ်။

နယ်မှာတော့ စက်သုံးဆီစနစ်ကို သိပ်မရွေးပေမယ့် ရန်ကုန်မှာတော့ Gasolineကို ပိုပြီး လူကြိုက်များနေတာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီဇယ်အင်ဂျင်ရဲ့ အားသာချက်က ဆီစားချိုမယ်၊ ရုန်းအားကောင်းမယ်၊ ရေရှည် စိတ်ချ ရမယ်ပေါ့၊ ဒီတော့ ရန်ကုန်ဝယ်လက် လက်ရှောင်နေချိန်မှာ အကျစျေးနဲ့ နယ်ဝယ်လက်အတွက် အဆင်ပြေ စေနိုင်ပါတယ်။

Pick-upတွေရဲ့ သဘောတရားအတိုင်း တစ်ခန်းဖွဲ့၊ အပိုခန်းဖွဲ့နဲ့ နှစ်ခန်းဖွဲ့ ပုံစံအားလုံး BT50ကို တွေ့ရပါတယ်။ ဒါပေမယ့် အများစုကတော့ စျေးကွက်မှာ အပိုခန်းဖွဲ့ (Ext Cab)တွေ အများဆုံး တွေ့ရပါတယ်။ နောက်ဘက်ခန်း မှာ တံခါးစနစ် သီးသန့်မပါတာကလွဲ့လို့ ရင်ကွဲတံခါးကလည်း အတက်၊ အဆင်းအတွက် အဆင်ပြေပါတယ်၊

နောက်ဘက် အိပ်ခန်းက ထိ်ုင်ခုံပုံစံထက် အိပ်စင်လို ဖွဲ့ထားတာပါ၊ အခင်းသားက ညီညာလို့ အိပ်လိုက်ဖို့ ပိုကောင်းပါတယ်၊ ထိုင်ခုံအနေနဲ့ ဆိုရင်လည်း နှစ်ခန်းဖွဲ့ပုံစံမျိုး ခရီးသည် စုစုပေါင်း ၅ယောက် လိုက်ပါနိုင်မှာပါ။ နှစ်ခန်းဖွဲ့ဆိုရင် စျေးနည်းနည်း ပိုနိုင်မှာလည်း ဖြစ်ပါတယ်။
နောက်ဖက် ၀န်တင်ခန်း ကျယ်ဝန်းတယ်၊ အလျား နည်းနည်း ရှည်လို့ မြို့တွင်းသုံး အတွက် နည်းနည်း စဉ်းစားရနိုင်ပေမယ့် ၀န်တင် လုပ်ငန်းသုံးအတွက် ပိုကောင်းမှာပါ။ အတွင်းခန်းမှာ CD-TVလို ဖွဲ့စည်းမှုတွေကနေ Air-Conထိအောင် ကောင်းပါလိမ့်မယ်။

ဒီဇယ်အင်ဂျင်ဖြစ်လို့ ခရီးဝေး မောင်းနှင်မှုမှာလည်း လေအေးပေးစနစ်ကို စိတ်ကြိုက် သုံးနိုင်မှာပါ။ ထိ်ုင်ခုံတွေက အထည် ဦးစားပေး ဖြစ်ပေမယ့် ဖန်တီးမှု မဆိုးလှပါဘူး။ မော်ဒယ်နိမ့်တန်းဝင်တွေထဲမှာတော့ အတွင်းခန်း အပြင်အဆင်၊ အနေအထား၊ အရည်အသွေး ကောင်းပါသေးတယ်။

တပ်ဆင် အင်ဂျင်က ၂ ဒသမ ၅လီတာသုံး ဖြစ်ပြီး ဒီဇယ်အင်ဂျင်တလုံး အတွက်တော့ မကြီးလှပါဘူး။ Pre ဒီဇယ်နဲ့ သုံးမယ်ဆိုရင်တော့ အင်ဂျင်ကို ရေရှည်ပိုပြီး စိတ်ချရစေမှာပါ။ နှစ်ဘီးယက်စနစ်နဲ့ဖြစ်လို့ ဆီစားချို သာစေပြီး ပျမ်းမျှ တစ်ဂါလံကို မိုင် ၃၀ ၀န်းကျင် စီးနိုင်မှာပါ။
BT50ရဲ့ အားနည်းချက်က စျေးကွက်မှာ အရောင် ရွေးချယ်နိုင်မှု အားနည်းချင်တာ ဖြစ်ပြီး ငွေရောင်ပဲ အများစု တွေ့ရပါတယ်၊ လူကြိုက်များ၊ အဖြူ၊ အနက်တွေ ရှားပါတယ်။

၂၀၀၆ခုနှစ်ထုတ် ငွေရောင် အပိုခန်းဖွဲ့ BT50ကို မန်းလိုင်စင်နဲ့ဆိုရင် သိန်း ၁၃၀လောက်ပဲ အခေါ်ရှိပါတယ်၊ ရန်ကုန်လိုင်စင် ကတော့ အတွေ့ရနည်းပြီး သိန်း ၁၆၀လောက် ဆိုပါတယ်၊ နှစ်ခန်းဖွဲ့ဆိုရင်တော့ နယ်လိုင်စင်ကိုပဲ သိန်း ၁၄၀နဲ့ အထက် အခေါ်ရှိပြီး တစ်ခန်းဖွဲ့တွေကတော့ သိန်း ၁၂၀၀န်းကျင်ပဲ ရှိပါတယ်။

Loading