Lifestyle

ကွန်ပျူတာ ကျောင်းသားများအတွက် Samsung ရဲ့ Mobile Application သင်တန်း

Samsung Myanmar မှ နှစ်စဉ်ဖွင့်လှစ်လျက်ရှိတဲ့ Samsung Tech Institute ရဲ့စတုတ္ထအကြိမ် Mobile Application Training သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Samsung Tech Institute ရဲ့Mobile Application Training ဟာ မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ်များမှ ထူးချွန်ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူများကို မြန်မာနိုင်ငံရဲ့ IT၊ Mobile နဲ့ Digital နည်းပညာနယ်ပယ်အတွင်း Mobile Application Developer များ ထွက်ပေါ်လာအောင် တတပ်တအား ကူညီထောက်ပံ့ပေးတဲ့ အစီအစဉ်တရပ်လို့ သိရပါတယ်။

“ဒီ သင်တန်းဟာ မြန်မာနိုင်ငံရဲ့ ကွန်ပျူတာတက္ကသိုလ်များမှ အထူးရွေးချယ်ထားတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူပေါင်း အယောက် ၁၅၀ ကို ၂ လကြာ Mobile Application Training အဖြစ် Samsung မှ ပညာသင်စရိတ် ထောက်ပံ့ကာ ဖွင့်လှစ်သင်ကြားပေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Mobile Application Developer တွေ များများထွက်ပေါ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဉ်ကို ပြုလုပ်တာဖြစ်ပါတယ်” လို့ Samsung Myanmar ရဲ့ မန်နေဂျင်းဒါရိုက်တာ Mr. Nam Sik Ahn က ပြောပါတယ်။

ဆက်လက်ပြီး Mr. Nam Sik Ahn က “ပထမအဆင့်အနေနဲ့ မြန်မာပြည် အောက်ပိုင်းမှာရှိတဲ့ ကွန်ပျူတာ တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူ ၇၅ ယောက်ကို ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှာ သင်ကြားပေးမှာဖြစ်ပြီး အထက်မြန်မာပြည် တက္ကသိုလ်တွေက ရွေးချယ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၇၅ ယောက်ကို မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် သင်တန်းပေးသွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒုတိယအဆင့်မှာတော့ သင်တန်းရလဒ်အပေါ်မူတည်ပြီး ကျောင်းသား၊ ကျောင်းသူ အယောက် ၃၀ ပြန်လည် ရွေးချယ်ပြီး ဒုတိယအဆင့်သင်တန်းကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

“ကျနော် ဒီ Samsung Mobile Application Training ကို စိတ်ဝင်စားပြီး တက်ချင်တာ ပထမနှစ်ကတည်းပါ။ ဒါပေမယ့် Java Code မသင်ရသေးလို့ အခု ဒုတိယနှစ်ရောက်မှ ဝင်ပြိုင်ဖြစ်တာပါ။ ကျနော်က လူတွေကို အကျိုးပြုစေမယ့် Application မျိုး ရေးချင်တာပါ။ ကျနော်ရေးချင်တဲ့ Application မျိုးက နိုင်ငံခြား Export , Import လုပ်တဲ့အခါ အခွန်ဆောင်ရတာမျိုး တွက်ချက်ရတဲ့အပိုင်းတွေကို မရှုပ်အောင် အသုံးပြုရတဲ့ Application မျိုး ရေးချင်ပါတယ်” လို့ ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသား၊ မောင်မင်းသန့်က ဧရာဝတီကို ပြောပါတယ်။

Samsung အနေနဲ့ အဆိုပါ လူမှုအကျိုးပြုအစီအစဉ် (CSR Program) ကို ၂၀၁၃ ခုနှစ်ကတည်းက စတင် လုပ်ဆောင် ခဲ့တာဖြစ်ပြီး သင်တန်းစတင်ချိန်ကစပြီး ယခုအချိန်အထိ ကျောင်းသား ကျောင်းသူ အယောက် ၄၀၀ ကျော်ကို သင်တန်းများ ပို့ချခဲ့ပြီးပြီလို့ သိရပါတယ်။

ယခုနှစ်မှာတော့ ကွန်ပျူတာ တက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသား အယောက် ၁၅၀ ကို Android နည်းပညာနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ ဗဟုသုတကြွယ်ဝမှုအပေါ်မူတည်ပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
သင်တန်းကာလ ပထမအစမှာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို ၃ ဦး တဖွဲ့နှုန်းနဲ့ အဖွဲ့ငယ်များ ဖွဲ့စည်းပြီး အဖွဲ့ ၅၀ ထဲမှ Android နည်းပညာနဲ့ ပတ်သက်ပြီး Mobile Application များ ဖန်တီးတည်ဆောက်မှုအကြောင်းကို စာတွေ့ လက်တွေ့ သင်ကြားပြသပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းရဲ့နောက်ဆုံးအဆင့်မှာ ဆုရသွားတဲ့ ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကို Samsung Myanmar မှ ဆုများအနေနဲ့ ပထမဆု အမေရိကန်ဒေါ်လာ ၂၄၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁၈၀၀ နဲ့ တတိယဆု အမေရိကန်ဒေါ်လာ ၁၅၀၀ အသီးသီး ပေးအပ်ချီးမြှင့်မယ်လို့ သိရပါတယ်။

Loading