Lifestyle

ဖိုက်တင်အကြမ်းစားတွေနဲ့ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် ရုပ်ရှင်ရုံတင်ပြီ

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ကျော်နီးပါးက အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတကားဖြစ်သော “မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်” ကို ဒီဘက်ခေတ်နဲ့ ကိုက်ညီအောင် ပြန်လည်ရိုက်ကူးထားပြီး စက်တင်ဘာ ၃၀ ရက်နေ့မှာ စတင်ရုံတင်ပြတော့မယ်လို့ သိရပါတယ်။

ယခင်က ဓားဘခက်အဖြစ် နေအောင် သရုပ်ဆောင်ခဲ့တဲ့ နေရာမှာ ယခုအခါ သရုပ်ဆောင် နေမင်း၊ ယခင်က မအေးပွင့် အဖြစ် ခင်သီတာထွန်း သရုပ်ဆောင်ခဲ့တဲ့နေရာမှာ သရုပ်ဆောင် အေးမြတ်သူတို့က ပြန်လည်သရုပ်ဆောင် ထားကြပါတယ်။

“မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်” ရုပ်ရှင်အကျဉ်းကတော့ တောထဲက လူဆိုးဗိုလ်လက္ခကိုသတ်ပြီး သူတို့ရဲ့ အရေးကြီးစာရွက်စာတမ်းတွေကို  မအေးပွင့် ဖြစ်တဲ့ အေးမြတ်သူက ခိုးယူပြီးထွက်ပြေးခဲ့ပါတယ်။ တောထဲကနေ ထွက်ပေါက် လမ်း ၃၀ ရှိပြီး ဒီ လမ်း ၃၀ ကနေ မလွတ်မြောက်နိုင်အောင် အရက်စက်ဆုံး လူဆိုးအယောက် ၃၀ က တလမ်းစီမှာစောင့်ပြီး မအေးပွင့်ကို ရှင်းပစ်ဖို့ စောင့်ကြိုနေကြပါတယ်။ ဓားနဲ့ပတ်သက်ရင် ပစ်မလွဲ ဓားဘခက်က မအေးပွင့်ကို ကူညီရင်း မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် ဇာတ်လမ်းက စတင်ပါတယ်။ ထွက်ပြေးသွားတဲ့ မအေးပွင့် ကိုယ်ပေါ်မှာ မှဲ့သုံးလုံးပါရှိပြီး မအေးပွင့်ကို ဖမ်းမိရင် ကျပ်သိန်းတရာနဲ့ မအေးပွင့်ကိုပါ အပိုင်ရမယ်လို့ လူဆိုးများကို ကြေညာခဲ့ပါတယ်။ မအေးပွင့်ကိုယ်ပေါ်မှာ ထင်ရှားတဲ့ မှဲ့သုံးလုံးကတော့  မျက်နှာရယ် ရင်ဘတ်ရယ် ပေါ်မှာဖြစ်ပြီး နောက်ဆုံးတလုံးကတော့ ရုပ်ရှင်ကြည့်ပရိသတ်တွေအနေနဲ့ ရုပ်ရှင်ကြည့်ရင်း မအေးပွင့်ကိုယ်ပေါ်က မှဲ့တလုံးကို မဖော်ပြထားဘဲ ရှာကြည့်နိုင်ပါတယ်။ အမျိုးသမီးအက်ရှင်ကားတွေ မရှိသလောက်ရှားနေတဲ့ ဒီဘက်ခေတ် ရုပ်ရှင်တွေမှာ အေးမြတ်သူရဲ့ ဖိုက်တင်တွေနဲ့အတူ ကိုယ်ခန္ဓာအလှပေါ်လွင်အောင် ရိုက်ကူးထားတာမို့ တမူထူးခြားပြီး ရုံမတင်ကတည်းက ဆွဲဆောင်မှုရှိနေတဲ့ ရုပ်ရှင်ကားတကားပါပဲ။

ဒီဇာတ်ကားက အပြင်မှာလည်း ဓားတွေကို စိတ်ဝင်စားပြီး စုဆောင်းတတ်တဲ့ နေမင်းက ဓားဘခက်အဖြစ် သရုပ်ဆောင်ထားပြီး ဖိုက်တင်အခန်းတွေမှာ လူစားထိုးရိုက်ကူးခြင်းနည်းပါးတဲ့ ဖိုက်တင်မင်းသမီး အေးမြတ်သူတို့ သဘာဝကျကျ သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် အေးမြတ်သူအနေနဲ့ ပထမဆုံး ခေါင်းဆောင် မင်းသမီးသရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားက သူရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်က အားပေးခဲ့ရင် နောက်ထပ် ငါးနှစ်စာ ထမင်းစားလက်မှတ်ရမယ့် ဇာတ်ကားဖြစ်တယ်လို့လည်း အေးမြတ်သူက ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အင်တာဗျူးတခုမှာ ဆိုထားပါသေးတယ်။

“မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်” ရုပ်ရှင်ဇာတ်ကားက ယခင် သရုပ်ဆောင် နေအောင်၊ ခင်သီတာထွန်း တို့ ကတည်းက အောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်တာမို့ အဲဒီဇာတ်ကားကို ကြည့်ရှုခဲ့ဖူးသူတွေအတွက် အထူးညွန်းစရာ မလိုပေမယ့် ဒီဘက်ခေတ် နေမင်း၊အေးမြတ်သူ တို့အနေနဲ့ ယခင် “မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်” ရုပ်ရှင်ဇာတ်ကားကို မီမမီကိုတော့ ရုပ်ရှင်ရုံမှာသွားရောက်ပြီး အကဲဖြတ်ကြည့်ရှုနိုင်ပါတယ်။

ဒီ ဇာတ်ကားကို ဒါရိုက်တာ သီဟကျော်စိုးက ရိုက်ကူးထားပြီး နေမင်း၊ အေးမြတ်သူနဲ့ လူကြမ်း အယောက် ၃၀ တို့က ပါ၀င်သရုပ်ဆောင်ထားကြတာ ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်နေ့က စတင်ကာ ရန်ကုန်မြို့ရှိ သမ္မတ၊ သွင်၊ မင်္ဂလာ၊ ဂမုန်းပွင့်(စံရိပ်ငြိမ်) အစရှိတဲ့ ရုပ်ရှင်ရုံကြီးများနဲ့ မန္တလေး၊ ပြည်၊ ပုသိမ်၊ နေပြည်တော်၊ ထားဝယ်၊ မြိတ်မြို့များမှာ တပြိုက်နက်တည်း ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading