Lifestyle

Huawei နဲ့ Leica Camera တို့ သုတေသနှင့် တီထွင်မှုဆိုင်ရာစင်တာ ပူးပေါင်းဖွင့်လှစ်

Huawei နဲ့ Leica Camera AG တို့ ပူးပေါင်းပြီး သုတေသနှင့်တီထွင်မှုဆိုင်ရာစင်တာ “Max Berek ဆန်းသစ် တီထွင်မှုဆိုင်ရာ ဓာတ်ခွဲခန်း” ကို တိုးချဲ့ ဖွင့်လှစ်လိုက်ကြောင်း ယမန်နေ့မှာ Huawei က သတင်း ထုတ်ပြန်ထားပါတယ်။

Huawei P9 နဲ့ P9 Plus စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချမှုအပြီး ၅ လအကြာမှာ Leica နဲ့ အခုလို ပူးပေါင်း တီထွင်ဖန်တီးမှု စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဓာတ်ခွဲခန်းအသစ်က ဂျာမနီနိုင်ငံ၊ ဝက်ဇလာမြို့မှာရှိတဲ့ Leica ရဲ့ တကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်မှာ တည်ရှိပြီး ဓာတ်ခွဲခန်းမှာ ဓာတ်ပုံပညာဆိုင်ရာနဲ့ Mobile Application အမျိုးအစား အများအပြားမှာ ရုပ်ထွက်အရည်အသွေး တိုးတက်စေရန် အမြင်ပိုင်းဆိုင်ရာ စနစ်များနဲ့ Software များကို အခြေခံတဲ့ နည်းပညာများ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဓာတ်ခွဲခန်းမှာ စမ်းသပ်ဖန်တီးထားတဲ့ ရလဒ်များအနေဖြင့် ကွန်ပြူတာ အသုံးပြုပုံရိပ်များ၊ ပုံချဲ့မြင်တွေ့မှု (AR) နဲ့ စင်စစ်ပကတိအတိုင်းအမြင် (VR) ဖြေရှင်းချက်များ ဖန်တီးခြင်းများ ပါ၀င်တယ်လို့ သိရပါတယ်။ Huawei နဲ့ Leica ကုမ္ပဏီနှစ်ခုလုံးက သုတေသန အရင်းအမြစ်တွေအပြင် ဂျာမန်နှင့် နိုင်ငံတကာတက္ကသိုလ်၊ သုတေသန ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့လည်း စီစဉ်လျက်ရှိတယ်လို့ ဆိုပါတယ်။

“Huawei နဲ့ Leica က ကြီးမားတဲ့ တီထွင်မှုဆိုင်ရာ စွမ်းအားနဲ့ နှစ်ပေါင်းများစွာ သုတေသန အတွေ့အကြုံကို သာမကဘဲ အမြင့်ဆုံး အရည်အသွေး စံနှုန်းတွေကို ထောက်ပံ့နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ Max Berek ဆန်းသစ် တီထွင်မှုဆိုင်ရာ ဓာတ်ခွဲခန်းဟာ ကုမ္ပဏီနှစ်ခုလုံးရဲ့ အရင်းအမြစ်တွေနဲ့ တိုးချဲ့ထားတဲ့ ကျွမ်းကျင်မှုတွေကို ပေါင်းစည်းဖို့ သမိုင်းဝင်အခွင့်အရေး တခုကို ပေးနိုင်ပါတယ်” လို့ Max Berek ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာ၊ Leica Camera AG ရဲ့ လုပ်ငန်းဆောင်ရွက်ရေးဆိုင်ရာ အရာရှိချုပ် Mr.Markus Limberger က ပြောပါတယ်။

သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စင်တာအမည်ကို အဏုကြည့်ဗေဒကို ရှေ့ဆောင်တီထွင်သူ၊ Leica မှန်ဘီလူးများကို ပထမဆုံးဖန်တီးသူ၊ Oskar Barnack တီထွင်ခဲ့တဲ့ ဒဏ္ဍာရီလာ 35mm ကင်မရာများရဲ့ မှန်ဘီလူး ၂၀ ကျော် အမြင်ဆိုင်ရာဒီဇိုင်းကို တာဝန်ယူခဲ့သူ ဂျာမန်လူမျိုး Max Berek (၁၈၈၆ – ၁၉၄၉) ကို အစွဲပြုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။

Loading