ကျနော်တို့ရဲ့ နေစကြဝဠာထဲမှာ ယနေ့တိုင် အမှန်တကယ် ရှိ/မရှိ အတိအကျ မပြောနိုင်သေးတာက UFO (Unidentified Flying Object) ခေါ် အမည်မဖော်နိုင်တဲ့ ပျံသန်းနေတဲ့ အရာတွေ အကြောင်းပါ။ တချို့ကလည်း ပန်းကန်ပြားပျံ လို့လည်း ခေါ်ပါတယ်။ ၁၉၄၀ နှောင်းပိုင်း ကာလများနဲ့ ၁၉၅၀ ပြည့်နှစ်များအတွင်း လူအများကြားမှာ ပန်းကန်ပြားပျံ အကြောင်း လူသိများခဲ့ပါတယ်။ မှတ်တမ်းများ အရ ယူဖိုးခေါ် ပန်းကန်ပြားပျံတွေ အကြောင်း စတင်မှတ်တမ်းပြုခဲ့တာက ၁၈၇၈ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့ထုတ် Desison နေ့စဉ်သတင်းစာမှာ ဂျွန်မာတင်ရေးသားတဲ့ လယ်သမားတဦး ထူးဆန်း ပျံသန်းနေတဲ့ အရာတခု ဆိုတဲ့ ဆောင်းပါးက စတင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် ၁၈၉၇၊ ၁၉၀၄ ခုနှစ်တွေမှာလည်း ယူဖိုးတွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ သတင်းတွေထွက်ပေါ်လာသလို နောက်ပိုင်းမှာ ယူဖိုးနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေလည်း ယနေ့ ၂၁ ရာစုအထိ ဖန်တီးထွက်ပေါ်လာနေဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် ပန်းချီဆရာတွေကတော့ ၁၅ ရာစုလောက်ကတည်းက ယူဖိုးတွေကို တွေ့မြင်ခဲ့ပြီး ဖြစ်မယ်လို့ ခန့်မှန်းရတဲ့ ပန်းချီကား ၆ ကား အကြောင်း ဖော်ပြလိုက်ပါတယ်။
ပထမဆုံး အနေနဲ့ ပန်းချီဆရာ ဒိုမီနီကိုဂီယာလန်ဒီယို Domenico (Ghirlandaio -1449-1494) ရေးဆွဲခဲ့တဲ့ “The Madonna with Saint Giovannino” လို့ အမည်ပေးထားတဲ့ ပန်းချီကားထဲမှာ ဆိုရင် ယူဖိုးခေါ် အမည်မဖော်နိုင်တဲ့ အရာတခု ပျံသန်းနေတာကို လူတယောက်လှမ်းမျှော် ကြည့်နေပုံ ရေးဆွဲထားတာ ပန်းချီကားရဲ့ ယာဘက် အပေါ်ပိုင်း ဘက်ဂရောင်းမှာ တွေ့နိုင်ပါတယ်။
အဲဒီနောက် ၁၇၁၀ ခုနှစ်က ဒတ်ချ်ပန်းချီဆရာ Flemish artist Aert De Gelder ရေးဆွဲတဲ့ “The Baptism of Christ” လို့ အမည်ပေးထားတဲ့ ပန်းချီကားမှာဆိုရင် ယူဖိုးက ကျလာတဲ့ အလင်းတန်းအောက်မှာ Virtual သဏ္ဌာန်လူနဲ့ အဲဒီလူကို ဘေးက ဝိုင်းဝန်း မြင်နေရတဲ့ တကယ့်လူအစစ်တွေပုံကို ရေးဆွဲပြထားပါတယ်။ ဒီပန်းချီကားကို ကိန်းဘရစ်တက္ကသိုလ်က Fitzwilliam ပြတိုက်မှာ ပြသထားပါတယ်။
အပေါ်ဆုံးက ပန်းချီပုံကြီးရဲ့ ဘယ်ညာ အပေါ်ထောင့်စပ်တွေနားမှာ ပန်းချီကားရဲ့ အောက်မှာ အကြီးချဲ့ပြထားတဲ့ အရာဝတ္ထု နှစ်ခုကို ခပ်သေးသေး တွေ့မြင်နိုင်ပါတယ်။ “The Crucifixion” လို့ အမည်ပေးထားတဲ့ အဲဒီပန်းချီကားကို ၁၃၅၀ ခုနှစ်မှာ ရေးဆွဲတာ ဖြစ်ပြီး ယူဂိုဆလားဗီးယားနိုင်ငံ ကိုဆိုဗိုမြို့ရှိ Visoki Decani Monestary ကျောင်းတော်ရဲ့ နံရံမှာ ရေးဆွဲထားတာ ဖြစ်ပါတယ်။
ဖော်ပြထားတာက “The Magnificat” လို့ အမည်ပေးထားပြီး ရောင်စုံချည်နဲ့ ပုံဖော်ထိုးထားတဲ့ ပန်းချီကားကိုတော့ ၁၄ ရာစုက ဖန်တီးခဲ့ဖြစ်ပါတယ်။ မယ်တော်မေရီ အကြောင်း ဖန်တီးထားတဲ့ ဒီပန်းချီကားရဲ့ ညာဘက်အပေါ်ပိုင်းမှာ ဦးထုပ်သဖွယ် ဝဲပျံနေတဲ့ ယူဖိုးပုံကို တွေ့နိုင်ပါတယ်။ ပြင်သစ်နိုင်ငံ ဘာဂန်ဒီနယ် ဗျူနေးမှာရှိတဲ့ French basilica Notre-Dame ဘုရားရှိခိုးကျောင်းမှာ ရှိပါတယ်။
ဒီပန်းချီကားထဲမှာတော့ ဘောလုံးပုံပါနေတာ တွေ့ရမှာပါ။ Jacques Legrand ရေးသားတဲ့ “Le Livre Des Bonnes Moeurs” ဆိုတဲ့ စာအုပ်ထဲမှာ ပါပါတယ်။ အဲဒီ ပန်းချီကား ဖန်တီးရေးဆွဲချိန် ၁၃၃၈ ခုနှစ်က ပြသစ်မှာ ဘောလုံး ဆိုတာ မရှိသေး မပေါ်ခဲ့သေးဘူးလို့ ဆိုပါတယ်။
ဒီပန်းချီကားထဲမှာတော့ ခန့်ငြားထည်ဝါပြီး လှပတဲ့ အဆောက်အအုံကြီးရဲ့ အပေါ် အနက်ရောင် ကောင်းကင်ထဲကနေ ထိုးဆင်းကျလာနေတဲ့ ရောင်ခြည်ဟာ မယ်တော်မေရီရဲ့ ဦးခေါင်းနားရောက်တော့ အရောင်မှိန်သွားတာ တွေ့မြင်နိုင် ပါတယ်။ ၁၄၈၆ ခုနှစ်က ပန်းချီဆရာ Carlo Crivelli (1430-1495) ဖန်တီးခဲ့တဲ့ အဲဒီ ပန်းချီကားကို “The Annunciation with Saint Emidius” လို့ အမည်ပေးထားပြီး လန်ဒန်အမျိုးသား ပြတိုက်မှာ ရှိပါတယ်။
ကိုးကား – http://www.techeblog.com