နိုင်ငံတကာမှာဆိုရင် Ninja ZX-6Rလို့ လူသိများပြီး ပြည်တွင်းမှာတော့ ZX-6Rပဲ ခေါ်ကြပါတယ်။ Fighter ဘီးတွေလို့ ဒေသခေါ်ကြတဲ့ Sport Bike စစ်စစ်ပါ။ ဒီလို Sport Bikeစစ်စစ်လို့ ဆိုရတဲ့ အကြောင်း ကလည်း အခုလို ဆိုင်ကယ် ကိုယ်ထည်ပုံစံမျိုးနဲ့ Sport Bikeတန်းဝင် မဟုတ်ပဲ Standardတန်းဝင် အဖြစ် Yamaha FZလို မော်ဒယ်တွေ ဈေးကွက်ဝင် လူကြိုက်များနေတာကြောင့် ဖြစ်ပါတယ်။
အခု ZX-6Rကတော့ ပြိုင်ပွဲဝင် မော်ဒယ် အဖြစ်နဲ့ပါ သုံးနိုင်မယ့် မော်ဒယ်ပါ။ နာမည်ကျော် Kawasakiရဲ့ ထုတ်လုပ်မှု ဖြစ်ပြီး သက်တမ်း အနေနဲ့ ဆိုရင်လည်း ၁၉၉၅ခုနှစ်ကတည်းကနေ စတင် ထုတ်လုပ်လာခဲ့တဲ့ သက်တမ်းရင့် မော်ဒယ် တစ်ခုပါ။ 600နဲ့ 600Rလို မော်ဒယ်တွေနဲ့ အတူ လူကြိုက်များနေတဲ့ မော်ဒယ် ဖြစ်ပြီး အင်ဂျင်စနစ်က ကားတွေရဲ့ အင်ဂျင်လိုမျိုး လေးလုံးထိုးစနစ်နဲ့ ဖြစ်ပြီး ၆၀၀ စီစီသုံး အရွယ်ရှိပါတယ်။ ဒါက Hijetကားတွေရဲ့ အင်ဂျင်ထက် နည်းနည်းလေးပဲ ငယ်တာပါ။
အင်ဂျင်ကနေ ရုန်းအား ၅၂ပေါင်-ပေ ရှိပြီး မြင်းကောင်ရေ ၁၂၉ကောင်အားထိအောင် ထုတ်ပေးနိုင်မှာပါ။ များသောအားဖြင့် ဂီယာချက် ၅ချက်နဲ့ မော်ဒယ်တွေ ထုတ်လုပ်နေချိန်မှာ ZX-6Rက ၆ချက်သုံး စနစ်နဲ့ ဖြစ်ပါတယ်။ အင်ဂျင်စနစ်က အမြင့်ဆုံး လည်ပတ်နှုန်း အဖြစ် တစ်မိနစ်ကို အပတ်ရေ ၁၁၅၀၀ထိအောင် လည်ပတ်ပေးနိုင်မှာ ဖြစ်ပြီး ဒီလို အင်ဂျင်လည်ပတ်နှုန်း မြင့်မားမှုကြောင့်လည်း မော်ဒယ်က တစ်နာရီကို အမြန်ဆုံးနှုန်းအဖြစ် မိုင် ၁၆၀ထိအောင် မောင်းနှင်လာနိုင်စေတာလည်း ဖြစ်ပါတယ်။
ဘီးတွေက ၁၇လက်မ အရွယ် ဖြစ်ပြီး ရှေ့ဖက် 120/70တာယာနဲ့ နောက်ဖက်ကို 180/55တာယာတွေ ထည့်သွင်း တပ်ဆင်ထားပါတယ်။ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏက ၅၅လက်မရှိပြီး အကောင်းဆုံး ကတော့ မောင်းနှင်သူ တစ်ယောက်ပါ လိုက်ပါစီးနင်းဖို့ ဖြစ်ပါတယ်။ ဆိုင်ကယ်တစ်စီးလုံးရဲ့ အလျားက ၈၂ လက်မ၊ မျက်နှာစာ အကျယ် ၂၈လက်မနဲ့ အမြင့်က ၄၄လက်မပါ၊ ထိုင်ခုံကတော့ မြေပြင်ကနေ ၃၃လက်မ အကွာမှာ ရှိပါတယ်။ ၄၂၃ပေါင် လေးလံပြီး တပ်ဆင်ဆီတိုင်ကီက ၁၇လီတာ ဝင်ဆံ့ပါတယ်။
မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ် ဆိုရင် တစ်နာရီ မိုင် ၆၀နှုန်း (၉၇ကီလိုမီတာ)ရဖို့ အတွက် အချိန် ၃စက္ကန့်ပဲ လိုပါတယ်၊ ဒါက Twin-Turboနဲ့ V6အင်ဂျင်တပ် Sportကားတွေထက်ကိုပဲ စွမ်းဆောင်ရည် ပိုကောင်းနေသေးတာ ဖြစ်ပါတယ်။
တမိုင်ရဲ့ လေးချိုးတချိုးဖြစ်တဲ့ (ဝဒသမ ၄၀ကီလိုမီတာ) အကွာအဝေးကိုတော့ အချိန် ၁၁စက္ကန့် အတွင်းရောက်မှာပါ၊ အဲဒီလို ၁၁စက္ကန့်နဲ့ တမိုင်ရဲ့ လေးချိုးတစ်ချိုးအကွာအဝေးရဖို့ မောင်းနှင် နေချိန်မှာ ဆိုင်ကယ်ရဲ့ မြန်ှုနှုန်းက တနာရီ ၁၃၃မိုင်နီးပါးနှုန်းလောက်ထိအောင် ရှိနေမှာပါနော်။
အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းကတော့ အထက်မှာ ပြောခဲ့သလို တနာရီ မိုင် ၁၆၀(ကီလို ၂၆၄)လောက် ဖြစ်ပေမယ့် လမ်းကြောင်း အနေအထားအရ မောင်းနှင်ဖို့ မသင့်ပါဘူးနော်။
ဆီစားနှုန်းကတော့ တဂါလံကို ၄၁မိုင် စီးနင်းနိုင်မှာ ဖြစ်ပြီး ဆီတိုင်ကီ အပြည့်နဲ့ တဆက်တည်း မောင်းနှင်မယ် ဆိုရင် မိုင် ၁၆၀ ရောက်နိုင်ပါလိမ့်မယ်။ ဈေးကွက်မှာတော့ အနက်ရောင် ZX-6Rတမျိုးတည်း လောက်ပဲ အသင့် ဝယ်နိုင်တဲ့ အနေအထား ဖြစ်ပြီး တခြား အရောင်တွေဆိုရင်တော့ နည်းနည်း စောင့်ရပါလိမ့်မယ်။ ၂၀၁၅ ခုနှစ်ထုတ် မော်ဒယ်ကို ကီလို သုည အနေနဲ့ အသစ်ရနိုင်ပြီး ကျပ်ငွေနဲ့ဆိုရင် သိန်း ၂၅၀ကျော်လောက် ရှိပြီး ဒေါ်လာနဲ့ ဆိုရင်တော့ ၁၉၁၀၀လို့ သိရပါတယ်။