“ကျေးဇူးပြု၍ နားဆင်ပါရှင်၊ ကျမ နီဂျာဘာနိုပါ၊ လေယာဉ်မှာ လေယာဉ်မှူးတွေ မရှိပါဘူး၊ ဒီက ဆရာတွေ ပြောတဲ့အတိုင်း လိုက်နာရင် နှစ်ဦးနှစ်ဘက် အဆင်ပြေမှာပါ၊ လက်တွေချလို့ရပါပြီ”။
ပါကစ္စတန်နိုင်ငံ၊ ကရာချိလေဆိပ်သို့ ဘုံဘေမှ ဆိုက်ရောက်လာသော Pan Am 73 လေယာဉ်သည် ထွက်ခွာအံ့ ဆဲဆဲ၌ အကြမ်းဖက်သမားတို့ အပိုင်စီးခြင်း ခံလိုက်ရလေသည်။
ထိုသူတို့လက်၌ လူ ၄၀၀ နီးပါးသည် ထိတ်ထိတ်လန့်လန့်။
အကြမ်းဖက်သူတို့သည် နီးစပ်ရာ လေယာဉ်မယ်တဦးကို တွန်းထိုးခေါ်ဆောင်၍ ကြေညာခိုင်းခြင်းဖြစ်၏။ မိန်းကလေးသည် ကြောက်လန့်ခြင်းဖြင့် ဆောက်တည်ရာမရ။ ထို မိန်းကလေးကိုယ်စား နီဂျာက ဝင်ရောက် ဆောင်ရွက်ပေးရသည်။ နှစ်ဦးနှစ်ဖက် သက်သာစေသော အခြေအနေကို လိမ္မာစွာ ဖန်တီးယူရ၏၊ ထိုလက်မြှောက် လက်ချ အရေးကလေးကိုပင် ညှိနှိုင်းရသည်က အကြောက်အကန်။
ခေါင်းဆောင်က ညှိနှိုင်းရ မဆိုးလှ၊ အကြမ်းဖက် ၂ က လက်သွက်သူ ရက်စက်သူ၊ အကြမ််းဖက် ၃ ကမူ နောက်လိုက် သက်သက်။ သို့သော် ခရီးသည်တို့ကို ရိုင်းပြမောက်မာရာ၌မူ ညီညီညွတ်ညွတ်။
နီဂျာ့ ပယောဂသာ မပါလျှင် လေယာဉ်မှူးတို့ လွတ်မြောက်နိုင်စရာ မရှိ၊ ထိုအကြောင်းကြောင့် အကြမ်းဖက် ၂ ၏ သေနတ်ပြောင်းသည် နီဂျာခေါင်းမှ မခွာတော့၊ နီဂျာ့ကို သူသွေးတောင်းလျှက် ရှိသည်။
အားလုံး၏ အပြောအဆို အမူအရာ သူတို့ အလိုကျရန် အရေးကြီးသည်၊ အလိုမတွေ့လျှင် “ဒိုင်း”၊ ညွှန်ကြားမှုကို အတုံ့အပြန်နှေးလျှင် “ဒိုင်း၊ ဒိုင်း”၊ တောင်းဆိုမှုကို အာဏာပိုင်တို့ မလိုက်လျောလျှင် “ဒိုင်း၊ ဒိုင်း၊ ဒိုင်း”။ သေနတ်လက်နက်၊ ကြောက်မက်ဖွယ် မျက်နှာ၊ မရေရာသော အပေးအယူ၊ သေမိန့်၊ ယာဉ်အတွင်း ထိုအရာတို့ သာ ကြီးစိုးခြင်းရှိ၏။
လေယာဉ်မှူး ကင်းမဲ့သွားသော လေယာဉ်သည် ပြေးလမ်းပေါ်၌ ငုတ်တုတ်၊ ဖရင့်ဖတ်သို့ မရောက်နိုင်တော့၊ နယူးယောက်သို့ မရောက်နိုင်တော့။
အပြင်တွင် ညှိနှိုင်းသူတွေ ရောက်လာချေပြီ၊ အသံချဲ့စက်မှ အော်သံသည် ယာဉ်အတွင်းသို့ မရောက်၊ ပြူတင်း တံခါးတွေ အားလုံးပိတ်လိုက်ကြရသည်။ ခရီးသည်တို့၌ အကြားလည်း မရှိတော့၊ အမြင်လည်း မရှိတော့၊ ထိန်းချုပ်ရေး မျှော်စင်နှင့် ဆက်သွယ်ရန် ရေဒီယို အင်ဂျင်နီယာတဦး လိုအပ်လာသည်၊ ထိုအခါ နီဂျာ ခေါင်းသို့ သေနတ်ပြောင်း ကျရောက်လာပြန်၏၊ တခါမေးရပြန်၏၊ သူ့ကို စိုက်ကြည့်နေသူတဦးကို သတိပြုမိလိုက်သည်။ သူသိလိုက်ပါပြီ။ ထိုခရီးသည်ကို မသိမသာ ခေါင်းယမ်းပြရင်း မပါပါဘူးတဲ့ရှင်၊ နီဂျာ့ကို တံခါးဆီသို့ အတင်းဆွဲ ခေါ်သွားလေသည်။
ရုတ်တရက်ပွင့်လာသော တံခါးဝ၌ အကြီးတန်း လေယာဉ်မယ်လေးနှင့် ခရီးသည်တဦးကို သေနတ်ပြောင်း အောက်၌ ဒူးထောက်လျှက် တွေ့ရသည်။ လေယာဉ်မှူး အလိုရှိသည်တဲ့၊ နှောင့်နှေးသော် နာရီဝက်လျှင် တဦးကျ သတ်ပြတော့မည်တဲ့၊ ညှိနှိုင်းသူတို့ ကြားရသော ရာဇသံသည် ပြင်းပြင်းထန်ထန်။ သေခြင်းတရားသည် ယဇ်ကောင်ကို လက်လှမ်းလျှက်ရှိပြီ။ မည်သူလျှင်မြန်၊ မည်သူနောက်ကျ၊ မည်သူကျန်ရစ် ဆိုသောအဖြေသည် သွေးပျက်ဖွယ် ပကတိ။
နာရီဝက်ကျော်သွားခဲ့ပြီ၊ လေယာဉ်တံခါးကို ဆွဲဖွင့်လိုက်၏၊ ကျယ်လောင်သော သေနတ်သံနှင့်အတူ ခရီးသည် တို့၏ အော်သံသည် ငရဲမြည်ဟီးသည့်ပမာ၊ သေမင်းခံတွင်းသို့ တစုံတယောက် သက်ဆင်းသွားပေပြီ။
မတရားသောအမှုကို မပြုလေနှင့်၊ မတရားမှု မှန်သမျှ ဦးမညွှတ်လေနှင့်၊ စိတ်ခွန်အားကို မွေးမြူရမည်ဟု ဖခင်က အမြဲဆိုဆုံးမလေ့ရှိ၏၊ ထိုသတ္တိကြောင့် ရဲရင့်သတ္တိနှင့်အတူ နီဂျာ ပြန်လည်မွေးဖွားလာသည်။ သူဘာကိုမျှ မကြောက်တော့၊ အကြမ်းဖက်သမားတို့သည် သူတို့တာဝန်ကို သူတို့ ဆောင်ရွက်သကဲ့သို့ နီဂျာသည်လည်း ကိုယ့်တာဝန်ကို ကိုယ် ထမ်းရွက်ရတော့မည်၊ လေယာဉ်ပေါ်၌ သူက တာဝန်အရှိဆုံးသူ ဖြစ်လာခဲ့ပြီပဲ။
အကြမ်းဖက်သမားများကို အခြေအတင်ပြောကာ ခရီးသည်တွေကို ရေတိုက်ရသည်၊ သေဆုံးသွားသူ၏ အဖွားကို နှစ်သိမ့်ရသည်။ သူ့မျက်မှောက်မှာပင် သူ့မြေးက အသတ်ခံလိုက်ရသည် မဟုတ်လား။
အချိန်ကာလ ကုန်ဆုံးသွားသည်နှင့်အမျှ အကြမ်းဖက်သူတို့၏ ဒေါသကလည်း ပိုမိုကြီးလာသည်၊ ယခု အမေရိကန် ပတ်စ်ပို့ကို တောင်းနေချေပြီ၊ နီဂျာတို့ မကူညီလျှင် အခြေအနေကို ထိန်းသိမ်းနိုင်တော့မည် မဟုတ်။ ရရှိလာသမျှ အမေရိကန် ပတ်စ်ပို့များကို ဝှက်ရသိမ်းရ စွန့်ပစ်ခဲ့ကြသည်။ အမေရိကန်နိုင်ငံသား တဦးမျှမတွေ့ရ သောအခါ အကြမ်းဖက်သူတို့ ပိုမိုဒေါသကြီးလာပြီး UK နိုင်ငံသား တဦးကို ခေါ်ထုတ်လိုက်တော့သည်။
ပြင်ပညှိနှိုင်းသူတို့ အကြောင်းကြားသဖြင့် လေယာဉ်ပေါ်တွင် ရေဒီယိုအင်ဂျင်နီယာ ရှိနေကြောင်း သိသွားကြသည်။ ထိန်ချန်မှုကြောင့် နီဂျာနှင့် အင်ဂျင်နီယာတို့ ၂ ဦးကို ရိုက်မောင်းပုတ်မောင်း၊ မျှော်စင်နှင့် ဆက်သွယ်၍ ရသွားသည့်တိုင် သူတိုစိတ်တိုင်းကျ အဖြေမရ၊ လေယာဉ်ပေါ်တွင် အုပ်ထိန်းသူမပါသည့် ကလေး ၃ ဦးပါသည်၊ ကလေး ၁ ဦးက ဆီးသွားချင်လာသည်၊ အကြမ်းဖက် ၂ က အိမ်သာသွားခွင့်မပြု၊ ထိုဆုံးဖြတ်ချက်ကြောင့် အကြမ်းဖက် ၂ နှင့် ၃ ပဋိပက္ခ ဖြစ်ကြသည်၊ ခေါင်းဆောင်က လာရောက် ဖြန်ဖြေသည့်တိုင် အကြမ်းဖက် ၂ က ဒေါသမပြေနိုင်၊ အင်ဂျင်နီယာကို ပစ်သတ်လိုက်ခြင်းဖြင့် သူ့ဒေါသကို နိဂုံးချုပ်လိုက်လေသည်။
ညနေစောင်းသွားပြီ၊ ယာဉ်အတွင်း၌ လင်းနေသော အရေးပေါ်မီး ဘက်ထရီကုန်သွားပြီ ဖြစ်၏၊ မီးငြိမ်းသွားသည်၊ ထိုဖြစ်ရပ်ကို ပြင်ပမှ လာရောက်စီးနင်းသည်ဟု အကြမ်းသမားတို့ ယူဆပြီး ခရီးသည်တို့ကို စတင်ပစ်ခတ်တော့သည်။ ထိုအချိန်ကို အခွင့်ကောင်းယူ၍ အရေးပေါ်တံခါးကို ဖွင့်ကာ ခရီးသည်တို့ လွတ်မြောက်အောင် နီဂျာ ဖန်တီးပေးရသည်။
သူ့ကို တကြော်ကြော် ခေါ်နေသည့်တိုင် နီဂျာ မဆင်းနိုင်သေး၊ ကလေးတွေ၊ ကလေးတွေ သူတို့ ဘယ်မှာပါလိမ့်၊ မှောင်နှင့်မဲမဲ၊ သေနတ်သံ တဒိုင်းဒိုင်း ကြားမှာပင် ကလေးတွေကို ရှာရသည်၊ ကလေးတွေကို ထွက်ပေါက်ဆီသို့ ခေါ်ရသည်၊ နီဂျာတို့ လွတ်ပြီ၊ ထိုအခိုက်အတန့်တွင် အကြမ်းဖက် ၂ ၏ သေနတ်သည် နီဂျာ၏ သွေးကို သောက်ခွင့် ရသွားလေသည်။
အသက် ၂၃ နှစ်ပြည့်သည့်နေ့ ၇ ရက် ၉ လ ၈၆ ခုနှစ်တွင် နီဂျာ ဘုံဘေသို့ ပြန်လည် ရောက်ရှိလာသည်၊ ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေဟု ဆုတောင်းခွင့် မည်သူမျှ မရတော့။
Neerja အမည်ရှိ ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါသည်။ လူပေါင်း ၃၇၉ ဦးအနက် ၃၅၉ ဦး ရှင်သန် လွတ်မြောက်ခဲ့သည်မှာ နီဂျာ၏ ပါးနပ်မှု၊ ရဲရင့်သတ္တိနှင့် တာဝန် ကျေပွန်မှုတို့ကြောင့်သာ ဖြစ်၏။
နောက် ၁ နှစ် အကြာတွင် အိန္ဒိယအစိုးရသည် မိန်းကလေး၏ ရဲရင့်သတ္တိနှင့် တာဝန်ကျေပွန်မှုကို ဂုဏ်ပြုသော အားဖြင့် Ashok Chakra (အသောက စကြာ) ဆုတံဆိပ် ချီးမြှင့်ခဲ့ပါသည်။
ထိုဆုကို ရသူတို့အနက် နီဂျာသည် အသက်အငယ်ဆုံးဖြစ်၏၊ ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံတို့မှလည်း အလားတူဆုမျိုး ချီးမြှင့်၍ မိန်းကလေးကို ဂုဏ်ပြုခဲ့ကြသည်။
“သိုးထိန်းကောင်းတို့သည် သိုးအုပ်အတွက် အသက်ကိုစွန့်ရာ၏” ဟု ရှင်မဿဲ၏ ခရစ်ဝင်၌ အဆိုရှိသည် မဟုတ်လော။