Lifestyle

အင်ဒိုနီးရှား ရုပ်ရှင်လောက တခေတ်ဆန်းချိန်

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှား ရုပ်ရှင်လောက တခေတ်ဆန်းချိန် ရောက်နေပြီ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ပထမ ၈ လအတွင်းတွင် ရုပ်ရှင် ကား ၈ ကားက လက်မှတ် စောင်ရေ ၁ သန်းကျော် ရောင်းချခဲ့ရသည်။ ၂၀၁၅ ခုနှစ်က ထိုကာလ အပိုင်းအခြား အတွင်းတွင် ၃ ကားသာ အောင်မြင်ခဲ့ပါသည်။ ရုပ်ရှင်ဇာတ်ကားများကြောင့် ပြည့်ကျပ်နေသော လမ်းမများ၊ ကော်ဇောနီခင်း အထူးပြပွဲများဖြင့် ဂျကာတာမြို့က ဂျောလီးဝုဒ် (Jollywood) အဖြစ်သို့ ပြောင်းလဲလာသည်။

ထိုသို့ ဖြစ်ပေါ်လာစေရန် ရှေ့ဆောင်ခဲ့သည်မှာ “Ada Apa Dengan Cinta” (ဘာဖြစ်တာလဲ စင်တာ) ဇာတ်လမ်းတွဲများ ဖြစ်သည် ဆိုခြင်းက အငြင်းပွားဖွယ်ရာ မရှိပါ။ “Ada Apa Dengan Cinta” (၁) နှင့် (၂) တို့ကို ၂၀၀၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင် အသီးသီး ရုံတင်ပြသခဲ့ပါသည်။ ထုတ်လုပ်သူနှင့် ဒါရိုက်တာများ ဖြစ်သည့် ရာရီ ရီဇာ (Riri Riza) နှင့် မီရာ လက်စ်မာနာ (Mira Lesmana) တို့ ရိုက်ကူးခဲ့သည့် အဆိုပါ အချစ်၊ ဟာသ ဇာတ်ကား ၂ ကားက ပြုပြင်ပြောင်းလဲရေး ခေတ်လွန် အင်ဒိုနီးရှားနိုင်ငံ၏ စရိုက်လက္ခဏာ၏ ပုံရိပ်တခု၊ ဆက်သွယ်မှုတခု ဖြစ်လာခဲ့သည်။ စင်တာ (Cinta) အဖြစ် ဟောလီးဝုဒ် မင်းသမီး ကိတ်ဝင်းစလက် (Kate Winslet) ကဲ့သို့ လှပသော ဒီယန် စစ်စထရိုဝါဒိုယို (Dian Sastrowardoyo) က သရုပ်ဆောင်ထားပြီး လူချောလေး ရန့်ဂါ (Rangga) အဖြစ် နီကိုလပ်စ် စပူထရာ (Nicholas Saputra) က သရုပ် ဆောင်ခဲ့သည်။

“၁၉၉၀ နှစ်တွေထဲမှာတုန်းကတော့ ပြည်တွင်း ရုပ်ရှင်လောကက မေ့မျောနေခဲ့တယ်။ အဲဒီ အချိန်တုန်းက ရုပ်ရှင် ရိုက်ဖို့ ဘာပဲလုပ်လုပ် ပါမစ်နဲ့ ဆင်ဆာ ကြိုတင်ခွင့်ပြုချက်တွေ လိုတယ်။ သမ္မတဟောင်း အဗ္ဗဒူရာမန် ဝါဟစ် (Abdurrahman Wahid) က ဒါတွေ အားလုံးကို ပြောင်းလဲပေးခဲ့တဲ့အတွက် ရုပ်ရှင်လောက လွတ်လပ်လာခဲ့ပါတယ်” ဟု မီရာ လက်စ်မာနာက ရှင်းပြသည်။

၂၀၀၂ ခုနှစ်တွင် ကလေးရုပ်ရှင် ဖြစ်သည့် Petualangan Sherina (ရှရီနာ၏ စွန့်စားခန်း) ဇာတ်ကားက အံ့အားသင့် ဖွယ်ရာ အောင်မြင်ခဲ့ပြီးနောက် ရာရီ ရီဇာ နှင့် Mira Lesmana တို့က ဆယ်ကျော်သက် ဈေးကွက်ကို ထိုးဖောက်ရန် စိတ်အား ထက်သန်လာခဲ့ကြသည်။ “လူအများစုက ကျမတို့ကို ရူးနေပြီလို့ ထင်ခဲ့ကြသည်။ ဒါပေမယ့် ကျမတို့က သူတို့ (ဆယ်ကျော်သက်များ) နားလည်အောင် ပြောနိုင်ရင်၊ သူတို့ ကမ္ဘာထဲကို ဝင်နိုင်ရင် ကျမတို့နဲ့ သူတို့နဲ့ ဆက်သွယ်လို့ ရမယ်လို့ ကျ မ အခိုင်အမာ ယုံကြည်ခဲ့ပါတယ်” ဟု မီရာ လက်စ်မာနာက ပြောသည်။

ဆူဟာတို ခေတ်က ထိန်းချုပ်မှုများကို ဖယ်ရှားပေးလိုက်ခြင်းကြောင့် ရုပ်ရှင်ရိုက်ကူးသူများမှာ လမ်းပေါ်မှ စကားများကို သုံးစွဲ နိုင်လာသည်။ “Ada Apa Dengan Cinta” (၁) တွင် အင်ဒိုနီးရှား လွတ်လပ်ရေး သူရဲကောင်း ချိုင်ရီးလ် အန်နဝါ (Chairil Anwar) နှင့် ဇာတ်ညွှန်းရေးဆရာ ဆဂျူမန် ဒီဂျရာ (Sjuman Djaya) တို့ ၏ ကဗျာ စာပေများကိုလည်း ထည့်သွင်းခဲ့သည်။ ချိုင်ရီးလ် အန်နဝါ နှင့် ဆဂျူမန် ဒီဂျရာ တို့ ၂ ဦးကို ပေါင်းစပ်ပေးခြင်းက ရင်ဖိုစရာ ရသကို ဖြစ်စေသလို အဆင့်အတန်း ၂ ခုကြား ( တဦးက အဆင့်အတန်း မြင့်ပြီး တဦးက အဆင့်အတန်း နိမ့်ကျသည်) တွင် သက်သောင့်သက်သာ ပြောင်းလဲ စေနိုင်ခဲ့သည့် အတွက် ခမ်းနားသော နောက်ဆက်တွဲ ဖြစ်ရပ်တခုကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့ သည်။

ကျနော်တို့ ကြည့်ခဲ့ရသည့် ပထမဆုံးသော “Ada Apa Dengan Cinta” ရုပ်ရှင်၏ ဇာတ်သိမ်းပိုင်းတွင် သူ့ကို ရည်ညွှန်း စပ်ဆိုထားသည့် ကဗျာကို ရွတ်ဆိုနေသည့် ရန့်ဂါ ၏ အသံနှင့် စင်တာ၏ တုန့်ပြန်မှုကို မြင်ခဲ့ကြရသည်။
ထို့ပြင် ရာရီ ရီဇာ အတွက် တေးဂီတက ဇာတ်လမ်းကို ခိုင်မာ အားကောင်းလာအောင် သိသိသာသာ ပံ့ပိုးပေးနိုင်သည့် အရာ ဖြစ်သည်။ အန်တို ဟိုယက် (Anto Hoed) နှင့် မယ်လီ ဂို့စ်လော (Melly Goeslaw) တို့၏ လက်ရာ ဇာတ်ဝင်သီချင်းများကို လနှင့် နှစ်နှင့် ချီ၍ ရေဒီယိုလိုင်းများတွင် ထုတ်လွှင့် ပေးခဲ့ရသည်။

“ဒီဇာတ်ကားက လူငယ်တွေရဲ့ အင်ဒိုနီးရှား ဆန်မှုကို ရိုက်ကူးထားတာ ဖြစ်ပါတယ်” ဟု ရာရီ ရီဇာက ပြောသည်ကို ငြင်းဆန်ရန် ခက်ခဲပါလိမ့်မည်။

ထို့ပြင် “Ada Apa Dengan Cinta” (၁) သို့မဟုတ် AADC1 ကို ပထမဆုံး ပြသခဲ့သည့် ၂၀၀၂ ခုနှစ် အစောပိုင်းတွင် ဇာတ်ကားတွင် အရေးပါသော အကောင်းမြင်ဝါဒ (အချစ်နှင့် ခင်မင်ရင်းနှီးမှုက အဂတိတရားနှင့် အကြမ်းဖက်မှုကို အောင်နိုင်ကြောင်း) ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး အခြေအနေနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ အမ်ဘွန် (Ambon) နှင့် ကာလီမန်တန် (Kalimantan) ဒေသတို့တွင် ဘာသာရေးကို အခြေခံသည့် အကြမ်းဖက်မှုများ ပုံမှန်လို ပေါ်ပေါက်နေခဲ့သည့် အချိန်တွင် သမ္မတ အဗ္ဗဒူရာမန် ဝါဟစ် ထံမှ အာဏာကို မေဃာဝတီ ဆူကာနိုပူထရီ (Megawati Soekarnoputri) က လွှဲပြောင်းရ ယူခဲ့သည်။

ပြုပြင်ပြောင်းလဲရေး ခေတ်လွန် ကာလတွင် အကြမ်းဖက်မှုများ ကြုံသလို ပေါ်ပေါက်လာနိုင်ခြင်းကို အသိအမှတ် ပြုခဲ့သလို AADC ဇာတ်ကားက ဂျာကာတာမြို့ကို ရှေးဟောင်းဆန်သည့် ကော်ဖီဆိုင်များ၊ စာအုပ်ဟောင်းဆိုင်များနှင့် ကောင်းစွာ မီးမလင်းသည့် ဆင်ခြေဖုံး လမ်းများ ရှိနေသော စိတ်ကူးယဉ်စရာ နေရာတခုအဖြစ် ဖော်ပြခဲ့သည်။

သို့သော်လည်း ဒွိဟဖြစ်စရာ ဇာတ်သိမ်းခန်းတွင် ရန့်ဂါက နယူးယောက်သို့ ထွက်သွားပြီးနောက် ပေးစာပုံစံ အချစ်ကို ဖွင့်ဟခြင်းက စိတ်လှုပ်ရှာဖွယ်ရာ ပြန်လည်ပေါင်းစည်းမှု တခုနှင့် အချစ်ဇာတ်လမ်း ကို မဖြေရှင်းဘဲ ချန်ထားခဲ့သည်။ နောက်ထပ် ၁၄ နှစ်ကြာမြင့်ခဲ့ပြီး တောင်ကိုရီးယားမှ ရုပ်သံဇာတ်လမ်းတွဲ ထုတ်လုပ်သူများက အကျဉ်းချုံးရိုက်ကူး ခဲ့သည့် ဇာတ်လမ်းတိုကလည်း ပျံ့နှံ့ အောင်မြင်ခဲ့ပြီး နောက်တွင် စင်တာ နှင့် ရန့်ဂါ၏ ကမ္ဘာကို ကျနော်တို့ ပြန်လည် ရောက်ရှိခဲ့သည်။

ပုံမှန်အားဖြင့် နောက်ဆက်တွဲ ဇာတ်လမ်းများက စိတ်ပျက်စရာ ဖြစ်တတ်သော်လည်း AADC2 က လက်မှတ်စောင်ရေ ၃ ဒသမ ၇ သန်း ရောင်းချရပြီး ရုပ်ရှင်ရုံ အများအပြားတွင် အလွန် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမှ ဂျွန် လွိုက် ခရုဇ် (John Lloyd Cruz) ၏ ယခုနှစ် အတွင်းတွင် အောင်မြင်ခဲ့သော “A Second Chance” ဇာတ်ကားကဲ့သို့ ပင်ဖြစ်သည်။

AADC2 တွင်မူ ချစ်သူ ၂ ယောက် (စင်တာ နှင့် ရန့်ဂါ) တို့က အင်ဒိုနီးရှားနိုင်ငံလိုပင် အပြောင်းအလဲတွေ ရှိလာသည်။ ၂ ယောက်လုံး အရွယ်ရောက် ရင့်ကျက်လာကြပြီး စင်တာက ယခုအခါ ဂျကာတာမြို့တွင် ကော်ဖီဆိုင် ပိုင်ရှင် တယောက် ဖြစ်လာပြီး ရန့်ဂါကလည်း နယူးယောက်မြို့မှ ကော်ဖီဆိုင် ၁ ဆိုင်ကို အခြားသူတယောက်နှင့် ပူးတွဲ ပိုင်ဆိုင်သူ ဖြစ်လာသည်။

AADC2 တွင် သမိုင်းဝင် ရှေးဟောင်း အနုပညာများရှိရာ ယိုဂယာကာတာ (Yogyakarta) မြို့က သူတို့၏ အချစ်ကို ဖော်ပြသည့်နေရာ တခုဖြစ် လာသည်။ AADC1 တွင် ကဗျာက အဓိက ဖြစ်ခဲ့သည့် နေရာကို အစားထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။ ယောဂလေ့ကျင့်ခြင်းက စင်တာ၏ စိတ်ကို ပျော့ပြောင်းလာစေပြီး ရန့်ဂါ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည့် အတွက် ဖြစ်ရသည့် ဒေါသများ လျော့ပါးလာသည်ကိုလည်း ကျနော်တို့ မြင်တွေ့ရသည်။ နောက်ဆုံးတွင် (အမျိုးသမီး ပရိသတ်များ သဘောကျတတ်သည့် ပုံစံအတိုင်း) သူတို့ ၂ ယောက်ပြန်လည် ဆုံတွေ့ကြသည်။

အင်ဒိုနီးရှား ရုပ်ရှင်လောက တခေတ်ဆန်းချိန်

AADC1 က လူလားမြောက်လာသည့် အကြောင်း ဖြစ်ပြီး ကိုယ့်ကိုယ်ကို ရှာဖွေရင်း မိတ်ဆွေများ၊ မိသားစု သို့မဟုတ် ချစ်သူများနှင့် ပတ်သက်၍ ခက်ခဲသော ရွေးချယ်မှုများ ပြုလုပ်ရသည်ကို တွေ့ရမည် ဖြစ်သည်။ AADC2 ကတော့ မိမိ၏ အသိုင်းအဝိုင်းကို စွန့်ခွာထွက်သွားရန် ကဲ့သို့သော ပိုမိုခက်ခဲသည့် ဆုံးဖြတ်ချက်များနှင့် သက်ဆိုင်လာသည်။

ထိုသို့သော အကြောင်းများကြောင့်ပင်လျှင် AADC ရုပ်ရှင်များက အင်ဒိုနီးရှား ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်ပုံ ရပါသည်။ AADC ရုပ်ရှင်များက အင်ဒိုနီးရှားနိုင်ငံ ဖြတ်သန်းခဲ့ရသည့် ခရီးနှင့် ပတ်သက်သော စိတ်လှုပ်ရှား ဖွယ်ရာ ခံစားမှုကို ဖော်ပြနေသလို ဘယ်လောက်အထိ ဆက်သွားနိုင်မည်နည်း ဆိုသည်ကိုလည်း ဖော်ပြနေသည်။

စင်တာ နှင့် ရန့်ဂါတို့ နှစ်ယောက်လုံးက ကြီးမားသော မျှော်လင့်ချက်ဖြင့် နေထိုင်ခဲ့သည်မှာ ၁၄ နှစ်ကြာမြင့်ခဲ့သည်။ ထိုအချိန် ကာလအတွင်းမှာပင် အင်ဒိုနီးရှား ရုပ်ရှင်လောက ပြန်လည် မြင့်တက်လာရေးအတွက် မျှော်လင့်ချက်များ ရှိနေသည်။ တဘက်တွင်လည်း (တချိန်က) ငယ်ရွယ်သူ ချစ်သူ ၂ ယောက်ဖြစ်သည့် စင်တာ နှင့် ရန့်ဂါ တို့အတွက် ပိုမိုကြီးမားသည့် တစုံတရာ (တနိုင်ငံလုံး၏ မျှော်လင့်ချက်နှင့် အိပ်မက်များ) ရှိနေသည်။

ထို့ကြောင့်ပင် AADC တတိယပိုင်း ရှိလာဦးမည်ဟု ကျနော် ထင်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယခု မျိုးဆက်များ အရွယ်ရောက်လာလျှင် ဖျော်ဖြေရေး အတွက်၊ လမ်းညွှန်မှု ရရန် အတွက်နှင့် (အရေးအကြီးဆုံး အနေဖြင့်) အမှတ်တရ ဖြစ်ရပ်များကို ဝေမျှရန် အတွက် (ယခင်မျိုးဆက်များက မဟာဘရတ ဇာတ်ကောင်များကို လေ့လာခဲ့ကြသလို) စင်တာ နှင့် ရန့်ဂါ တို့ကို ကြည့်ကြဦးမည် ဖြစ်သောကြောင့်ပင်။

(ကရင်မ် ရတ်စ်လာမ် (Karim Raslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading