Samsung Galaxy Note 7 အသစ်ပြန်လည်လဲလှယ်ပေးမယ့် အစီအစဉ်မှာ ပစ္စည်းပြန်လည်ပေးအပ် ထားသူတွေနဲ့ ပြန်လည်ပေးအပ်မယ့်သူတွေအနေနဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကစပြီး မိမိ ဝယ်ယူ ထားတဲ့ Brand Shop တွေမှာ Galaxy Note 7 စမတ်ဖုန်း အသစ်တွေကို ထုတ်ယူနိုင်ပြီလို့ Samsung Myanmar မှ သတင်းထုတ်ပြန်ထားပါတယ်။
တခြားနိုင်ငံတွေက ဝယ်ယူထားတဲ့ Note 7 ဖုန်းတွေကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့က စပြီး ရန်ကုန်မြို့၊ မြန်မာပလာဇာမှာရှိတဲ့ Samsung Brand Shop နဲ့ မန္တလေးမြို့ ၇၈ လမ်းမှာရှိတဲ့ Samsung Brand Shop တွေမှာ ၅ ရက်အတွင်း ပြန်လည်လဲလှယ်ပေးမယ်လို့ သိရပါတယ်။
တခြားနိုင်ငံတွေက ဝယ်ထားတဲ့ Note 7 ဖုန်းတွေကိုတော့ လဲလှယ်ရာမှာ ကိုယ်လိုချင်တဲ့ ဖုန်းအရောင် ရွေးချယ်ခွင့်ရှိမှာ မဟုတ်ပါဘူး။ Samsung မှ Galaxy Note 7 ဖုန်းတွေကို ဘက်ထရီထုတ်လုပ်မှုစံနှုန်း အသစ်နဲ့ ထုတ်လုပ်ထားတဲံ ဖုန်းအသစ်များနဲ့ အစားထိုး လဲလှယ်ပေးတာပဲ ဖြစ်ပါတယ်။
သုံးစွဲသူတွေအနေနဲ့ Galaxy Note 7 ဖုန်းသစ်ကို ယုံယုံကြည်ကြည် အသုံးပြုနိုင်အောင် Samsung မှ ဆော့ဖ်ဝဲအသစ်မှာ အစိမ်းရောင်ဘက်ထရီ Icon အသစ်ကို စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ အစိမ်းရောင်ဘက်ထရီ Icon ကို Status Bar ၊ Always on Display Screen နဲ့ Power Off Prompt Screen တို့မှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် သုံးစွဲသူတွေအနေနဲ့ Galaxy Note 7 ဖုန်းအသစ်ကို ဖုန်းဘူးခွံပေါ်မှာရှိတဲ့ Label ပေါ်က စတုရန်းပုံစံ အမှတ်အသားကို ကြည့်ရှုပြီး အလွယ်တကူ စစ်ဆေးနိုင်မယ်လို့ သိရပါတယ်။ Galaxy Note 7 ဖုန်းဘက်ထရီ Icon အရောင်က Software update ပြုလုပ်ပြီးချိန်မှာ အစိမ်းရောင်အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
ယခင် ဝယ်ယူထားတဲ့ Note 7 ဖုန်းဆိုရင်တော့ ဘက်ထရီအားသွင်းချိန်မှာ ၆၀ ရာခိုင်နှုန်း အထိသာ ကန့်သတ်ပေးသွင်းသွားပြီး အသစ်လဲလှယ်ပေးမယ့် Note 7 ဖုန်းအသစ်တွေကတော့ ပုံမှန်အတိုင်း ၁၀၀ ရာခိုင်နှုန်းအပြည့် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
Note 7 စမတ်ဖုန်းတွေကို ဘက်ထရီပိုင်းဆိုင်ရာ ပြဿနာများကြောင့် အားသွင်းရာမှတဆင့် အပူလွန်ကဲပြီး ပေါက်ကွဲတတ်လို့ ကမ္ဘာ့ဈေးကွက် နိုင်ငံတချို့မှာ ပြန်လည် သိမ်းဆည်းတယ်ဆိုတဲ့ သတင်းတွေ Note 7 မိတ်ဆက်ပြီး သိပ်မကြာခင်မှာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း စက်တင်ဘာလ ၁၁ ရက်နေ့မှာ Note 7 စမတ်ဖုန်း စတင်ရောင်းချမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းပြီး ကြိုတင် ဝယ်ယူထားတဲ့သူတွေကို အစားထိုးလဲလှယ်ပေးမယ့် အစီအစဉ်ကို စက်တင်ဘာလ ပထမပတ်အတွင်းက Samsung Myanmar က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Note 7 ဖုန်း ပေါက်ကွဲတတ်တဲ့ သတင်းများ ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်းမှာ Note 7 ဖုန်းကို လေယာဉ်ပေါ် သယ်ဆောင်ခွင့်မပြု၊ အသုံးပြုခွင့်မပြု စတဲ့ ထုတ်ပြန်ချက်တွေကို နိုင်ငံတချို့က လေဆိပ်များနဲ့ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်စတဲ့ လေကြောင်းလိုင်းတွေမှာပါ ကန့်သတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဆက်စပ်သတင်း – https://burma.irrawaddy.com/lifestyle/2016/09/06/122354.html