Lifestyle

အမှိုက်ပုံးထဲကို အမှိုက်မပစ်တတ်ကြတဲ့ လူတွေ အများကြီးပါပဲ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့မှာတည်ရှိတဲ့ တောင်ကြီးတက္ကသိုလ်ရဲ့ နေရာအနှံအပြားမှာ USE ME လို့ ရေးသားထားတဲ့ အမှိုက်ပုံးများစွာကို တွေ့မြင်ကြရမှာပါ။ ဒီအမှိုက်ပုံးများကို တောင်ကြီးတက္ကသိုလ် ပရဟိတလူငယ်အဖွဲ့ ဆိုတဲ့ တောင်ကြီးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့ လူငယ်အဖွဲ့က တက္ကသိုလ် ကျောင်းတော်ကြီး သန့်ရှင်းသာယာ လှပစေရန်နဲ့ ကျောင်းသားကျောင်းသူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ဖို့အတွက် ရည်ရွယ်ပြီး လှူဒါန်းထားကြခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အမှိုက်ပုံးထဲက အမှိုက်များကို တပတ်လျှင်တကြိမ် စုပေါင်းပြီး စွန့်ပစ်ကြသလို အဲ့ဒီနေ့မှာပဲ ကျောင်းဝင်းအတွင်းက အမှိုက်များကို ကောက်ယူကြတဲ့ ဓလေ့လည်း ရှိနေပါတယ်။ ဒီ ပရဟိတ လူငယ်အဖွဲ့ကို စတင်တည်ထောင် ဖွဲ့စည်းခဲ့တဲ့ အသက်၂၀ အရွယ် သချၤာအထူးပြုကျောင်းသား မောင်မျိုးအောင်က တောင်ကြီးတက္ကသိုလ် ပရဟိတလူငယ်အဖွဲ့ ဖွဲ့စည်းဖြစ်ပုံနဲ့အတူ ပရဟိတအပေါ် သူ့ရဲ့စိတ်ခံစားချက်၊ သူ့ရဲ့ အဖွဲ့အစည်းအပေါ်ထားရှိတဲ့ မျှော်မှန်းချက်စိတ်ထားတွေကို ဧရာဝတီကို ပြောပြထားတာဖြစ်ပါတယ်။

ကျနော် ပထမနှစ် ကျောင်းစတက်တော့ သူများတွေ စုပေါင်းပြီး ပရဟိတလုပ်ကြတာတွေကို အားကျခဲ့တယ်။

တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေဖြစ်တဲ့ ကျနော်တို့တွေလည်း ဒီလိုစုပေါင်းပြီး ပရဟိတအလုပ်တွေ လုပ်ကြရင်ကောင်းမယ်ဆိုတဲ့ အတွေး အမြဲတွေးဖြစ်တယ်။ အဲ့ဒါနဲ့ ပထမနှစ် ဒုတိယနှစ်ဝက် ကျောင်းစဖွင့်တဲ့အခါမှာ ကိုယ်နဲ့ ခင်နေတဲ့ ကိုယ့်အတန်းထဲက သူငယ်ချင်းတချို့ကို စည်းရုံးပြီး ပရဟိတလုပ်ငန်းလေးတွေ လုပ်ကြရအောင်လို့ ပြောဖြစ်ကြတယ်။ ဒါနဲ့ မေဂျာတူတဲ့ သူငယ်ချင်း ၂၅ ယောက်လောက် စုပြီး ပရဟိတလုပ်ငန်းတွေ စလုပ်ဖြစ်ကြတယ်။ အဲ့ဒီတုန်းကတော့ မိဘမဲ့ကျောင်းတွေသွားတယ်၊ ဘုရားရင်ပြင်ပေါ် သန့်ရှင်းရေးလုပ်တယ် အဲ့ဒါလောက်ပါပဲ။ နောက်တော့ ကျွန်တော်တို့ အဖွဲ့လေးဖွဲ့မယ်လို့စိတ်ကူးဖြစ်တယ်။ သချၤာမေဂျာ ပရဟိတအဖွဲ့ပေါ့လေ။ နောက်ရေရှည်အတွက် ထပ် စဉ်းစားဖြစ်တာက သချၤာမေဂျာလို့ ခေါင်းစဉ်တပ်လိုက်ရင် တခြားမေဂျာက သူငယ်ချင်းတွေ ပါဝင်ဖို့ခက်ခဲမယ်။အဲ့ဒီတော့ တက္ကသိုလ်မှာ ကျောင်းတက်နေကြတဲ့ သူငယ်ချင်းတွေအားလုံးပါဝင်နိုင်အောင် တောင်ကြီး တက္ကသိုလ်ပရဟိတအဖွဲ့လို့ပဲ နာမည်ပေးလိုက်တော့ အားလုံး စုစုစည်းစည်းနဲ့ပါဝင်နိုင်ပြီးတော့ ကျနော်တို့ တက်နေတဲ့ တက္ကသိုလ်ရဲ့ ပုံရိပ်လည်း သူများတွေအမြင်မှာ ကောင်းမွန်တဲ့ပုံရိပ်ဖြစ်စေချင်တယ်။ ဒါနဲ့ပဲ ဒုတိယနှစ် စတက်တော့ ဒီ နာမည်နဲ့ပဲ စတင် လှုပ်ရှားနိုင်ဖို့အတွက် ကြိုးစားခဲ့တယ်။ ဒါနဲ့ပဲ ကျနော်တို့ ပါမောက္ခ ဆရာမကြီးကို ဒီလိုအဖွဲ့လေး ဖွဲ့ချင်ကြောင်း တင်ပြတယ်။

ဆရာမကြီးကလည်း ဒါကောင်းတဲ့အလုပ်ဖြစ်တဲ့အတွက် အားပေးတယ်။ တရားဝင်ဖြစ်အောင် ပါမောက္ခချုပ် ဆရာမကြီးဆီကို တင်ပြရမယ်ဆိုတာနဲ့ တရားဝင်တင်ပြတယ်။ ကျောင်းထဲမှာ သန့်ရှင်းရေးလုပ်ခွင့်၊ အမှိုက်ကောက်ခွင့် အပြင် တောင်ကြီးတက္ကသိုလ် နာမည်တပ်ထားတဲ့ ပရဟိတအဖွဲ့ ဖွဲ့ခွင့်ပေးဖို့ ခွင့်ပြုချက် တောင်းတယ်ပြီးတော့ အသင်းသားတွေ ရရှိဖို့အတွက် စည်းရုံးခွင့်ရဖို့ တောင်းဆိုတယ်။ စတင်ပြီး ပရဟိတလုပ်တာ ၂၀၁၃ ခုနှစ် လောက်ကတည်းကပါ။ ဒါပေမယ့် တောင်ကြီးတက္ကသိုလ် ပရဟိတလူငယ်အဖွဲ့ဆိုပြီး တရားဝင်ဖွဲ့ခဲ့တာကတော့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့လို့ ပြောလို့ရပါတယ်။

တရားဝင်ဖွဲ့စည်းခွင့့်ရပြီးတော့ ကျောင်းဝင်းထဲမှာ အမှိုက်ပုံးတွေ ထားတယ်။ စနေနေ့တိုင်း အမှိုက်ကောက်ကြပါတယ်။ စတင်ချိန်ကတော့ အသင်းသား ၆၀ ဝန်းကျင်လောက်ရှိခဲ့ပေမယ့် အခုလက်ရှိ ကျွန်တော်တို့အဖွဲ့မှာ အသင်းသား ၂၅၊ ၃၀ လောက်ပဲ ပုံမှန်လုပ်ဖြစ်တယ်။ ကျနော်တို့ အသင်းဝင် ကျောင်းသား၊ ကျောင်းသူတိုင်းဆီက တပတ်ကို တယောက် ၁ ထောင်စီ ကောက်တယ်။ ပြီးတော့ နီးစပ်ရာ ဆရာ၊ ဆရာမနဲ့ သူငယ်ချင်းတွေဆီကို အလှူခံပါတယ်။ ကျွန်တော်တို့အဖွဲ့က အပတ်စဉ် တနင်္လာနေ့တိုင်းမှာ အစည်းအဝေးလုပ်ပါတယ်။

ကျနော်တို့ ကျောင်းမှာရော၊ ပတ်ဝန်းကျင်မှာရော အမှိုက်ပုံးတွေရှိနေလျက်နဲ့ အမှိုက်ပုံးထဲကို အမှိုက်မပစ်တတ်ကြတဲ့ လူတွေအများကြီးပါပဲ။ ဒါဟာ တဦးချင်းစီရဲ့ ခံယူချက်နဲ့ ဆိုင်မယ်လို့ ထင်တယ်။ နောက်ပြီး အတုမြင် အတတ်သင်ပေါ့လေ။ ကလေးတွေငယ်ငယ်ကတည်းက အမှိုက်ကို စနစ်တကျနဲ့ စွန့်ပစ်တတ်တဲ့ အကျင့်ကောင်းကို မိဘတွေက သင်ပေးခဲ့ရင် အဲ့ဒီကလေးကြီးပြင်းလာတဲ့အခါမှာ ကိုယ်အသုံးပြုထားတဲ့ အမှိုက်ကို ဘယ်လို စွန့်ပစ်ရမယ်ဆိုတာ သူသိပြီးဖြစ်မှာပါ။ အဲ့ဒီတော့ ငယ်ငယ်ကတည်းက ဒီလိုဓလေ့ကို မိဘတွေက သင်ပေးလိုက်ဖို့လိုတယ်။ ကလေးရှေ့မှာ မိဘတွေ ကိုယ်တိုင်ကလည်း စနစ်တကျနဲ့ စွန့်ပစ်ပြကြမှသာ ကလေးတွေကလည်း ဒီဓလေ့ကို လိုက်နာမယ်လို့ ထင်တယ်။

အခုတော့ ကျနော်တို့အဖွဲ့က နေ့သင်တန်း တက်နေတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့သာ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်နေပါတယ်။ ကျနော်တို့ နေ့သင်တန်းတွေ ပိတ်သွားတဲ့အခါမှာ အဝေးသင်ကျောင်းသား၊ကျောင်းသူတွေလည်း ကျောင်းတက်ကြပါတယ်။ အဲ့ဒီတော့ ဒီလိုပရဟိတလုပ်ငန်းတွေကို ကျနော်တို့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ အဝေးသင် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့လည်း ပါဝင်လှုပ်ရှားမှုတွေပြုလုပ်စေချင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ချိတ်ဆက်ဖို့ကြတော့ အလှမ်းဝေးနေတဲ့ အနေအထားမှာရှိနေတယ်။ ကျနော်တို့ တက္ကသိုလ်ကြီး သာယာလှပဖို့က နေ့သင်တန်းကျောင်းသား၊ အဝေးသင် သင်တန်းကျောင်းသားဆိုပြီး ခွဲခြားနေတာမျိုးမဟုတ်ဘဲ အားလုံး အတူ ပူးပေါင်းဆောင်ရွက်စေလိုပါတယ်။

မောင်မျိုးအောင်
အသက် ၂၀ နှစ် (သချာၤအထူးပြု၊ တောင်ကြီးတက္ကသိုလ်)

Did you find apk for android? You can find new Free Android Games and apps.
Loading