ဂီတသက်တမ်း ၂၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာသံစဉ်အဆိုရှင် ပိုးအိစံက ဂီတဖျော်ဖြေပွဲကို ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
“ပိုးအိစံကိုမွေးဖွားခြင်း နှစ် ၂၀ပြည့် Live Show” လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကို အောက်တိုဘာ ၁၅ ရက်နေ့ညနေ ရန်ကုန်မြို့ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒီဖျော်ဖြေပွဲမှာ တချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ ဖခင်ဖြစ်သူ အဆိုတော် သန်းထွန်းလေးလည်း ပါဝင်သီဆို ဖျော်ဖြေမှာဖြစ်ပြီး တခြားအနုပညာရှင်များအနေနဲ့ ရန်အောင်၊ ရွှေလာနဲ့ သီဟတို့လည်း ပါဝင်ကြမှာဖြစ်ပါတယ်။ အဆိုတော် ရွှေလာ ဆိုတာကတော့ အဆိုတော် ပိုးအိစံရဲ့သမီးပဲဖြစ်ပါတယ်။

ဂီတဖျော်ဖြေပွဲမှာ သီချင်းစုစုပေါင်း အပုဒ် ၃၀ ကျော်ကို ဖျော်ဖြေ တင်ဆက်သွားမယ်လို့လည်း သိရပါတယ်။
ဂီတလောကမှာ နှစ် ၂၀ နီးပါး ပရိသတ်အားပေးမှု ရရှိခဲ့ပြီး ရပ်တည်နေနိုင်ခဲ့တာနဲ့ ပတ်သက်လို့ ပိုးအိစံကို မေးမြန်းတဲ့အခါ “ခါတိုင်းကတော့ ကိုယ်က နယ်တွေမှာပဲ တောက်လျှောက် ဖျော်ဖြေနေရတာလေ။ ဖေဖေနဲ့ကလည်း နယ်ဘက်တွေမှာ အမြဲတမ်း အတူတူဆိုဖြစ်တယ်။ သီချင်းဆိုတာ အနှစ် ၂၀ ပြည့်လာတာ ဘယ်လိုခံစားချက် ရှိလဲဆိုရင် ကျမတို့က သီချင်းဆိုရတာ ဝါသနာကို အရင်းခံတာကိုး၊ သီချင်းဆိုမလား၊ ထမင်းစားမလားဆိုရင် ထမင်းက စားချင်မှစားတာ သီချင်းဆိုချင်တာ။ သီချင်းမဆိုရရင် သေမှာ အဲ့ဒီလိုမျိုး။ ဆိုတော့ ဝါသနာအရင်းခံတဲ့အတွက် ဒုက္ခ ကိုလည်း ခံနိုင်တယ်။ ဘယ်လိုအကြောင်းအရာပဲလာလာ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝါသနာ အရင်းခံတဲ့အတွက်ကြောင့်ပါ” လို့ အဆိုတော် ပိုးအိစံက ဧရာဝတီကို ဆိုပါတယ်။
အခုမှ Live Show လုပ်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း ပိုးအိစံက “ကျမ ပရိသတ်တွေကပြောကြတယ်။ မြန်မာပြည်မှာ အခွေအထွက်ဆုံး အဆိုတော်လည်းဖြစ်တယ်။ ဆိုစရာသီချင်းတွေလည်း အများကြီးရှိတယ်။ ဘာကြောင့် Live Show မလုပ်လဲလို့ မေးကြတယ်။ ဒါကြောင့် လုပ်မယ်ပေါ့။ ဒါပေမယ့် ဘယ်လိုအချိန်ကျမှလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ။ အခုလို နှစ် ၂၀ ပြည့်တဲ့အချိန်ကျတော့ လုပ်လိုက်မယ်ဆိုပြီး လုပ်ဖြစ်ခဲ့တာပါ” လို့ ဆိုပါတယ်။
ဒီပွဲမှာ သီချင်းသစ်အနေနဲ့ “သရပါ” ဆိုတဲ့သီချင်းကို အဖွင့်သီချင်းအဖြစ် စတင်ဖျော်ဖြေပေးသွားမယ်လို့လည်း သိရပါတယ်။
လက်မှတ်ဈေးနှုန်းတွေကတော့ ကျပ် ၁ သောင်း၊ ၂ သောင်းနဲ့ ၃ သောင်း သတ်မှတ်ပြီး ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။