Lifestyle

မြန်မာ့ဈေးကွက်ထဲ ဝင်လာနေတဲ့ ကမ္ဘာ့အကောင်းစား ဇိမ်ခံပစ္စည်းတွေ

“လူတိုင်းမှာ ရူးသွပ်မှုတွေ ရှိကြတယ်” ဟု ရန်ကုန်တွင် နေပြီး တိုကျိုတွင်လည်း အိမ်တလုံး ရှိသူ ဦးသီရိသိန်းသန်းက ပြောသည်။ “ကျနော့်ရဲ့ ရူးသွပ်မှုတွေကတော့ ကားနဲ့ လက်ပတ်နာရီတွေ ပါပဲ” ဟု သူက ဆိုသည်။

အသက် ၄၀ အရွယ် ဦးသီရိသိန်းသန်းသည် ဈေးကြီးသော ပြည်ပဈေးဝယ် ခရီးထွက်ခဲ့သည်မှာ နှစ်အတန်ကြာမျှ ရှိပြီ ဖြစ်သည်။ သို့သော် လွန်ခဲ့သော မတ်လကမူ သူသည် ဆွစ်ဇာလန် နာရီကုမ္ပဏီ Franck Muller က ကမ္ဘာတွင် ၎င်း၏ ၄၄ ခုမြောက်နှင့် မြန်မာတွင် ပထမဆုံး monobrand နာရီဆိုင် ဖြစ်သော အင်းလျားကန်ကို အပေါ်စီးမှ မြင်ရသည့် ဈေးမြင့်သော ဆီဒိုးနားဟိုတယ်ရှိ အဆင့်မြင့် နာရီအရောင်းပြခန်းသို့ သူသွားခဲ့သည်။

ဦးသီရိသိန်းသန်းသည် ပန်းနုရွှေရောင် ပြက္ခဒိန်အရ သေးငယ်သော လကလေးတခု၏ အတက်အကျပုံနှင့် လဆန်း လဆုတ်ကို ပြသော Master Calendar Lunar watch လက်ပတ်နာရီ တလုံးဝယ်ခဲ့သည်။ ထိုဒေါ်လာ ၃၃၅၀၀ ပေးခဲ့ရသည့် နာရီသည် သူ၏ ရုံးတွင် ချီးကျူးခံရပြီး လူအများကြားတွင်လည်း တမူ ထူးခြားနေစေသည် ဟု သူထင်ကြောင်း ဦးသီရိသိန်းသန်းက ပြောသည်။

“ဒါက ကျနော့ရဲ့ လက်ဝတ်ရတနာတွေပေါ့” ဟု ထိုဟိုတယ်ရှိ သစ်ခွပန်းလန်းလန်းလေးများ ထိုးထားသော အဖြူရောင် ပန်းအိုးကြီး တလုံးရှိသည့် သူ၏ ရုံးခန်းတွင် ထိုင်ရင်း ဂျင်းဘောင်းဘီနှင့် အင်္ကျီပြာ ဝတ်ထားသော သူက ထိုနာရီ အကြောင်း ပြောသည်။ ထိုဟိုတယ်တွင်ပင် ရှိသော Muller နာရီဆိုင်မှာ ၂၁၅၃ စတုရန်းပေ ကျယ်သည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု အပြီး ဆယ်စုနှစ် များစွာတုံ့ဆိုင်း နေခဲ့သော မြန်မာ့စီးပွားရေးသည် ၂၀၁၂ ခုနှစ်မှ စတင်၍ အလျင်အမြန် တိုးတက်လာသည်။ ထိုနှစ်က ရွေးကောက်ပွဲများသည် နိုင်ငံရေး အပြောင်းအလဲများနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အများအပြား ဖြစ်စေခဲ့သည်။ ပြည်တွင်းသစ်၊ တွင်းထွက်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ ရရှိသော အကျိုးအမြတ်များသည် မြို့ပြအိမ်ခြံမြေနှင့် တန်ဖိုးမြင့် လက်ဝတ်ရတနာ ဈေးကွက်ကို တွန်းအားပေးခဲ့သည်။ သို့သော် စီးပွားရေး မပွင့်မီက တန်ဖိုးမြင့် နိုင်ငံတကာ ကုန်မှတ်တံဆိပ်များမှာ စီးပွားမြို့တော်နှင့် ခေတ်အမီဆုံး ဖြစ်သော ရန်ကုန် တွင်ပင် မရှိသလောက် ရှားခဲ့သည်။

ရန်ကုန်ဒေသခံ အများစုမှာ အသားနှင့် ဟင်သီးဟင်းရွက်များ ရောင်းချသည့် စုတ်ပြတ်နေသော ကုန်စိမ်းဈေးများနှင့် ထမင်းတနပ်ကိုပင် Starbucks latte ခေါ် အသင့် သောက်သုံးနိုင်သည့် စတားဘတ်စ် ကော်ဖီတခွက် တန်ဖိုးထက် နည်းပါး သက်သာသော ငွေပမာဏဖြင့် လမ်းဘေး လက်ဖက်ရည်ဆိုင်များမှ ဝယ်ယူ စားသုံးနေကြရဆဲ ဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ် ရောက်လာသော အခါ တိုင်းပြည်၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၁ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိရာမှ ၇ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး ရန်ကုန်မြို့၏ ခန့်ညားပြီး ပျက်စီးယိုယွင်းနေသော ကိုလိုနီခေတ် အဆောက်အအုံများ အကြားတွင် အထပ်မြင့် အဆောက်အအုံများ၊ ဈေးဝယ်စင်တာများ အလျှိုအလျှို ပေါ်လာခဲ့သည်။

ရန်ကုန်၏ လက်လီအရောင်း လုပ်ငန်းများ အားလုံးနီးပါးသည် ဝင်ငွေနိမ့်မှ အလယ်အလတ်တန်း ဝယ်ယူသူများ အတွက် ရည်ရွယ်သည်။ ဇိမ်ခံပစ္စည်း သုံးနိုင်သူများသည် ထုံးစံအားဖြင့် အင်တာနက်မှ တဆင့်သို့မဟုတ် စင်္ကာပူ၊ ထိုင်းနှင့် ဥရောပသို့ ခရီးသွားရင်း ဝယ်ယူကြသည်ဟု စောင့်ကြည့်လေ့လာသူများနှင့် စီးပွားရေးသမားများက ပြောသည်။ သို့သော် ယခုအခါ ပြည်ပဇိမ်ခံပစ္စည်း ကုန်အမှတ်တံဆိပ် အချို့သည် အနာဂတ် ရောင်းချရနိုင်ခြေကို ကြည့်ပြီး နာရီများနှင့် အခြား ကုန်ပစ္စည်းများကို စတင်ရောင်းချနေကြပြီ ဖြစ်သည်။

“ရန်ကုန်ဈေးကွက်ကို စောစောစီးစီး ရောက်နေတာ ကောင်းတယ်။ ဒါဟာ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုပဲ” ဟု Franck Muller ၏ ဒါရိုက်တာ Nicholas Rudaz က ဆွစ်လန်ရုံးချုပ်သို့ ဖုန်းဖြင့် မေးမြန်းရာတွင် ပြောသည်။

၂၀၁၆ ခုနှစ် နှစ်ကုန်တွင် ရန်ကုန်မြို့၏ လက်လီအရောင်းဆိုင် နေရာ စုစုပေါင်းမှာ ၂၀၁၀ ခုနှစ်ကထက် အကြမ်းအားဖြင့် ၃ ဆ တိုးလာပြီး စတုရန်းပေ ၃ ဒသမ ၂ သန်းနီးပါး ရှိလာမည်ဟု စီးပွာရေးနှင့် ဆိုင်သော အိမ်ခြံမြေကုမ္ပဏီ Colliers ၏ တွက်ချက်မှုအရ သိရသည်။ သို့သော် ထိုပမာဏသည်ပင် ဒေသတွင်း ဈေးဝယ်ယူရာ ဗဟိုချက် အိမ်နီးချင်း ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၏ လက်လီအရောင်း နေရာ စုစုပေါင်း စတုရန်းမီတာ ၇ ဒသမ ၄ သန်းနှင့် ယှဉ်လျှင် နည်းပါးနေသေးသည်။

ထွန်းသစ်စ ဈေးကွက်များတွင် တွေ့ရတတ်သော ပုံစံအတိုင်း အဆင့်မြင့် အလှကုန်အချို့သည် ရန်ကုန်ရှိ အဆင့်မြင့် ဟိုတယ်များတွင် ဖွင့်လှစ်ကောင်း ဖွင့်လှစ်လာနိုင်သော်လည်း နောင် ၅ နှစ်မှ ၁၀ နှစ် အတွင်း အဓိက ဇိမ်ခံပစ္စည်း ကုန်အမှတ်တံဆိပ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်မည်ဟု မထင်ကြောင်း စီးပွာရေးနှင့် ဆိုင်သော အိမ်ခြံမြေကုမ္ပဏီ Colliers ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ Antony Picon က ပြောသည်။

သို့သော် ရေရှည်တွင် မြန်မာ၏ လက်လီအရောင်း ဖွံ့ဖြိုးမှုသည် ပေါက်ကွဲကြီးထွားလာနိုင်သည် ဟု ရန်ကုန်တွင် ဝန်ထမ်း ခန့်ထားပြီး ဘန်ကောက်တွင် အခြေစိုက်သော ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း Myanmar Capital Partners မှ Gregory Miller က ပြောသည်။ “မြန်မာကို လာအိုတို့ ကမ္ဘောဒီယားတို့နဲ့ နှိုင်းယှဉ်ပြောလို့ မရဘူး။ သူတို့မှာက သယံဇာတ မကြွယ်ဝဘူး။ မြန်မာက ထိုင်းနဲ့ ပိုပိုတူလာလိမ့်မယ်” ဟုလည်း သူက ဆိုသည်။

ဇိမ်ခံပစ္စည်းများ၏ ဝယ်လိုအားသည် လက်ရှိ ချမ်းသာပြီး အထက်လွှာများမှ သာမက ကြွယ်ဝလာသော လူလတ်တန်းစား နှင့် စီးပွားရေး အခွင့်အလမ်း ရှာရန်ပြန်လာကြသော ပြည်ပရောက် မြန်မာများထံမှလည်း လာမည်ဟု သူက ပြောသည်။

“ကျနော်တို့ မြန်မာနိုင်ငံကို သွားဖို့လိုပြီ” ဟု အခြေအနေ အပြောင်းအလဲအပေါ် အရောင်းဌာန အကြီးအကဲများက  ပြောလာကြပြီး “တချို့က ခုန်ပျံကျော်လွှားလာမယ်” ဟုလည်း ဆိုသည်။

ဝယ်လိုအားရှိသော လက္ခဏာများလည်း ရှိနေပြီး ဖြစ်သည်။ ဥပမာ Jaguar Land Rover, BMW နှင့် Mercedes-Benz တို့သည် ကားတင်သွင်းမှု လုပ်ထုံးလုပ်နည်းများကို အစိုးရက ဖြေလျှော့ပေးသော ၂၀၁၂ ခုနှစ်ကပင် ရန်ကုန်တွင် အရောင်းပြခန်းများ ဖွင့်ထားပြီး ဖြစ်သည်။

၂၀၁၄ ခုနှစ်သို့ ရောက်သောအခါ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ယာဉ် ၄ ဒသမ ၄ သန်း အနက် မော်တော် ဆိုင်ကယ် အရေအတွက် ၃ ဒသမ ၇ သန်း ရှိသော်လည်း ခရီးသည်စီး ကားအရေအတွက်မှာ ၂၀၁၁ ခုနှစ်တွင် ၂၆၇၅၆၁ စီး ရှိရာမှ ၃၈၉၄၄၁ စီသို့ တိုးတက်လာသည်ဟု စင်္ကာပူအခြေစိုက် အတိုင်ပင်ခံ လုပ်ငန်း Solidiance ၏ အဆိုအရ သိရသည်။

Ford, Jaguar နှင့် Range Rover ကားများကို ရောင်းချသော ရန်ကုန် ကားအရောင်းအဝယ် လုပ်ငန်းတခုမှ Ford ကုန်အမှတ်တံဆိပ် မန်နေဂျာတဦး ဖြစ်သူ ဦးဥက္ကာက အစိုးရ အရာရှိများလည်း ဇိမ်ခံ ပြိုင်ကားများ ဝယ်ယူသူများတွင် မကြာခဏ တွေ့လာရသလို မြန်မာနိုင်ငံရှိ ဇိမ်ခံကား ဝယ်ယူသူများသည် ဇိမ်ခံကား အများအပြားကို ပိုင်ဆိုင်ကြသည် ဟု သူက ပြောသည်။

အခြားသော ဖွံ့ဖြိုးမှု လက္ခဏာတခုမှာ ရန်ကုန်မြို့ ရွှေတောင်ကြား ရပ်ကွက် အစွန်တွင် ၂၀၁၃ ခုနှစ်က စဖွင့်သည့် နာရီဆိုင်ဖြစ်သော Swiss Time Square ပင် ဖြစ်သည်။ ဈေးနှုန်များမှာ ဒေါ်လာ ရာဂဏန်းအနည်းငယ် တန်သည့် Tissot နှင့် Rado မှ ဒေါ်လာ ၁.၃ သန်းတန် စိန်နှင့် ပတ္တမြား စီထားသည့် Rolex အထိ ရှိသည်။

“ရိုးလက် နာရီပတ်တာကလည်း ကားစီးသလိုမျိုးပဲ။ ခင်ဗျား BMW ဒါမှမဟုတ် Mercedes ဝယ်စီးရင် တခြားသူတွေက ခင်ဗျားကို လူချမ်းသာလို့ ထင်မယ်လို့ အဓိပ္ပာယ် သက်ရောက်တယ်” ဟု ထိုအထပ် ၂ ထပ်ရှိ နာရီဆိုင်မှ အရောင်း ကြီးကြပ်ရေးမှူး တဦးဖြစ်သူ ဦးတေဇာဝင်းထူးက ပြောသည်။ ထိုနာရီဆိုင်သည် ရန်ကုန်မြို့လယ်မှ ၄ မိုင်ခန့်အကွာ ယာဉ်ကြော ပိတ်ဆို့နေသော လမ်းမကြီးတခုပေါ်မှ လက်ကိုင်ဖုန်း အရောင်းဆိုင်များ၏ ဘေးတွင် ရှိသည်။

သို့သော် ရောင်းရအများဆုံး နာရီများမှာ ဒေါ်လာ ၅၀၀ နှင့် ၁၀၀၀ ကြားရှိ နာရီများဖြစ်သည် ဟု သူက ပြောသည်။ လူကြိုက်များသော ကုန်အမှတ်တံဆိပ် တခုစီမှ နာရီအလုံး ၃၀ အထိ အောက်တိုဘာလတွင် ကျရောက်သော မြန်မာပွဲတော် သီတင်းကျွတ် မတိုင်မီတွင် ရောင်းရသည်ဟု သူက ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ လုပ်ငန်းစုံသုံး အဆောက်အအုံ စီမံကိန်းများတွင် ဇိမ်ခံအဆင့်မြင့်ပစ္စည်းများ ရောင်းချရန် အတွက်ပါ ထည့်သွင်း ပါဝင်လာကြသည်။ ထိုကဲ့သို့သော စီမံကိန်းများ အနက် တခုမှာ Landmark Development ဟု ခေါ်သည့် ၂၀၁၉ -၂၀၂၀ တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော ဇိမ်ခံ Peninsula Hotel ပါဝင်သည့် စတုရန်းပေ ၂ သန်း ကျယ်သော စီမံကိန်းဖြစ်သည်ဟု စင်္ကာပူအခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်း Yoma Strategic Holdings ၏ အဆိုအရ သိရသည်။

Landmark ၏ အဆင့်မြင့် ဇိမ်ခံ အစိတ်အပိုင်းများသည် ကနဦးတွင် သေးငယ်သော်လည်း မြန်မာလက်လီရောင်း ဈေးကွက် ရင့်ကျက်လာသောအခါ ချဲ့ထွင်နိုင်သည်ဟု ထိုကုမ္ပဏီ၏ အိမ်ခြံမြေဆိုင်ရာ အကြီးအကဲ Cyrus Pun က သူ၏ အီးမေးလ်တစောင်တွင် ပြောသည်။

ဆူးလေစေတီ ရင်ပြင်တော် အနီးရှိ မြေကွက်တွင် ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာလုပ်ငန်းစု (Shangri-La Group) ၏ အဆောက်အဦးမှာ  ပြီးစီးရန် နီးကပ်နေပြီး ယခုနှစ်နွေတွင် ဖွင့်လှစ်မည်ဟု သိရသည်။ Sule Square ၏ အရောင်းနှင့် ဈေးကွက် မန်နေဂျာ ဒေါ်ယင်းမာညိုက ထိုစီမံကိန်း၏ စတုရန်းပေ ၆၄၅၈၃ ကျယ်သော လက်လီအရောင်းနေရာတွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော Rolex ကုန်အမှတ်တံဆိပ် တခုတည်းသာ ရောင်းချသော ဆိုင်ပါဝင်သည်ဟု ပြောသည်။

သို့သော် ထိုဈေးဝယ်စင်တာ၏ ရည်ရွယ်ချက်မှာ အလယ်အလတ် ဈေးကွက်စားသုံးသူများ ဖြစ်သည်ဟု သူမက ပြောသည်။ “အဆင့်မြင့် ဇိမ်ခံပစ္စည်းဝယ်တဲ့ သူတွေ ရှိတယ်။ ဒါပေမယ့် ပမာဏအရ ပြောရရင် ဒီဆိုင်က ဒီမှာ ဖွင့်ချင်မှ ဖွင့်မယ်” ဟု သူမက မျက်နှာကျက်မြင့်မားသော အဝင်ခန်းမဆောင် အတွင်း သွားလာရင်း တူသံလွှသံများ အကြားတွင် ဆိုပြန်သည်။

မြန်မာနိုင်ငံ၏ လက်လီအရောင်းကဏ္ဍနှင့် ပတ်သက်၍ သူလည်း အလားတူ ယူဆကြောင်း Yoma Strategic Holdings ၏ အမှုဆောင်ဥက္ကဋ္ဌ Serge Pun ၏သား မြန်မာလုပ်ငန်းရှင် Ivan Pun က နိုင်ငံတကာ ဒီဇိုင်းနာများ၏ လက်ရာ အဝတ်အစားများကို ရောင်းချသော စတိုးဆိုင် တဆိုင်ဖွင့်ပြီး မကြာမီမှာပင် ပြောသည်။

“ကျနော့ စိတ်ထဲမှာ ရည်ရွယ်ထားတဲ့ ဖောက်သည်တွေ…၊ သုံးနိုင် စွဲနိုင် အသက် ၂၀၊ ၃၀ မိန်းကလေးတွေ…၊ ဆိုင်ကို လာကြတယ်” ဟု ဒေါ်လာ ၃၀၀ မှ ၇၀၀၀ ကျော်အထိ တန်ဖိုးရှိသော လူငယ်ကြိုက် ကုန်အမှတ်တံဆိပ်များ ဖြစ်သည့် 3.1 Phillip Lim နှင့် Mary Katrantzou များ ပြသထားသော ဆိုင်ကို ရည်ရွယ်ပြောသည်။ “ဒါပေမယ့် အရောင်းအဝယ်တော့ မဖြစ်ဘူး” ဟု သူက ဆိုသည်။

နိုင်ငံတကာ အဆင့်မြင့် ဇိမ်ခံပစ္စည်း ကုန်အမှတ်တံဆိပ်များနှင့် ဆွေးနွေးနေပြီး အချို့နှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ထားသည်၊ သို့သော် မြန်မာအဆင့်မြင့် ဇိမ်ခံပစ္စည်း ဈေးကွက်သည် အသစ်အဆန်း ဖြစ်သောကြောင့် မည်သူမျှ ရန်ကုန်တွင် ကုန်အမှတ်တံဆိပ် တခုတည်း ရောင်းချသည့်ဆိုင် ဖွင့်ရန် အလျင်စလို မရှိကြ ဟု ယခင်က နယူးယောက်နှင့် ဘေဂျင်းတွင် အလုပ် လုပ်ခဲ့ဖူးသော Mr Pun က ပြောသည်။

လတ်တလောတွင် သူ၏ စတင်စ လုပ်ငန်း Pun & Projects သည် ရန်ကုန်တွင် ဘရွတ်ကလင်းနှင့် လန်ဒန်အရှေ့ပိုင်းပုံစံ စားသောက်ဆိုင်များ ဖွင့်ထားသည်။ ဥပမာပြရလျှင် Rau Ram အမည်ရှိ ဗီယက်နမ် ပုံစံ ရောစွက်ကာ မီနူးတွင် ဟော့ကိုင်းဒိုးကမာ၊ ထောပတ်ကြက်ကြော်နှင့် pho real ဟု အမည်ပေးထားသော လိုသလို ပြင်ဆင်ပေးနိုင်သည့် ကော့တေးတို့ ပါဝင်သည်။

(The New York Times သတင်းစာတွင် ဖော်ပြထားသည့် MIKE IVES ၏ A Land Eager to Look Rich: Luxury Brands Edge Into Myanmar ကို ဘာသာပြန်သည်။)

Loading