မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့အနီး မြေအောက် အနက် ၈၄ ဒသမ ၁ ကီလိုမီတာကို ဗဟိုပြုပြီး ပြီးတဲ့သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၆ ဒသမ ၈ ပြင်းအားရှိ ငလျင်ကြောင့် ပုဂံဒေသရှိ ရှေးဟောင်း စေတီ ပုထိုး အများအပြား ပြိုကျ ပျက်စီးခဲ့ရပါတယ်။ နောက်ထပ်လည်း စစ်ကိုင်းပြတ်ရွေ့ကြောင်း တလျှောက် ငလျင် လှုပ်ခတ်နိုင်ခြေ ရှိနေပြီး၊ မြို့ကြီး ၁၀ မြို့ဟာ ငလျင်ဒဏ် ခံစားရနိုင်တယ်လို့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီက စက်တင်ဘာ ၂၆ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ငလျင်လှုပ်ရင် ဘယ်လို အကာအကွယ်ယူရမလဲ ဆိုတာ ဖော်ပြပေး လိုက်ပါတယ်။
ကမ္ဘာ့အပေါ်ယံ မြေလွှာထုကြီး လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြေငလျင်လှုပ်တဲ့ အချိန်ကာလက စက္ကန့်၊ မိနစ်ပိုင်းမျှသာ ဖြစ်ပေမယ့် အဲဒီ စက္ကန့်ပိုင်း မိနစ်ပိုင်းလေး အတွင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှု မရှိရင် သေဆုံး ဒုက္ခဖြစ်တဲ့ အထိ အန္တရာယ်ကြီးပါတယ်။ ငလျင်လှုပ်အပြီး နောက်ဆက်တွဲ တွေကလည်း ပိုပြီးတော့အောင် အန္တရာယ် ဖြစ်စေပါတယ်။ နောက်ပြီး ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ လှုပ်မယ် ဆိုတာလည်း ကြိုတင် မသိနိုင်တဲ့ အတွက် ငလျင်ဟာ အချိန်တိုင်း သတိပြုနေရမှာ ဖြစ်ပါတယ်။
ငလျင်လှုပ်ရင် ဘယ်လို လုပ်ရမလဲ (အပိုင်း ၁)
ငလျင်လှုပ်ပြီ လို့ သိပြီဆိုရင် ဟိုပြေး သည်လွှား ပျာယာမခတ်ပါနဲ့။ ကိုယ့်ဝန်းကျင်မှာ ဘာတွေ ဖြစ်လာရင် ဘာတွေ လုပ်ရမယ် ဆိုတာ သိဖို့ ပထမဆုံး သင် သတိပြုရမှာက သင် ဘယ်နားမှာ ရောက်နေသလဲ ဆိုတာ သိဖို့ပဲ။ အိမ်ထဲမှာ ရှိနေရင် အိမ်ထဲမှာပဲ နေပြီး အပြင်ကို ဂမူးရှူးတိုး ပြေးမထွက်ပါနဲ့။ အိမ်ပြင်မှာ သင်ရောက်နေရင်လည်း အိမ်ထဲကို အလျင်စလို ပြေးမဝင်ပါနဲ့။
သင်ဟာ အိမ်ထဲမှာ ရှိနေရင် ပြတင်းပေါက် တံခါးပေါက်တွေနား မသွားပါနဲ့။ သင့်အိမ်တွင်းမှာ တောင့်တင်းတဲ့ စားပွဲတွေ၊ ခုံတွေ၊ ကုတင်တွေကို လိုအပ်သလို အသုံးချနိုင်ဖို့ ကြိုတင်စဉ်းစား ပြင်ဆင်ပါ။ အပေါ်က ပြုတ်ကျ ပြတ်ကျလာနိုင်တဲ့ အရာတွေကို သတိထားပါ။ ပြီးတော့ သင့် အပေါ် လဲကျလာနိုင်တဲ့ ဘီရို စာအုပ်စင် စတာတွေကိုလည်း သတိထားပါ။
တကယ်လို့ သင်ဟာ အပြင်မှာ ရှိနေရင်တော့ ကိုယ့်ဝန်းကျင်အနီးမှာ ပြိုကျလာနိုင်တဲ့ အဆောက်အဦးတွေ၊ လဲကျလာနိုင်တဲ့ ဓာတ်မီးတိုင်တွေ၊ မြေပြင်ပြိုအက်လာနိုင်တာတွေကို သတိထားပါ၊ စောင့်ကြည့်ပါ။
ငလျင်လှုပ်နေတဲ့ အချိန်မှာ မီးခြစ်ခြစ်တာတွေ၊ ဖရောင်တိုင် ထွန်းတာတွေ၊ မီးမွှေးတာတွေ လုံးဝ မလုပ်ပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သင့်ဝန်းကျင်မှာ ဂက်စ်ပိုက်လိုင်း၊ ဒါမှမဟုတ် လောင်စာဆီ သိုလှောင်တဲ့ နေရာတွေက လောင်စာတွေ ထွက်လာတဲ့ အခါ ငလျင်လှုပ်တဲ့ ကြား မီးလောင်တာလည်း ဖြစ်လာနိုင်တာကြောင့် ဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ ကားထဲမှာ ရောက်နေတယ် ဆိုရင်တော့ ကားကို ရပ်လိုက်ပါ၊ ကားထဲမှာပဲ နေနေပြီး ငလျင်ရတဲ့ အထိ စောင့်ပါ။ သို့မဟုတ် သင့်ဝန်းကျင်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်လှုပ်ရှားဖို့ ပြင်ဆင်ထားပါ။
ငလျင်လှုပ်နေချိန်မှာ ဓာတ်လှေခါးကို အသုံးမပြုပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ ပြတ်ကျ ပြုတ်ကျ ဖြစ်တတ်တာကြောင့်ပါ။
ဆက်လက်ဖော်ပြပါမည်-
ကိုးကား
wikihow.com
Doug Copp ၏ “The Triangle of life