အရင်ကတည်းက ပြည်တွင်း စျေးကွက်မှာ လူကြိုက်များပြီးသား မော်ဒယ်ဖြစ်တဲ့ Honda ရဲ့ CR-V နောက်ပိုင်းထုတ် မော်ဒယ်မြင့််တွေ စျေးကွက်မှာ လွယ်လွယ်ရလာနိုင်ပါပြီ။ ပုံမှန်ဆိုရင် ၂၀၀၅ ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေ စျေးကွက်မှာ လူကြိုက်များတာ တွေ့ရပြီး Toyota RAV-4 ထက်တောင်မှ နယ်ဝယ်လက် ကြိုက်တာ တွေ့ရပါတယ်။
စျေးလည်း ချိုသာသလို အရည်အသွေးလည်း စိတ်ချရလို့ ဝယ်ကြတာပါ။ အခုတော့ ၂၀၁၀ ခုနှစ်နဲ့ နောက်ပိုင်းထုတ် မော်ဒယ်တွေ စျေးကွက် ဝင်လာတာပါ။ နည်းပညာ သိသိသာသာ ပိုကောင်းလာပြီး ထိန်းချုပ်စနစ် အများစုက လျှပ်စစ်နဲ့ ဖြစ်လာပါတယ်။ ကိုယ်ထည်ပိုင်း အရွယ်အစား အနည်းငယ် အပြောင်းအလဲ ရှိပြီး အတွင်းခန်း တော်တော်လေး ကျယ်လာပါတယ်၊ နောက်ဖက် ဝန်တင်ခန်းကတော့ ပုံမှန်လောက်ပါပဲ။ ရုပ်ထွက်ပိုင်း ဆန်းသစ်မှုတော့ သိပ်မရှိလှပါဘူး၊ မီးကြီးတွေရဲ့ ဒီဇို်င်းနဲ့ နောက်ဖက် မီးတွေ နည်းနည်း ပုံစံ ဆန်းသစ်ထားတာ တွေ့ရပါတယ်။
အင်ဂျင်စနစ်က အရင်ကထက် အရွယ်သေးငယ်ထားပေမယ့် စွမ်းအင် ထုတ်လုပ်မှု ပိုကောင်းလာပါတယ်၊ ၂.၀ လီတာသုံး အင်ဂျင်ကို ထည့်ထားတာပါ၊ မြင်းကောင်ရေ ၂၀၀ အားကျော် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပြီး တောက်တက်လမ်းတွေရှိမယ့် နယ်ဘက်တွေ အတွက်ပါ အဆင်ပြေပါတယ်။
လမ်းကြမ်းပိုင်းလည်း ရမယ်၊ ဇိမ်ခံ အဖြစ်လည်း သုံးနိုင်မယ်၊ ၂၀၁၁ ခုနှစ်နဲ့ နောက်ပိုင်းထုတ် မော်ဒယ်တွေ အားလုံးက Crash Test မှာ ရမှတ် အထူး ကောင်းမွန်သွားတာကြောင့် လုံခြုံစိတ်ချရမှုလည်း မြင့်မားတယ်။ နောက်ပြီး အင်ဂျင်က မြန်နှုန်းမြင့် မောင်းနှင်ချိန်မှာပါ ဆူညံသံပေးမှု နည်းသွားပါတယ်။
လက်ကိုင်စနစ်မှာ Power Steering စနစ်ကို ထည့်ထားတာက မော်ဒယ်မြင့်မှာ မထူးခြားပေမယ့် ကွေ့လမ်းမှာ အထူးတည်ငြိမ်တာ တွေ့ရပါတယ်၊ အထူးသဖြင့် လားရာပြောင်းလဲမှု အထူးမြန်ဆန် ကောင်းမွန်တာ ဖြစ်ပါတယ်။ Kia Sportage လို မော်ဒယ်တွေနဲ့ စျေးကွက်ပြိုင်ဖက်လို ဖြစ်လာပါတယ်။
Auto စနစ်က တခြား SUV တွေထက် အသုံးပြု မောင်းနှင်ရ ငြင်သာတာ တွေ့ရပါတယ်။ ညာမောင်း မော်ဒယ်ပါ။ Smart Key စနစ်နဲ့ သုံးနိုင်ပါတယ်။ အသက်ကယ်လေအိတ် အပြည့်အစုံ ထိုင်ထားပါတယ်။ ဘရိတ်က ABS ဖြစ်ပြီး စွမ်းဆောင်ရည် ကောင်းတခုကို ပြနိုင်တာက ပျမ်းမျှ မိုင် ၆၀ နှုန်းကနေ ရုတ်တရက် ရပ်တန့်မယ်ဆိုရင် ၁၂၅ ပေ ယူနေကျကနေ အခု မော်ဒယ်က ၁၂၁ လောက်ပဲ ယူတာ ဖြစ်ပါတယ်။ အတွင်းခန်းမှာ အထည် ဦးစားပေး ဖြစ်ပေမယ့် ဇိမ်ခံ ပုံစံဖြစ်အောင် ဖန်တီးထားတယ်။ TV-DVD တွေက မူလပစ္စည်းတွေ ဖြစ်မယ်။ အောက်ခင်း၊ အထိုင် အားလုံး မူရင်းပဲ ဖြစ်မယ်။
စျေးကွက်မှာတော့ ၂၀၁၅ ခုနှစ်ထုတ် မော်ဒယ်လောက်ထိအောင် ရနိုင်ပြီး အရောင်က အနီ၊ အဖြူ၊ အနက်တွေ ရနိုင်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်း လူကြိုက်များ မော်ဒယ်ကတော့ ၂၀၁၂ ခုနှစ်တွေပါ။ စျေးကွက်မှာ ၂၀၁၂ ခုနှစ်ထုတ် အနက်ရောင် ကီလို ၆ သောင်း ဝန်းကျင် မော်ဒယ်ကို သိန်း ၅၅၀ ခေါ်ပါတယ်။ လူကြိုက်များ မော်ဒယ်လည်း ဖြစ်တယ်။ မော်ဒယ်မြင့်လို့ တက်စျေးစောင့်နိုင်တဲ့ အနေအထား ဖြစ်လို့ စျေးမာနိုင်ပါတယ်။ ဒါပေမယ့် အဖြူနဲ့ အနက်ကလွဲရင်တော့ စျေးအကျ နည်းနည်း ရှိနိုင်ပါတယ်။