Lifestyle

အများနဲ့ပတ်သက်တဲ့ အလုပ်မှန်ရင် ဝေဖန်တာရှိမှာပဲ

လတ်တလော ဖေ့စ်ဘုတ်စာမျက်နှာတွေထက်မှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်လို့ အပြင်းအထန်ဝေဖန် ပြောဆိုမှုတွေရှိနေပါတယ်။ မြန်မာ့ရုပ်ရှင်တွေ ဗီဒီယိုတွေရဲ့ အဆင့်အတန်းတွေ နိမ့်သထက် နိမ့်ကျလာမှုအပေါ် ဝေဖန်ပြောဆိုနေကြသူတွေနဲ့ ရုပ်ရှင်လောကသားများ၊ မြန်မာ့ရုပ်ရှင်ကို သဘောကျနှစ်ခြိုက်ကြသူများပါ အပြန်အလှန် ပြောဆိုမှုတွေ ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ ဒါ့ထက် ဖေ့စ်ဘုတ်မှာ “မြန်မာ့ရုပ်ရှင်ပေါကားများ ရပ်” ဆိုပြီး page တွေပေါ်ပေါက်လာပြီး မြန်မာ့ရုပ်ရှင်ကို အပြင်းအထန်ပြောဆိုဝေဖန်နေကြတာဖြစ်ပါတယ်။

ဒီလို ဝေဖန်ပြောဆိုနေမှုကို လက်ခံပေးရုံသာမက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် မြန်မာကားမကြိုက်သူများ Event ကိုပါ ထောက်ခံအားပေးနေ တဲ့ ရုပ်ရှင်လောကသားတဦးဖြစ်သူ လူရွှင်တော် သရုပ်ဆောင် ဒါရိုက်တာ ဦးဇာဂနာ အား ဧရာဝတီက မေးမြန်းဖြစ်ခဲ့တာ တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဦးဇာဂနာဟာ မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြုလုပ်တဲ့ ရုပ်ရှင်ဖိုရမ် ၂၀၁၆ ကို ဦးစီးဦးဆောင် ပြုလုပ်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

မေး။ ။မြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေရှိနေပါတယ်။ အဲ့ဒီလို ဝေဖန်မှုတွေအပေါ် ဘယ်လိုမြင်ပါလဲ။ ဘာပြောချင်ပါလဲ။

ဖြေ။ ။ပရိသတ်နဲ့ အနုပညာရှင်တွေကြားထဲမှာ ဝေဖန်ရေးဆိုတာ ရှိမှာပဲလေ။ အရင်တုန်းက ရုပ်ရှင်တွေကို ဝေဖန်နေတဲ့ အခါတုန်းက ဆရာကြီး ဦးစိန်ခင်မောင်ရီ  စာအုပ်တွေထဲမှာ ရုပ်ရှင်ဝေဖန်ရေးတွေကို ရေးတယ်။ ကိုအလင်္ကာတို့လို တခြား စာရေးဆရာတွေကလည်း ရုပ်ရှင်ဝေဖန်ရေးတွေရေးခဲ့တာတွေက အခုမရှိတော့ဘူးလေ။ ရုပ်ရှင် ဝေဖန်ရေး ရေးတယ်။ ဗီဒီယိုဝေဖန်ရေး ရေးတယ်။ အဲ့ဒါတွေက အခုမရှိတော့ဘူးလေ။ အဲ့ဒီလိုတွေ မရှိတော့တဲ့အခါကျတော့ ဖေ့စ်ဘုတ်ပေါ်မှာ ဝေဖန်ရေး ရေးတဲ့သူတွေ ပေါ်လာတာ။ အဲ့လိုပဲ ပြောရမှာပါပဲ။ ဖေ့စ်ဘုတ်ပေါ်က ပိုပြီး လွတ်လပ်တယ် မြန်ဆန်တယ်ဆိုပြီး ရေးလာကြတာပါပဲ။ သို့သော် ဒီအထဲမှာ အကုန်မှန်တယ်လို့တော့ မပြောလိုပါဘူး။ ဝေဖန်ရေး ဆိုတာကလည်း အကုန်မှန်ဖို့ မလိုပါဘူး။ မှန်စရာမလိုပါဘူး။ သူ့ဘာသာသူ ရေးချင်တာ ရေးမှာပဲ။ ကောင်းတာရေးတာ ရှိသလို ဆိုးတာရေးတာရှိသလို မနာလိုပြီး ရေးတာရှိမယ်။ သို့သော် အနုပညာရှင်တွေဘက်က တခုတော့ လိုအပ်တယ်။ ကောင်းကောင်းဆိုးဆိုး ဝေဖန်တာကို လက်ခံပြီးတော့ ကောင်းတဲ့အချက်ကလေးတွေကို ပြုပြင်ဖို့လိုတယ်။ အနုပညာရှင်တွေဘက်ကလည်း ဒီလိုဝေဖန်မယ်ဆိုရင် ဝေဖန်တာကို ဘာမှ ပြောစရာမလိုဘူး။ ပြန်တုံ့ပြန်စရာလညး် မလိုဘူးလို့ထင်ပါတယ်။

မကြိုက်ရင် သူတို့ကိုယ်တိုင်လည်း မဖတ်ဘဲ နေလိုက်ပေ့ါ။ တဖက်က ဝေဖန်ရေးသမားတွေဘက်က ပြောမယ်ဆိုရင်လည်း မြန်မာကားတွေမကြိုက်ရင် မကြည့်နဲ့ပေ့ါ။ အဲ့ဒီလို မကြိုက်ရင် မကြည့်နဲ့လို့ ပြန်တုံ့ပြန်သလိုပဲ သူတို့လည်း မကြိုက်ရင် မဖတ်နဲ့ပေါ့။ မြန်မာကားတွေကို မကြိုက်ဘူးလို့ပြောတဲ့ လူတွေလည်း လွတ်လပ်စွာ ပြောခွင့်ရှိတယ်။ မကြိုက်လို့ရတယ်။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေတာတွေ ရှိလာတာပေ့ါလေ။ လွန်လွန်ကျွံကျွံများလာတာတွေ တွေ့ရတယ်။ လျစ်လျူရှုသင့်တာ ရှုရပါတယ်။ တချို့မှန်တဲ့ဟာလေးတွေပဲ ယူပေ့ါ။ ဒါလေးတွေတော့ ဟုတ်သားပဲ ပြင်ကြရအောင် စသဖြင့် လက်ခံသင့် တယ်။

နောက် ဒီဇင်ဘာ ၂၆ မှာ နေ့လည် ၃ နာရီခွဲမှာ ပြည်သူ့ရင်ပြင်မှာ မြန်မာကားမကြိုက်သူများ Event ကို လုပ်ပါမယ် ဆိုတာ အဲ့ဒီလုပ်မယ့် orgainizer တွေကို တခုတော့ ပြောချင်တယ်။ ပါးစပ်ကတော့ မပြောနဲ့ တကယ်ဖြစ်အောင်လုပ်ပါလို့။ ဘာကြောင့်လည်းဆိုတော့ တကယ်ဖြစ်အောင်လုပ်ရင် နောက်နောင် အလေ့အကျင့်တခုကောင်းဖြစ်သွားမယ်လေ။ တကယ်ဖြစ်အောင်လုပ်တဲ့ အလေ့အထတွေပေါ်လာမယ်။ ပါးစပ်ကပြောရုံပြီး တကယ် ဖြစ်အောင် လုပ်တာလည်း မဟုတ်ဘဲ အဲ့ဒီမှာ ဝင်ရေးတဲ့သူတွေလည်း ပေါင်ကြောင်ကြောင်တွေဖြစ်ပြီး ပြည့်သူရင်ပြင်ထဲမှာ လူလာစုပြီး ဘာမှဟုတ်ဘဲ ပြီးသွားမယ်ဆိုရင် တော်ကြာ လူစုလူဝေးလုပ်တယ်ဆိုပြီး ပြဿနာက ထပ်တက်ဦးမယ်။ မဟုတ်ဘဲနဲ့တော့ သင်္ကြန်အမြှောက်တော့ မလုပ်စေချင်ဘူး။

ထိုနည်းတူ အနုပညာရှင်တွေဘက်ကိုလည်း မေတ္တာရပ်ခံချင်တာက ဒါကို စိတ်မဆိုးပါနဲ့။ ဒါ ပရိသတ်ရဲ့ အသံပဲ။ ဒီမှာ ရေးနေတဲ့ ပရိသတ်ရဲ့ အသံက ဘယ်လောက်ရှိမှာလဲ။ ဒီအတွက်ကြောင့်လည်း ဟိုတလောတုံးက ရုပ်ရှင်ဖွံ့ဖြိုးတိုးတက် ရေး ဖိုရမ်လုပ်တဲ့အထဲမှာ ဆွေးနွေးခဲ့တုန်းက အချက်အလက်တွေကိုသာ စာအုပ်အဖြစ်နဲ့ ထုတ်ဝေလိုက်မယ်ဆိုရင် အခုလို ရေးနေတဲ့သူတွေ အကုန်လုံးထက် ပိုပြီးပြည့်စုံလာကြမယ်။ ရုပ်ရှင်သမားအချင်းချင်း ဝေဖန်ခဲ့တဲ့ အချက်အလက်တွေ အများကြီးရှိပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေကို တကယ့်ကို နိုင်ငံတကာမှာ ၂၀၁၅ ခုနှစ်မှာ DCP လို့ပြောတဲ့ Digital Cinema Package ကို တနိုင်ငံလုံးလက်ခံကျင့်သုံးပါပြီဆိုပြီး တရားဝင်ကြေညာခဲ့ပေမယ့် DCP ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး မလိုက်နာဘဲနဲ့လုပ်နေတဲ့ ရုပ်ရှင်သမားတွေ လောကသားတွေ အများကြီးပဲ။ အဲ့ဒါတွေကြောင့်ပဲ ဒီပြဿနာတွေဖြစ်ရတာ။ DCP စည်းမျဉ်းစည်းကမ်းကို ၂၀၀၅ ကတည်းက တရားဝင် စာမျက်နှာပေါင်း ၄၀၀ ကျော် ရှိတဲ့ စာအုပ်ကြီးနဲ့ ပြဋ္ဌာန်းထားပြီးသား။ အဲ့ဒီစည်းမျဉ်းစည်းကမ်းတွေကို မြန်မာပြည်က ၂၀၁၅ ခုနှစ်ကျမှ လိုက်နာပါ့မယ်လို့ ဆုံးဖြတ်ခဲ့တာ။ အဲ့ဒီလို လိုက်နာပါ့မယ်ပြောတဲ့လူတွေကိုယ်တိုင် ဖောက်ဖျက်လို့ အခုလို ဒဏ်ခတ်တာခံရတာလို့ ပြောလို့ရတာပေ့ါ။

မေး။ ။ ဝေဖန်တဲ့ဘက်နဲ့ ဒီဝေဖန်မှုအပေါ် ပြန်လည်တုံ့ပြန်နေတဲ့ ရုပ်ရှင်လောကသားတွေဘက် ဒီလို နှစ်ဦးနှစ်ဖက်ကြားမှာ ဝေဖန်ရေးသမားတွေဖက်ကို ဦးဇာဂနာအနေနဲ့ ရပ်တည်ပေးနေတဲ့အတွက် ဦးဇာဂနာအပေါ် ဒီဘက်က ရုပ်ရှင်လောကသားတွေရဲ့ ဝေဖန်မှုတွေရှိလာနိုင်မှာပဲလို့ရော မမြင်မိဘူးလား။

ဖြေ။ ။ကိုယ့်အချင်းချင်းတောင် ပြန်ပြောတာပဲ။ ကိုသူရက “မြန်မာပေါကားများ ရပ်”ဆိုတာကို သွားပြီးတော့ ထောက်ခံတယ်ပေ့ါ။ ခင်ဗျားက ဘာရူးပြီး သွားထောက်ခံတာလဲလို့တောင် ပြောသေးတာပဲ။ ဒါလည်း ပြောပါ။ ပြောတာကို လက်ခံတယ်။ ဘာလို့လည်းဆိုတော့ အဲ့လိုမှ အဝေဖန်မခံနိုင်ရင် နိုင်ငံရေးတို့ အနုပညာအရေးတို့ ဘာရေး ညာရေးတို့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ အများနဲ့ဆက်ဆံတဲ့အလုပ် အများနဲ့ပတ်သက်တဲ့ အလုပ်မှန်ရင် ဝေဖန်တာရှိမှာပဲ။ အဲ့ဒါကိုတော့ လက်ခံရမယ်။ သို့သော် ခုဏက ပြောသလိုပေ့ါ ဝေဖန်တာရယ် လှောင်ပြောင်တာရယ် အမနာပ ပြောတာရယ်က မတူဘူးလေ။ ရုပ်ရှင်အနုပညာရှင်တွေကို မေတ္တာရပ်ခံချင်တာက အဲ့ဒါမျိုးကိုလည်း နည်းနည်းနားလည်ပါ။ လှောင်ပြောတာတို့ အမနာပ ပြောတာတို့ကိုတော့ မသိချင်ယောင်ဆောင်လိုက်ပါ။

ဖေ့စ်ဘုတ်မှာ ရေးနေတဲ့လူ တထောင်ပဲ ထားပါတော့။ အဲ့ဒီ လူတထောင်မှာ ၉၉၉ ယောက်သော်လည်ကောင်း ၁ ထောင်လုံးသော်လည်းကောင်း တကယ်ဖြစ်နေတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို မသိကြရှာပါဘူး။ တကယ်ဖြစ်နေတဲ့ပြဿနာကို တကယ်သိတဲ့သူတွေက ရုပ်ရှင်နယ်ထဲက လူတွေပါ။ ကိုယ့်ပြဿနာကို ကိုယ့်ဘာသာသိရဲ့သားနဲ့ မရှင်းဘဲ ဘာလို့ သူများဝေဖန်တာကို လိုက်တုံ့ပြန်နေမှာလဲ။ ဥပမာ ဆိုပါတော့ ပြန်တုံ့ပြန်နေတဲ့အထဲမှာ ကျနော်တို့ကို ပိုက်ဆံပေးပါလားတို့၊ စတူဒီယို ပေးပါလားတို့ နည်းပညာပေးပါလားတို့ ဆိုတာကိုပဲ တခြားသူတွေက ဝေဖန်နေကြတာလေ။ ဝေဖန်နေတဲ့ သူတွေထဲမှာလည်း မှားယွင်းနေတဲ့အယူအဆတခုက ဥပမာ ကုလားကား တကားကို တင်လိုက်တယ်။ ဒါက ဘယ်စတူဒီယိုထဲမှာ ရိုက်တာလဲ ဘာညာပေါ့။ ဝေဖန်တဲ့ သူတွေရဲ့ အမြင်ကျဉ်းမြောင်းမှုကို သိစေချင်တာက သူတို့သိတဲ့ စတူဒီယိုဆိုတာက တိုက်ကြီးထဲမှာ အုတ်နံရံလေးဘက်ပိတ်ထားတာကိုမှ စတူဒီယိုလို့ ထင်တာလေ။ စတူဒီယိုလို့ ပြောတဲ့အရာသည် ဧက တရာ၊ နှစ်ရာလောက်ကျယ်တဲ့ ခြံဝန်းကြီးဆိုတာလည်း မသိကြရှာဘူး။ ဝေဖန်တဲ့သူတွေ ကိုယ်တိုင်ကိုက ရုပ်ရှင်နဲ့ပတ်သက်တဲ့ အသိဉာဏ်နည်းနေတာကို ဘာလို့သွားတုံံ့ပြန်မှာတုန်း။ သြော် သူ့ခမျာ သိမှ မသိဘဲ မသိလို့ ပြောတာပဲ ဆိုပြီးနေရမယ်လေ။ ကမ္ဘာပေါ်မှာ ဘယ်ရုပ်ရှင်ကားမဆို စတူဒီယိုနဲ့ ရိုက်တာပဲ။ စတူဒီယိုဆိုတာ ဘောလုံးကွင်းလောက်ကျယ်တဲ့ ကွက်လပ်ကြီးကိုလည်း စတူဒီယိုပဲ။ စတူဒီယိုဆိုတာ ဘေးဘက်လေးလံ အုတ်နဲ့ ကားထားတာမှာ စတူဒီယိုမဟုတ်ဘူး။

နောက် ငွေကြေးကိုပြောတယ်။ တဖက်ကလူတွေကလည်း ငွေကြေးနဲ့ပတ်သက်ပြီး ဒီလောက်ပေးပါလားလို့ ပြောတယ်။ ဥပမာ Bangkok to Mandalay ဇာတ်ကားဟာ ဒေါ်လာ ၄ သိန်းကုန်ကျတယ်လို့ ပြောတယ်။ ဝေဖန်ကြတယ်။ စဉ်းစားပါဦး။ ဒေါ်လာ ၄ သိန်းဆိုတာ မြန်မာငွေနဲ့မှ သိန်း ၄ ထောင်လောက်ပဲရှိတာ။ မြန်မာပြည်မှာ မော်တော်ကား ဝယ်စီးမယ်ဆိုရင်တောင် သိန်း ၄ ထောင်လောက်တန်တဲ့ ကားတွေရှိတယ်။ ဇာတ်ကားတကားကို သိန်း ၄ ထောင်လောက် ပဲ ကုန်တယ်ဆိုတာ နည်းတာပေ့ါ။ သိန်း ၄ ထောင်တောင် ကုန်သွားသလားဆိုပြီး ဘုမသိ၊ ဘမသိနဲ့ မြန်မာရုပ်ရှင်ကို သိန်း ၄ ဆယ်နဲ့ ရိုက်လို့ရမလား။ ပြောနေတာ တကယ်တော့ နည်းလွန်းသေးတယ်။ အဲ့လိုပဲ မြန်မာပြည်မှာ လာရိုက်သွားတဲ့ ကိုရီးယားကားတကားဟာ သိန်းပေါင်း ၂ သောင်းကျော် သုံးသွားတာ။ အဲ့တော့ မြန်မာကားထဲမှာ ထူးထူးကဲကဲ Bangkok to Yangon ကားသည် သိန်း ၄ ထောင်သုံးသွားတယ်ဆိုတာက အမှန်က သူတို့ ပမာဏနဲ့ နည်းလွန်းပါတယ်။

တကယ်တော့ ပိုက်ဆံကုန်မှ ကားကောင်းတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ အဲ့လိုကုန်တဲ့ ပမာဏကို လှောင်ပြောင် နေကြတယ်ဆိုရင်လည်း မသိချင်ယောင်ဆောင်လိုက်ပေါ့။ သူတို့မသိလို့ပြောတာပဲလေဆိုပြီး မသိချင်ယောင် ဆောင်လိုက်လို့ရပါတယ်။ အဲ့လိုမဟုတ်ဘဲ အကုန်လျှောက်တုံ့ပြန်နေတော့ ဘာမှ အဖြေထွက်မလာဘဲနဲ့ သေချာတာတော့ MPT က အမြတ်ထွက်သွားတာပဲ။

မေး။ ။အခု ရုပ်ရှင်ဖိုရမ်လည်း လုပ်ပြီးသွားပြီ။ အဲ့ဒီနောက်မှာရော မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လောက် အတိုင်းအတာအထိ ခရီးရောက်လာပြီလဲ။ လုပ်ဖြစ်နေကြပြီလဲဆိုတာကို ဦးဇာဂနာရဲ့ အမြင်လေး သိချင်ပါတယ်။

ဖြေ။ ။ ရုပ်ရှင်လောက တကယ့်ကို အဆင့်အတန်းမီမီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ချင်တဲ့သူ ကြိုးစားနေတဲ့သူတွေ အားလုံးက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ဘာသာကို နိုင်သလောက်လုပ်မယ်ဆိုပြီး အခုထက်ထိ လုပ်နေကြတုန်းပဲ။ အဲ့ဒီလူတွေက အခုလို ပြောတဲ့အထဲမှာ တယောက်မှ မပါဘူး။ အဲ့ဒီအထဲမှာ ဝင်လည်း မပြောဘူး။ ရေးလည်းမရေးဘူး။ သူတို့စိတ်ထဲမှာ လူတွေ ဘာရေးနေလဲဆိုတာ အဲ့ဒီ တကယ်လုပ်နေတဲ့သူတွေက သိတောင် သိရဲ့လားတောင် မသိဘူး။ အဲ့ဒါ အဖြစ်မှန်ပဲ။ အဲ့ဒါဘာလို့လဲဆိုတော့ အားနေတဲ့သူတွေပဲ ဒီအလုပ်ကို လုပ်နိုင်တာပေ့ါ။ တကယ့် တိုးတက်ရာ တိုးတက်ကြောင်း လုပ်နေတဲ့သူတွေက ဒါတွေကို တုံ့ပြန်ဖို့ အချိန်တောင်မရှိဘူး။ အခုဆိုရင် ဖိုရမ်ကြီးတခုပြီးတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ မြန်မာ့ရုပ်ရှင်ကို DCP အဆင့်အတန်းနဲ့ အညီ အရည်အသွေးမီအောင် ဘယ်လိုထိိန်းကြမလဲဟာကို အခု workshop လုပ်ကြမယ်။ ထိန်းပုံထိန်းနည်းက အနိမ်ဆုံး ဒေါ်လာ ၁ သိန်းလောက်ကုန်မယ့် နည်းနဲ့မှ ထိန်းလို့ရမယ်။ အဲ့ဒီပစ္စည်းဟာ DCP အဆင့်အတန်းမီမမီ စစ်တဲ့စက်။ အဲ့ဒီလိုပစ္စည်းကို အစိုးရကလည်း ဝယ်မပေးနိုင်ဘူး။ ရုပ်ရှင်သမားတွေ ကိုယ့်ဘာသာကို ဝယ်ရတော့မှာ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြရတာ။ နောက် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ နဲ့ ထုတ်လုပ်သူတွေကြားထဲမှာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ဖြစ်သွားအောင် စာချုပ်စာတမ်းနဲ့ အလုပ်လုပ်ကြဖို့ မကြာခင်ရက်ပိုင်းအတွင်းမှာ workshop လုပ်ကြမယ်။ ပြီးတော့ ဒီဘက်မှာ ရုပ်ရှင်ရုံတွေ များလာရင် ရုပ်ရှင် ဇာတ်ကားတွေပြလို့ရမယ်။ ဒီလို ရုပ်ရှင်ရုံတွေ ပေါ်ပေါက်လာဖို့အတွက် ကိုယ့်ပိုက်ဆံနဲ့ကိုယ်တည်ဆောက်ဖို့အတွက် ကြိုးစားနေကြတယ်။ အဲ့ဒါတွေဖြစ်လာဖို့ ဒီဘက်က ကြိုးစားနေတဲ့သူတွေက အခုလို ရေးသားနေကြတာတွေကို ဖတ်တောင်ဖတ်မိမှာလည်း မဟုတ်သလို တုံ့ပြန်နေမှာလည်း မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ ကိုယ်တွေက ကိုယ့်လောက တိုးတက်အောင် ကြိုးစားနေကြရတာကိုး။

ပြောချင်တာက ရုပ်ရှင်ဖိုရမ်လုပ်ပြီးထွက်လာတဲ့ အဖြေထဲက ကြိုးစားရမယ့် အချက် ၈ ချက်ကို အကုန်ကြိုးစားနေကြတာ။ ဆင်ဆာရဲ့ စနစ်ကို ပြင်ဖို့ တိုင်းဝန်ကြီးဌာနနဲ့ ပေါင်းပြီးတော့ ကော်မတီဖွဲ့တယ်။ ဆင်ဆာရဲ့ စနစ်ကို ပြင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပေါင်းပြီး ကော်မတီဖွဲ့တယ်။ ဆင်ဆာကို Rating စနစ်ပေါ့နော်။ ဆင်ဆာကို ဟိုကဖြတ် ဒီကဖြတ်နဲ့မဟုတ်ဘဲ Rate သတ်မှတ်မယ်။ ဒါဆို ၁၃ နှစ်အောက် ကလေးငယ် မကြည့်ရ။ ၁၈ နှစ်အောက် မကြည့်ရ စသဖြင့် အဲ့ဒီလို rating စနစ်နဲ့ သတ်မှတ်ဖို့ကို ကြိုးစားနေတယ် အခု တိုင်ပင်နေတယ်။ အဲ့ဒီအတွက်ကို အကြီးအကျယ် ငြင်းခုန်နေရတယ်။ အာတွေလည်း ပေါက်တော့မယ်။ အဲ့ဒီလိုလုပ်နေကြတဲ့ ကာလမှာ ဒီကိစ္စတွေကို လှည့် မပြောနိုင် ဘူးလေ။

အဲ့ဒီလုပ်နေကြတဲ့လူတွေရဲ့ အဖြေတွေ ထွက်လာရင်တော့ ဒါတွေအားလုံးက ပြီးပြီးတော့ အောင်မြင်သွားမှာပါ။ အဲ့ဒီတော့ မြန်မာပရိသတ်တွေလည်း သူတို့ကြည့်ချင်တဲ့ မြန်မာကားကောင်းကောင်းကို အဲ့ဒီအခါကျရင် ကြည့်ရမှာပါ။

Loading