တကယ်တမ်းဆိုရင် အခု မော်ဒယ်ရဲ့ ပြည်တွင်း စျေးကွက်ပြိုင်ဘက်တွေက Toyota Passo, Suzuki Swift နဲ့ Honda Fit တွေပါ။ ဒါပေမယ့် ပြိုင်ဖက် မော်ဒယ်တွေ အားလုံး တပြေးညီ စျေးလိုက်တက်သွားပါတယ်။ အခု Mazda2ကတော့ စျေးချိုချိုနဲ့ ရနိုင်နေဆဲပါပဲ။
ဒီတချက်က တန်ကြေးနည်း အိမ်စီး မော်ဒယ် ဝယ်မယ့်သူတွေအတွက် အဆင်ပြေစေမယ့် အချက်ပါပဲ။ Demio လို့လည်း စျေးကွက်မှာ လူသိများပြီး အတူတူပါပဲ။ စျေးကွက်အလိုက် နာမည်ပြောင်းလဲ ထုတ်လုပ်မှု သဘောအရပဲ ကွဲလွဲနေတာ ဖြစ်ပေမယ့် ဘာမှ မထူးခြားပါဘူး။
အရင်တုန်းက Demio တွေကို နီညိုရောင်လို စျေးကွက် လူကြိုက်နည်းတဲ့ အရောင်တွေကြောင့်၊ တန်ကြေးနည်း မော်ဒယ်ဖြစ်လို့ ဆေးသားအကျ မြန်တာတွေကြောင့် စျေးလည်း ချိုသလို လူကြိုက်လည်း နည်းခဲ့တာပါ။ အခု စျေးကွက်မှာ မော်ဒယ်မြင့် အနေနဲ့ ရလာနိုင်ချိန်မှာတော့ အားလုံး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
စျေးချိုမယ်၊ အရောင် ရွေးချယ်နိုင်မှု များလာမယ်၊ အများဆုံးကတော့ အဖြူ၊ အနီ၊ အစိမ်း၊ အနက်နဲ့ နီညိုတွေ ရနိုင်မယ်၊ မော်ဒယ်မြင့် ရမယ်၊ ကီလိုနည်းနည်းနဲ့ ရွေးချယ်နိုင်မယ်၊ အတွင်းခန်း ကျယ်မယ်၊ မြို့တွင်းသုံး အတွက် အဆင်ပြေမယ်ပေါ့။ ဒီဆိုရင်တော့ တန်ကြေးနည်း မော်ဒယ် တခုအတွက် မဆိုးလှပါဘူး။
အင်ဂျင်စနစ်က နောက်ပိုင်းမှာ ဆီစားနည်းအောင် ဖန်တီးလာနိုင်တာမို့ ၁.၀ လီတာသုံး အင်ဂျင်ကိုပဲ ထည့်ထားတာပါ။ ဒီ့အတွက် ကျနော်က မြို့တွင်းသုံးလို့ ဆိုလိုက်တာပါ။ ခရီးဝေး မောင်းနှင်ဖို့ အတွက်တော့ မကောင်းပါဘူး။ အရင် Mazda က ဒီဇယ်အင်ဂျင်နဲ့ မော်ဒယ်တွေ ထုတ်လုပ်မှုများလို့ ပြည်တွင်းမှာ လူကြိုက်နည်းခဲ့ပေမယ့် အခုတော့ Gasoline နဲ့ လာပါပြီ၊ Auto စနစ်နဲ့ သွားမှာ ဖြစ်ပါတယ်။
အင်ဂျင်က ရုန်းအားနည်းတယ်၊ စွမ်းအင် အထွက်နည်းတယ်။ ဒါကြောင့် အမျိုးသမီး မောင်းနှင်သူတွေ အတွက်ပါ အဆင်ပြေစေနိုင်ပါတယ်။ စျေးသွား၊ ကျောင်းပို့၊ အလုပ်သွားဆိုတဲ့ ပုံမှန် အသုံးတွေအတွက် စိတ်ကြိုက်ဖြစ်မှာပါ။ Air Con ရမယ်၊ မြို့တွင်းမှာ Air-Con တချိန်လုံး သုံးမယ်ဆိုရင်တောင် ဆီတဂါလံကို မိုင် ၄၀ ဝန်းကျင် ရနိုင်မယ်။
အတွင်းခန်းမှာ TV-DVD လို ဖျော်ဖြေရေးအပိုင်းတွေ အားလုံးပါမယ်။ ဒါတွေက တန်ကြေးနည်း မော်ဒယ်တခုမှာ မပါခဲ့လို့ ကိုယ့်လက်ထဲရောက်မှ ထည့်မယ်ဆိုရင် သိန်းဂဏန်းထိအောင် ကုန်ကျမှာ ဖြစ်လို့ သက်သာစေနိုင်မှာပါ။ အတွင်းခန်း ခုံစွပ်၊ ကြမ်းခင်း၊ အထို်င် အားလုံး ပြင်ဆင်ထားပြီးသား အနေအထား၊ အသက်ကယ် လေအိတ်စနစ် ၄ လုံးပါမယ်၊ ဘရိတ်က ABS ဖြစ်လာတယ်၊ Back Mirror လည်း ထည့်ထားတယ်။ ဒါတွေက အာရှထုတ် မော်ဒယ်တွေရဲ့ အားသာချက် တချက်ပါ။ စျေးချိုချိုနဲ့ ရသည့်တိုင်အောင် အစုံထည့်ထားတဲ့ ပုံစံပါ။
နယ်ဝေးခရီး သွားတတ်သူတွေ လောက်ကလွဲရင် မြို့တွင်းသုံးအတွက် ကျနော်က Mazda2 ကို ညွှန်းချင်ပါတယ်။ အဖြူရောင် ၂၀၁၁ ခုနှစ်ထုတ် ကီလို ၇ သောင်းကျော်ကို ၁၁၈ သိန်း အခေါ်ရှိပါတယ်၊ အဖြူရောင်ဖြစ်လို့ စျေးမာပေမယ့် အဖြူတမျိုး ကလွဲရင် အနက်၊ အစိမ်း၊ အနီ၊ နီညို အတိုင်း စျေးက အကျဘက်မှာ အစဉ်လိုက်ရှိမှာပါ။ ဒါတောင် ၂၀၁၀ ခုနှစ်နဲ့ ရှေ့ပိုင်းထုတ်ဆိုရင် စျေးက သိန်း ၁၀၀ နဲ့ အထက်ကို ဘယ်လိုမှ တက်လာစရာ မရှိပါကြောင်း။