ကြံရည်ကို လူများစု နှစ်ခြိုက်ကြပါတယ်။ ကြံရည်အရသာကို သဘောကျတယ်၊ ကြံရည်သောက်ပြီး လန်းဆန်းတယ်လို့ ခံစားမိကြတယ်။ ကြံရည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးရှိတာတွေ သိရင် ပိုပြီး သောက်မိကြမယ် ထင်ပါတယ်။
ကြံရည်က အာဟာရပြည့်ပြီး ကိုယ်တွင်းက အရေးပါတဲ့ လုပ်ငန်း ဆောင်တာတွေအတွက် အရေးပါလှပါတယ်။ ရေဓာတ် ဖြည့်ဆည်းပေးသလို စွမ်းအင်တွေလည်း ပြည့်စေတာပါ။
ကြံရည်မှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ မင်းဂနီးစ်နဲ့ မဂ္ဂနီဆီယမ်တွေ ပါဝင်ကြပြီး ကင်ဆာ၊ နှလုံးရောဂါ၊ အစာအိမ်ရောဂါနဲ ့ဝမ်းချုပ်တာတွေ သက်သာစေတယ်လို ့ဆိုပါတယ်။ ပျော်ဝင်တတ်တဲ့ အမျှင်တွေ ပါဝင်နေတာမို ့ ဝိတ်ချရာမှာ အသုံးတည့်သလို သဘာဝ သကြားက ဆီးချိုအတွက် အန္တရာယ် နည်းစေတာလည်း ပါဝင်ပါတယ်။
ကြံမှာ ပါဝင်တဲ့ Alpha Hydroxy Acid က ဝက်ခြံကို ကာကွယ်ပေးလို့ အသားအရေ စိုပြေစေပြီး ရင့်ရော်မှုကို တားဆီးပေးတယ်လို့ ဆိုပါတယ်။ အရေးကြီးထင်ရှားတဲ့ အကျိုးကျေးဇူးတွေကတော့ –
ကင်ဆာကာကွယ်ရေး
ကြံရည်က ကင်ဆာအမျိုးမျိုး၊ အထူးသဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာတွေ ကာကွယ်တယ်လို့ ဆိုပါတယ်။ အဲဒါကလည်း သူ့မှာ ကြွယ်ဝစွာ ပါဝင်နေတဲ့ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်နဲ့ မင်းဂနီးစ်၊ မဂ္ဂနီဆီယမ်တွေကြောင့်လို့ ဆိုပါတယ်။
ကြံရည်က အယ်လ်ကာလီ သဘာဝရှိတာမို့ အယ်လ်ကာလီမှာ မပွားနိုင်တဲ့ ကင်ဆာတွေကို ကာကွယ်ထားပြီးသား ဖြစ်နေတာလို့လည်း ပြောကြပါတယ်။
အစာကြေဖို့
ကြံမှာ ပိုတက်ဆီယမ် အများကြီး ပါဝင်တာက အစာအိမ်ထဲက ရောဂါပိုး ကူးစက်မှုတွေကို ကာကွယ်သလို ဝမ်းမချုပ်အောင် လုပ်ပေးတယ်လို့ ဆိုပြန်ပါတယ်။
နှလုံးရောဂါ ကာကွယ်ရေး
ကြံရည်က ကိုလက်စထရော၊ ထရိုင်ဂလစ်ရိုက် (Triglyceride) စတဲ့ အဆီတွေကျစေတာမို့ နှလုံးရောဂါ ကာကွယ်ပေးရာ ရောက်ပါသတဲ့။
ဆီးချိုသမားအတွက်
ကြံရည်အရသာက ချိုတာမို့ တချို့ကတော ့ကြောက်ကြမှာပါ။ ဒါပေမယ့် ကြံရည်မှာပါတဲ့ သဘာဝသကြားက သွေးတွင်း သကြားဓာတ်ကို ဝုန်းခနဲ တက်စေတဲ့ Glycemic index နည်းတာကြောင့် သိပ်ကြောက်စရာမလိုဘဲ အာသာပြေအောင်တော့ သုံးဆောင်နိုင်တယ်လို့ ဆိုလေရဲ့။
အသားအရေစိုပြေဖို့
အထက်မှာ ဆိုခဲ့သလို Alpha Hydroxy Acid ပါဝင်တဲ့ ကြံရည်က ဝက်ခြံတွေကို ကုသပေးရာ ရောက်သလို အရေပြား ပေါ်က အစွန်းအထင်း အစက်အပြောက်တွေ လျော့နည်းစေပါတယ်။ ရင့်ရော် အိုမင်းတာတွေကိုလည်း တားဆီးပေးသလို အရေပြား စိုပြေနေစေပါသတဲ့။
အရေပြား စိုပြေလှပစေဖို့ အကောင်းဆုံး နည်းလမ်းတခုအဖြစ် မျက်နှာမှာ ကပ်တဲ့မျက်နှာဖုံးတွေ၊ လိမ်းဆေးတွေမှာ ကြံရည် ထည့်သွင်း ပေးသင့်တယ်လို့တောင် ဆိုပြန်ပါတယ်။
ကြံရည်က အရသာတင်မက ကျန်းမာနုပျိုရေးမှာ အရေးပါလွန်းတဲ့ အာနိသင်တွေ ရှိနေတာ ပျော်စရာမဟုတ်ပါလား။ ကြံရည်သောက်ပြီး နုပျိုကျန်းမာခြင်းတွေ ဆောင်ယူကြပါစို့။