Lifestyle

ဇိမ်ခံအနေနဲ့ ပိုပြီး အဆင်ပြေမယ့် Volkswagen Polo

ကျနော်တို့ ပြည်တွင်း ကားစျေးကွက်မှာ အင်ဂျင်အသေးစား တပ်ဆင်ထားတဲ့ မော်ဒယ်တွေ လူကြိုက်များနေခဲ့တာ ၅ နှစ်တာ ကာလအတွင်းထဲကို ရောက်လာပြီ ဖြစ်သလို နောက်ပိုင်း စျေးကွက် အနေအထားအရ တင်သွင်း ရောင်းချသူတွေ ကိုယ်တိုင်လည်း အင်ဂျင်အသေးစား မော်ဒယ်တွေကို တန်ကြေးနည်း စျေးကွက်အတွက်ရော ဇိမ်ခံ အတွက်ပါ တင်သွင်းရောင်းချလာတာ တွေ့နိုင်ပါတယ်။

အများစု အနေနဲ့ကတော့ တန်ကြေးနည်း စျေးကွက်အတွက် အာရှထုတ် မော်ဒယ်လေးတွေ နေရာရပြီး ဇိမ်ခံ အနေနဲ့ကတော့ Mini Cooper လို မော်ဒယ်တွေ လူကြိုက်များပါတယ်။ ဒီနေ့တော့ အင်ဂျင်အသေးစားတပ် မော်ဒယ်တွေထဲကမှ ဇိမ်ခံအနေနဲ့ အဆင်ပြေမယ့် တန်ကြေးနည်း မော်ဒယ် တခုကို ပြောချင်ပါတယ်။

အဲဒါကတော့ Volkswagen ရဲ့ မော်ဒယ် Polo ပါ။ ပြည်တွင်းမှာ နာမည်ကျော် Beetle မော်ဒယ်တွေလည်း ရနိုင်ပြီး သူကတော့ ဇိမ်ခံ မော်ဒယ်အဖြစ် ထုတ်လုပ်ထားတာ ဖြစ်လို့ စျေးနှုန်းက သိန်း ၄၀၀ လောက်ထိအောင် ရှိနိုင်ပါတယ်။ အခု Polo ကတော့ တကယ်တမ်းက အိမ်စီး မော်ဒယ်ပါ။ ဒါပေမယ့် မော်ဒယ်ရဲ့ အပြင်အဆင်၊ အရည်အသွေးနဲ့ ပြည်တွင်းစျေးကွက် အနေအထားတွေကြောင့် ဇိမ်ခံ အနေနဲ့ပါ အဆင်ပြေနိုင်တယ်လို့ ပြောလိုက်တာပါ။

သူနဲ့ ပြိုင်ဖက် အနေနဲ့ ပြည်တွင်းမှာ Honda Fit, Toyota Vitz နဲ့ Ratics လို မော်ဒယ်တွေ ရှိုနေမှာပါ။ စျေးနှုန်းကတော့ အဆိုပါ ဂျပန် မော်ဒယ်တွေထက် နည်းနည်း မြင့်နေချင်ပေမယ့် အရည်အသွေးပိုင်းက ပိုပြီး စိတ်ချရလို့ စိတ်ဝင်စားမယ်လို့ ထင်မိပါတယ်။

ဂျာမနီထုတ် မော်ဒယ်ဖြစ်ပြီး ဥရောပ စျေးကွက်တစ်ခုလုံးမှာ VW Golf ပြီးရင် ရောင်းအား အကောင်းဆုံး အိမ်စီး မော်ဒယ်လို့ ဆိုနိုင်လောက်အောင် လူကြိုက်များပါတယ်။ အတွင်းခန်း ကျယ်ဝန်းတယ်၊ အပြင်အဆင် ကောင်းမွန်တယ်၊ ရုပ်ထွက်လှတယ်။ ခရီးဝေး စိတ်ကြိုက်မောင်းနှင်နိုင်တယ်၊ ဇိမ်ခံအဖြစ် သုံးနိုင်တယ်။ လမ်းကြမ်းပိုင်းလည်း စိတ်ချရတယ်။ စျေးလည်း သင့်တယ်ပေါ့။

ရှေ့ပိုင်းမှာ Polo က အနက်ရောင် တမျိုးတည်းပဲ စျေးကွက် အဝင်များပေမယ့် အရောင်အစွဲများတဲ့ ပြည်တွင်းမှာ အခု အဖြူရောင်တွေလည်း ရနိုင်နေပါပြီ။ ဒါပေမယ့် စျေးတော့ နည်းနည်း ပိုမာချင်ပါတယ်။ ၁.၂ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီး Auto စနစ်နဲ့ သွားပါ့မယ်။

နှစ်ဘီးယက်စနစ်နဲ့လည်း ရနိုင်သလို လေးဘီးယက် ပုံစံလည်း လာပါတယ်၊ အင်ဂျင်စနစ်က အသေးစားဖြစ်လို့ ဘီးယက်စနစ် မြှင့်ထားပေမယ့် ဆီစားနှုန်း သိပ်မကွာလှပါဘူး။ လေးဘီးယက် မော်ဒယ်က ဆီနည်းနည်း ပိုစားပြီး ပျမ်းမျှ တဂါလံကို ၃၅ မိုင်ကျော်လောက် ထိအောင် ရမှာပါ။ ညာမောင်း မော်ဒယ်ပါ။

ဂျာမနီကားဖြစ်ပေမယ့် Gasoline အင်ဂျင်ပါ၊ အတွင်းခန်း အပြင်အဆင် အားလုံး လက်တင် စီးရုံပါပဲ။ အများစု ရာခိုင်နှုန်း ၉၀ ကျော်က Original ပစ္စည်းတွေ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားဝရာ ကောင်းတဲ့ အချက်က ၂၀၁၇ ခုနှစ်ထဲ ရောက်တော့မှာ ဖြစ်လို့ မော်ဒယ်နှစ် မြှင့်ပြီး ကားတွေ တင်သွင်းစီးနင်းခွင့် ပေးလာတော့မယ် အချိန်မှာ Polo က ၂၀၁၁ ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေ စျေးကွက်မှာ အလွယ်ရနိုင်နေတာပဲ ဖြစ်ပါတယ်။

လူကြိုက်များ Vitz ၂၀၁၁ ခုနှစ် ဝန်းကျင်ထုတ်တွေက သိန်း ၁၃၀ ကျော် ရှိပါတယ်၊ Ratics ၂၀၁၁ ခုနှစ်ဝန်းကျင်တွေက သိန်း ၁၅၀ ကျော်ရှိပါတယ်။ ဒါပေမယ့် ဇိမ်ခံ အဖြစ် အဆင်ပြေပါ့မလား။

အခု Polo ၂၀၁၁ ခုနှစ်ထုတ် အဖြူရောင် ကီလို ၈ သောင်း ဝန်းကျင်ကို ၁၅၉ သိန်း ခေါ်စျေးရှိပါတယ်။ ဒါက လူကြိုက်များ အဖြူရောင်ပါ။ စျေးတော့ နည်းနည်း မာနိုင်ပါတယ်။ တကယ်လို့ အနက်ဆိုရင် အခုစျေးထက် အောက်ဖက်မှာပဲ ရှိမှာဖြစ်လို့ ဇိမ်ခံအဖြစ်ပါ သုံးနိုင်မယ့် Polo ကို စိတ်ဝင်စားပါတယ်။

Loading