မြွေတူပင်
မြွေတူပင်လို့ခေါ်တဲ့ (Snake Plant) ရဲ့ ရုက္ခအမည်က (Sansevieria trifasciata (Snake Plant)) ဖြစ်ပါတယ်။ ဒီအပင်ရဲ့ နောက်ထပ် အမည် တခု ကလည်း ရယ်စရာပါ၊ ‘ယောက္ခမလျှာ’ (Mother-In-Law’s Tongue) တဲ့။ အမြဲစိမ်းပင် ဖြစ်တဲ့ ဒီအပင်က လည်း အိမ်တွင်းလေကို သန့်ရှင်းစေပါတယ်။ NASA ရဲ့ သုတေသနပြု တွေ့ရှိချက်အရ ဒီအပင်ဟာ အိမ်တွင်းတွေမှာ၊ အခန်းတွင်းထဲမှာ ဓာတ်ပြု အဆိပ်အတောက် ဖြစ်စေတဲ့ အငွေ့အသက်တွေ၊ ဥပမာ ဖော်မလင်နံ့၊ နိုက်ထရိုဂျင် အောက်ဆိုက်၊ ဘင်ဇိုင်းနဲ့ အခြား အန္တရာယ်ဖြစ်စေတဲ့ အနံ့အသက်တွေကို သန့်ရှင်းစေပါတယ်။
အခန်းတွင်း အလင်းရောင် နည်းနည်းမှာရော၊ အပြင်ဘက် နေရောင်ခြည်အောက်မှာရော ရှင်သန်နိုင်တဲ့ အပြင် ရေလည်း အနည်းငယ်ပဲ လိုပါတယ်။ ပြီးတော့ စိုက်ပျိုးရလွယ်ကူသလို ထိန်းသိမ်းရတာလည်း မခက်ခဲတာကြောင့် ဒီအပင်ကို သင့်အိမ်တွင်းမှာ စိုက်ပျိုးသင့်ပါတယ်။
ဥရောပပန်းနွယ်
ဥရောပ ပန်းနွယ် (European Ivy) သို့မဟုတ် အင်္ဂလိပ်ပန်းနွယ် (English Ivy) ပင်ဟာ အခန်းတွင်းလေထုထဲက အဆိပ်အတောက်တွေကို သန့်စင်စေတာကြောင့် လူသိများ အစိုက်များကြပါတယ်။ သူ့ရဲ့ ရုက္ခအမည်က (Hedera helix ) ဖြစ်ပါတယ်။ NASA ရဲ့ သုတေသနပြုချက်အရ ဥရောပပန်းနွယ်ဟာ လေထုထဲက မှိုနံ့တွေ စိုထိုင်းစကို လျှော့ချ ပေးနိုင်စွမ်းလည်း ရှိတယ်လို့ သိရပါတယ်။ ဒီအပင်ဟာ အိမ်အပြင် အခန်းအပြင်နံရံတွေမှာ ခြံဝင်းအကာ တံတိုင်းတွေ မှာ စိုက်ပျိုးကြပါတယ်။
ဘာဘတ်တန် ဒေစီပန်း
အာဖရိက အရှေ့ပိုင်း ပင်ရင်းဖြစ်တဲ့ ဘာဘတ်တန်ဒေစီပန်း (Barberton Daisy) ကလည်း အိမ်တွင်းမှာ စိုက်ပျိုးဖို့ သင့်တဲ့ အပင်တမျိုးပါ။ ရုက္ခအမည် (Gerbera jamesonii ) လို့ ခေါ်တဲ့ ဒီအပင်လေးဟာ အရွက်ဖားဖားနဲ့ အရောင်စုံ ပန်းပွင့်တွေကြောင့် စိမ်းမြ လှပသလို သင့်အိမ်တွင်းက လေထုကို အထူးသန့်ရှင်းစေပါတယ်။ သို့ပေမယ့် ဒီအပင်က နေရောင်ခြည် တိုက်ရိုက်ရတာကို နှစ်သက်တယ်၊ ရေများများ လောင်းတာကို ကြိုက်တယ်၊ မြေသြဇာ မြေဆွေး ကောင်းမွန်တာကို နှစ်သက်တာကြောင့် စိုက်ရပျိုးရ နည်းနည်းတော့ လက်ဝင်ပါတယ်။
ကြိုးကြာလီလီ
ကြိုးကြာလီလီ (Flamingo Lily) ဒါမှမဟုတ် ဇာပန်းရွက်ပင် (Lace leaf) ဟာ အမြဲစိမ်းပင်တမျိုး ဖြစ်သလို ထူးဆန်းလှပတဲ့ အပွင့်တွေ ပွင့်တဲ့ အိမ်တွင်း ပျိုးပင်တမျိုးပါ။ ရုက္ခ အမည် (Anthurium andraeanum) လို့ခေါ်တဲ့ ဒီအပင်ဟာ အရွက်စိမ်းစိမ်းနဲ့ အပွင့်နီနီက လှပထူးခြားနေသလို အိမ်တွင်းမှာ ဖြစ်တတ်တဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ အငွေ့အသက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။
ဒီအပင်က နေရောင်ခြည် တိုက်ရိုက်ရတာကို နှစ်သက်တာကြောင့် အခန်းတွင်းမှာ စိုက်ဖို့အတွက်တော့ အခက်အခဲ နည်းနည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အခန်းအတွင်းမှာထက် အခန်းအပြင်ဘက် အနီးအနား နေရောင်ရတဲ့ နေရာမှာ စိုက်ပျိုးသင့်ပါတယ်။
ညွှန်း – learn.allergyandair.com