မလေးရှားနိုင်ငံမှာ ရက်သတ္တပတ်ကြာ ပြုလုပ်ခဲ့တဲ့ “ASEAN Celebrity Explore Quest Malaysia 2016”၊ မလေးရှားနိုင်ငံ ခရီးသွားမြှင့်တင်ရေး အာဆီယံ ၁၀ နိုင်ငံမှ အနုပညာရှင်များနဲ့ မီဒီယာများ ချစ်ကြည်ရေးခရီးစဉ်ရဲ့ နောက်ဆုံးည Gala Dinner မှာ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့တဲ့ သရုပ်ဆောင် နန်းဆုရတီစိုး နဲ့ ပိုင်တံခွန်တို့က ဦးရွှေရိုးနဲ့ ဒေါ်မိုးအက ကို ကပြ ဖျော်ဖြေခဲ့ပါတယ်။
အဆိုပါ ခရီးစဉ်ကို Tourism Malaysia က စီစဉ်ပေးတာဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံမှ အနုပညာရှင် များက ကိုယ်စားပြုတက်ရောက်ပြီး မလေးရှားနိုင်ငံရဲ့ အထင်ကရ နေရာတွေ၊ လည်ပတ်စရာ နေရာတွေကို သွားရောက်လည်ပတ်ပြီး မလေးရှားနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု၊ အစားအစာတွေကို မြည်းစမ်း လေ့လာခွင့်ရခဲ့ပါတယ်။
Gala Dinner ဖျော်ဖြေပွဲမှာ အာဆီယံ ၁၀ နိုင်ငံက အနုပညာရှင်တွေက Performance များ၊ သီချင်းများနဲ့ အသီးသီးဖျော်ဖြေခဲ့ကြပြီး မြန်မာကိုယ်စားပြု တက်ရောက်ခဲ့တဲ့ Miss Myanmar International 2015 အမရာငြိမ်းကလည်း မြန်မာ့ရိုးရာ ဆီမီးခွက်အကနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။
ဦးရွှေရိုး၊ ဒေါ်မိုးအက ကပြဖျော်ဖြေခဲ့တာနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက “အာဆီယံနိုင်ငံ Gala Dinner ဖြစ်တဲ့အတွက် နန်းဆုက မြန်မာမှုဖြစ်တဲ့ ဦးရွှေရိုး၊ ဒေါ်မိုး အကကို ကချင်တယ်၊ ငယ်ငယ်က တည်းက အရမ်းကချင်နေတဲ့ အကလေး၊ အဲဒါနဲ့ ပိုင်တံခွန်နဲ့ တိုင်ပင်ကြည့်တော့ သူကလည်း ကမယ် ဆိုတာနဲ့ ကဖြစ်သွားတာပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး သူက “နန်းဆု ငယ်ငယ်လေးတည်းက မြန်မာအကကို အရမ်းမြတ်နိုးတော့ ၄ တန်း လောက်တည်းက မြန်မာအက သင်ခဲ့တယ်။ ကဗျာလွတ်အကတွေ၊ ဆိုကရေးတီးတွေ ဝင်ပြိုင်ခဲ့တယ်။ အဲဒီတော့ အရမ်းကြီးတော့ ခက်ခက်ခဲခဲ မရှိခဲ့ပါဘူး။ ဦးရွှေရိုးနဲ့ ဒေါ်မိုးက ၂ ယောက် ကတာ ဖြစ်တဲ့ အတွက် မလေးရှားကို မလာခင် ၃၊ ၄ ရက်လောက် ကြိုပြီးတော့ အကတိုက် လေ့ကျင့်ခဲ့ပါတယ်”လို့ ဆက်ပြောပါတယ်။
အခုလို မြန်မာ့ရိုးရာအကတခုကို အာဆီယံ ၁၀ နိုင်ငံရှေ့မှာ ချပြခွင့်ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက် ကြောင်းနဲ့ မြန်မာဆိုတာကို အားလုံးသိအောင် ရင်ထဲမှာ ရှိနေအောင် မှတ်မိနေအောင် ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ ကပြဖျော်ဖြေဖြစ်ခဲ့တယ်လို့ နန်းဆုရတီစိုး က ပြောဆိုပါတယ်။