အခုတပတ်မှာတော့ မော်တော်ကား တာယာတလုံးကို အသုံးပြုမှု မမှန်ကန်ခြင်းကြောင့် သက်တမ်း တိုစေနိုင်မယ့် အချက်တချို့ကို ပြောပြချင်ပါတယ်။ အလွယ်မှတ်သားထားနိုင်အောင် တိုတိုနဲ့ လိုရင်းကိုပဲ ပြောသွားပါရစေ။
၁ – ဝန်ပိုတင်ဆောင်ခြင်းဟာ တာယာတွေကို ပုံမှန်ထက် သက်တမ်း တိုစေမှု အများဆုံး ဖြစ်စေပါတယ်။
၂ – လေပေါင်ချိန် မပြည့်တဲ့ အနေအထားနဲ့ မောင်းနှင်ခြင်းက တာယာတွေကို သက်တမ်း တိုစေနိုင်ပါတယ်။
၃ – မိမိစီးနင်းမယ့် လမ်းကြောင်း အနေအထား (နယ်၊ မြို့တွင်း စသဖြင့်) ကိုက်ညီတဲ့ တာယာတွေကို ရွေးချယ် တပ်ဆင် စီးနင်းမှု မရှိခြင်းကလည်း တာယာတွေကို သက်တမ်းတိုစေနိုင်ပါတယ်။ အထူးသဖြင့် တာယာပန်းတွေကို ကြည့်ပြီး ရွေးချယ် တပ်ဆင်သင့်ပါတယ်။ ဒီ တချက်ကတော့ ကျနော်တို့ ပြည်တွင်း အနေအထားမှာ စည်းစနစ်တကျ တပ်ဆင်စီးနင်းမှု အားအနည်းဆုံး ဖြစ်နေပါသေးတယ်။ နိုင်ငံတကာမှာ ဆိုရင် မိုးတွင်းသုံး တာယာ၊ ဆောင်းတွင်းသုံး တာယာ၊ လမ်းကြမ်းသုံး တာယာ စသဖြင့် ကိုယ်အသုံးပြုမယ့် လမ်းကြောင်းအတိုင်း တာယာတွေကို လဲလှယ်တပ်ဆင် အသုံးပြုနေကြတာလည်း ဖြစ်ပါတယ်။
၄ – အရှိန်ပြင်း မောင်းနှင်ခြင်းကလည်း တာယာတွေကို သက်တမ်း တိုစေနိုင်ပါတယ်။
၅ – လမ်းကြမ်းပိုင်း မောင်းနှင်မှု များလေလေ တာယာတွေကို သက်တမ်းတိုစေလေလေ ဖြစ်ပါတယ်။
၆ – အရှိန်ပြင်း မောင်းနှင်မှုကနေ ရုတ်တရက် ရပ်တန့်ခြင်းမျိုးဟာ တာယာပန်းတွေကို ကြွေစေပြီး သက်တမ်း မြန်မြန် တိုစေနိုင်ပါတယ်။
၇ – ဘီးကာတွေနဲ့ တာယာတွေကို ထိမိနေစေခြင်းကလည်း တာယာတွေကို သက်တမ်းတိုစေနိုင်ပါတယ်။ ဒီအတွက် ကိုယ်ထည်နဲ့ ဘီးတွေရဲ့ ချိန်သားကို မျက်မြင်စစ်ဆေးပြီး လိုအပ်ချက်အရ ပြင်ဆင်မှုတွေ လုပ်ဆောင်စီးနင်းသင့်ပါတယ်။ အများအားဖြင့်တော့ ဝန်ပိုတင်ဆောင်ခြင်း၊ လေပေါင်ချိန် မမှန်ခြင်းတွေကြောင့် ဘီးကာတွေနဲ့ တာယာတွေ ပွတ်တိုက်မိနေတတ်ပါတယ်။
၈ – ဘီးတွေရဲ့ အထိုင်ကျမှု ဟန်ချက် မညီခြင်းကလည်း တာယာတွေကို တဖက်ခြမ်း ပန်းသားကြွေစေခြင်း ဖြစ်စေနိုင်သလို လက်ကိုင်ပိုင်း ထိန်းချုပ်မောင်းနှင်မှုကိုလည်း အားနည်းစေပြီး အမြန်လမ်းလို မြန်နှုန်းမြင့် မောင်းနှင်မှု နေရာတွေမှာ မတော်တဆမှုတွေကိုပါ ဖြစ်စေနိုင်ပါတယ်။
Ref: caranddriver.com