ဒစ်ဂျစ်တယ် အက်ဆေးများ
ကမ္ဘာ့`အက်ဆေး´ ဖခင်သည် မီရှယ် မောန်တိန်း (Michel Eyquem de Montaigne – 1533-92) ဖြစ်သည်ဟု ဆရာစဉ်သမားစဉ် အမှတ်အသားရှိသည်။ သူကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၄၀၀ ကျော်ပြီဟု ကွယ်လွန်သူ စာရေးဆရာ၊ ဝေဖန်ရေးဆရာ ဇော်ဇော်အောင်က သူ၏ စာပေါင်းသိုက်အက်ဆေး နိဒါန်းမှာ ရေးသားခဲ့ပါတယ်။
သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မြသန်းတင့်၊ ဇော်ဇော်အောင်၊ ဒေါက်တာလှဘေ အစရှိတဲ့ စာရေးဆရာကြီးများ ရေးသားခဲ့တဲ့ အက်ဆေးများစွာ ရှိသလို နောက်ပိုင်း မောင်ရင့်မာ (ကျောင်းကုန်း)၊ မြေလတ်မောင်မြင့်သူ၊ ဇော်ခိုင်ဦး တို့ လူကြီးပိုင်းတွေလည်း အက်ဆေးကို စိုက်လိုက်မတ်တပ် ရေးသားနေကြတာကို တွေ့ရပါတယ်။
ယခုစာအုပ်ကတော့ ကဗျာဆရာ၊ စာရေးဆရာ အောင်မိုးရဲ့ အက်ဆေး ၂၇ ပုဒ်ကို မိုးလုံးမှိုင်း စာပေကနေ ဖြန့်ချိထားတာ ဖြစ်ပါတယ်။
စာအုပ်မှာ ပါဝင်တဲ့ အက်ဆေး ၂၇ ပုဒ်ကတော့ ည၊ ငါးမှန်သော်လည်း ရေနစ်သည်၊ ဖန်တီးမှုလက်သစ် တယောက်၏ ဖွင့်ဟ ဝန်ခံချက်၊ အကယ်၍၊ ပြေးတိုင်လည်း ပတ္တမြားမဟုတ်၊ လုပ်အားနှင့် စည်းစိမ်ခံစားရခြင်း၊ လူနှင့် သဘာဝတရား၊ လူနှင့် ဘဝပေး အသိ၊ နံရံမျက်နှာနှင့် လူများ၊ ရေလားကုန်းလား၊ အောင်သွယ်တော် မန်ကျည်းပင်ကလေး၊ အခွင့်အရေးနှင့် ရပ်ခံကာကွယ်မှု၊ ဘတ်စ်ကားအိုကြီးထဲမှာ၊ စောင့်မျှော်ခြင်း၊ လေလွင့်ဝါကျတွေအကြောင်း၊ I am poet ၊ ဗန်ဂိုးတို့ မောခဲ့တဲ့ မှော်ရုံတော၊ ဒစ်ဂျစ်တယ် အလွမ်း၊ ကျနော်နှင့် တခုသောနှစ်သစ်၊ သေချာရေရာမှုတချို့ ပျော်ရွှင်မှုတချို့၊ ကမာရွတ်မှာ တညတာ၊ ဒစ်ဂျစ်တယ်မှု ပြုထားသော ခံစားချက်များ၊ ခံစားချက်အတွက် တနေရာ၊ ဖန်သားပြင် ယဉ်ကျေးမှုထဲက ကျနော်တို့ရွာ၊ ဥပေက္ခာ လောကသား၊ ဤနေရာတွင် လူသက်သေတို့၏ အခန်းကဏ္ဍ၊ ဖေ့စ်ဘုတ်ရဲ့မျက်နှာ တို့ ပါဝင်ပါတယ်။
ဆရာ ဇော်ဇော်အောင်ကတော့ “Essay ၏ အခြား အဓိပ္ပာယ်တစ်ခုကို ရည်၍ `အစမ်းစာ´ဟု ခေါ်ခဲ့ကြသေးသည်။ ဆရာ ဇော်ဂျီက (စာတမ်း/စာတန်း) နှစ်မျိုးကွဲစေ၍ Essay ကို `စာတန်း´ ဟု သတ်မှတ်ကာ စတင်သုံးစွဲခဲ့သည်။ စည်းကြီးကမ်းကြီးနှင့် ရေးသားသော စာမျိုးကို `စာတမ်း´၊ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရေးသောစာမျိုးကို `စာတန်း´ဟု ခေါ်စေလိုသည်ဟု ယူဆရပါသည်” ဟု စာပေါင်းသိုက် အက်ဆေးနိဒါန်းမှာတော့ ရေးသားခဲ့ပါတယ်။
ယခုစာအုပ်ပါ အောင်မိုးရဲ့ ဒစ်ဂျစ်တယ်အလွမ်း စာအုပ်ပါ အက်ဆေးများကတော့ ပေါ့ပေါ့ပါးပါး နည်းပြီး တွေးစရာ စဉ်းစား စရာများ ပါဝင်နေတာကို သတိထားမိပါတယ်။ အိုင်တီနည်းပညာခေတ် ဆိုတဲ့အတိုင်း ကိုယ်တိုင်ပါဝင် ဖြတ်သန်းနေရတဲ့ ခေတ်ကာလ အခြေအနေတွေကိုလည်း မီးမောင်းထိုးပြထားပါတယ်။
ညအက်ဆေးမှာတော့ အိပ်မပျော်နိုင်သူ တယောက်အတွေးကို ကဗျာဆန်တဲ့ အဖွဲ့အနွဲ့များဖြင့် ယှက်ဖောက်ထားပြီး ငါးမှန် သော်လည်း ရေနစ်သည်မှာတော့ ရေထဲမှာ ကျင်လည်တဲ့ငါးလေး၊ မပျော်တဲ့ငါးလေးအကြောင်းက ကူးခတ်ခြင်းဟာ ဘဝ ပြဌာန်းချက်ဆိုတာ ရေးသားထားပါတယ်။
အောင်သွယ်တော် မန်ကျည်းပင်တန်းကလေး အက်ဆေးမှာတော့ လမ်းစီမံကိန်းဘေးက ရွာလေးမှ လမ်းစီမံကိန်းကို ကန့်ကွက်စာ ရေးတင်တဲ့ ရွာသူမကြီး တယောက်အကြောင်း ဖြစ်ပါတယ်။ အဲဒီလမ်းစီမံကိန်း လမ်းကြောင်းမှာ ရှိနေတဲ့ မန်ကျည်းပင်အုပ်ကလေးတွေကို အစွဲအလန်း ကြီးလွန်းနေတဲ့အကြောင်းကို နားမလည်နိုင်တဲ့ ဖြစ်ရတဲ့အကြောင်းနဲ့စ ထားပါတယ်။
နောက်မှ အဲဒီ မန်ကျည်းပင်လေးတွေ ရှိတဲ့လမ်းဟာ အဲဒီကျေးရွာသူ၊ သားတွေရဲ့ အောင်သွယ်တော်ဖြစ်ပြီး ဓားထစ်ရာတွေက သူတို့ရဲ့ အိမ်ထောင်သက်တွေ ဖြစ်တဲ့အကြောင်း သိရပါတယ်။ “ခုတော့ ဒီမန်ကျည်းပင်ကလေးကိုပါ ဒို့များဆီက လုယူ ကြတော့မယ်”။ ဝတ္တုဆန်ဆန် အရေးအဖွဲ့များနဲ့ စဉ်းစားစရာ အက်ဆေးကောင်းတပုဒ် ဖြစ်ပါတယ်။
အခွင့်အရေးနှင့် ရပ်ခံကာကွယ်မှု၊ ဘတ်စ်ကားအိုကြီးထဲမှာ၊ စောင့်မျှော်ခြင်း၊ I am poet ၊ ကျနော်နှင့် တခုသော နှစ်သစ်၊ သေချာရေရာမှုတချို့ပျော်ရွှင်မှုတချို့၊ ကမာရွတ်မှာ တညတာ အစရှိတဲ့ အက်ဆေးများကတော့ မြို့ပြနေ အခက်အခဲ၊ မွန်းကျပ်မှု၊ ရုန်းကန်လှုပ်ရှားမှုတို့ကို ရေးသားထားတာ ဖြစ်ပါတယ်။ အက်ဆေးဆိုတဲ့အတိုင်း ဖတ်ပြီး တွေးစရာကတော့ ကျန်စမြဲ။
I am poet ဆိုတဲ့ အက်ဆေးကတော့ ကဗျာဆရာတယောက် ရန်ကုန်မြို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကြား မတည်ငြိမ်တဲ့ အလုပ်အကိုင်တွေ တခုပြီးတခု ကုမ္ပဏီ အင်တာဗျူးတွေ တခုပြီး တခုဖြေဆိုရင်း I am poet ဟု ဖြေဆို အကျပ်ရိုက်ခဲ့ပုံ၊ နောက်ဆုံး အစိုးရပိုင် အင်္ဂလိပ်သတင်းစာ တစောင်မှာလည်း ဘာသာပြန် သွားလျှောက်တော့လည်း အင်တာဗျူးရာမှာ ဒို့တာဝန်အရေးသုံးပါး ခေါင်းကြီးပိုင်း ရေးသားခိုင်းတာကို ငြင်းပယ်လိုက်တော့ Identify yourself ဆိုတော့ I am poet လို့ ဖြေဆိုပြီး ငြင်းဆန်ခေါင်းမာခဲ့ပုံများကို ရေးသားထားပါတယ်။
စာအုပ်ခေါင်းစဉ်ဖြစ်တဲ့ ဒစ်ဂျစ်တယ်အလွမ်းကတော့ ယနေ့ခေတ် နည်းပညာခေတ်ကြီးထဲမှာ အသက် ၅၀ စွန်းစွန်း မုဆိုးမ တယောက်ရဲ့ မိုးမီးလောင်မှုများကို ဖွဲ့ထားပါတယ်။ လူမမယ် သမီးငယ်လေးနဲ့ လေဖြတ်နေတဲ့ ယောင်းမဖြစ်သူတို့ကို လက်တွဲရင်း ယောက်ျားဖြစ်သူရဲ့ အသုဘနေ့ရက်မှာ ပေ ၂၀၊ ၁၅ ပေ မြေပိုင်ဆိုင်မှုအတွက် တိုက်ပွဲကို ရေးဖွဲ့ထားတာဖြစ် ပါတယ်။
ဖေ့စ်ဘုတ်ရဲ့ မျက်နှာကတော့ ယနေ့ လူမှုအခင်းအကျင်းများဖြစ်တဲ့ လူမှုကွန်ရက်ကို အချိန်ပြည့် သုံးစွဲ တိတ်ဆိတ်စွာ ဖြတ်သန်းနေပုံကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း ဆိုးကျိုးကောင်းကျိုးများ ယှဉ်တွဲ ရေးသားထားတာ ဖြစ်လို့ ချင့်ချိန်စဉ်းစားသုံးသပ်ဖို့ ကောင်းပါတယ်။
အချုပ်ဆိုရရင် ဒစ်ဂျစ်တယ်အလွမ်းနှင့် အခြားအက်ဆေးများစာအုပ်ဟာ အက်ဆေးချစ်သူ၊ ၀ါသနာရှင်များ ဖတ်ရှုလေ့လာ ဝေဖန်ဖို့ကောင်းတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။ ကဗျာဆရာ လကျ်ာဝင်းနဲ့ အောင်မိုးကိုယ်တိုင် အမှာစာရေးထားပါတယ်။
စာရေးဆရာ – အောင်မိုး
စာအုပ်အမည် – ဒစ်ဂျစ်တယ်အလွမ်းနှင့် အခြားအက်ဆေးများ
အမျိုးအစား – အက်ဆေး
ထုတ်ဝေသည့်ကာလ – အောက်တိုဘာ၊ ၂၀၁၆
ထုတ်ဝေသည့်တိုက် – မိုးလုံးမှိုင်း
တန်ဖိုး – ၂ဝဝဝကျပ်