ပြည်တွင်းမှာ လူကြိုက်များနေတဲ့ Toyota Kluger က လက်ရှိ ဈေးကွက်ကို Used အနေနဲ့ ကြည့်မယ် ဆိုရင် Grade ကွဲပေါင်း ၁၈ မျိုးလောက်ထိအောင် မော်ဒယ် နှစ်အစုံနဲ့ ဝင်နေတာ တွေ့ရပါတယ်။
အများဆုံးကတော့ ၂.၄ လီတာသုံး မော်ဒယ်တွေပါ။ ဒါပေမယ့် သူ့ထက် အင်ဂျင် အရွယ် နည်းနည်းပိုကြီးတဲ့ ၃.ဝ လီတာသုံး မော်ဒယ်ခွဲ တချို့လည်း ဝင်ပါသေးတယ်။
ဝန်တင်ဆောင်နိုင်မှု ပိုကောင်းသွားတယ်။ ခရီးဝေး စိတ်ကြိုက် မောင်းနှင်နိုင်စွမ်း ရှိလာစေတယ်။ တောင်တက်လမ်းတွေ၊ လမ်းကြမ်ပိုင်း သုံးချင်သူတွေ အတွက် ပိုပြီး အဆင်ပြေစေမယ့် မော်ဒယ်ပါ။
ရန်ကုန် ဝယ်လက်ကတော့ ဆီစားနှုန်း အပိုင်းကို ပြန်ကြည့်တာကြောင့် အခု ပြောမယ့် ၃.ဝ လီတာသုံး မော်ဒယ်တွေက အခု နောက်ပိုင်း ဈေးအနည်းငယ် ကျချင်လာတာ တွေ့ရပါတယ်။ ဒီတော့ Kluger 3.0 တွေကို စဉ်းစားထားသူတွေအတွက် နည်းနည်းလောက် မိတ်ဆက်ပေးချင်ပါတယ်။
မော်ဒယ်က ၃.ဝ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားပေမယ့် ဆီစားနှုန်းကတော့ ၂.၄ လီတာသုံးတွေထက် နည်းနည်းပဲ ပိုသွားတာပါ။ ပျမ်းမျှ မိုင် ၃၀ ဝန်းကျင်ထိအောင် စီးနင်းနိုင်ပါသေးတယ်။ မော်ဒယ်နှစ်နိမ့်တာကတော့ Kluger တိုင်းမို့ အပြစ်ပြောဖို့ ခက်ပါတယ်။
Auto စနစ်က အရုန်းပိုကောင်းတယ်လို့ မြင်မိပါတယ်၊ အထွက်ပိုင်း ငြင်သာမှုကတော့ အင်ဂျင် အရွယ်ကြီးလို့ နည်းနည်း ကြမ်းချင်ပါတယ်။ ညာမောင်း မော်ဒယ်ပုံစံက ပြည်တွင်းမှာ အကြိုက်ဆုံး အထိုင်ဖြစ်နေစေပါတယ်။
Gasoline အင်ဂျင် ဖြစ်ပြီး အင်ဂျင်သံ ငြိမ်ပါတယ်။ မြန်နှုန်းမြင့် မောင်းနှင်နေချိန်မှာလည်း ဆူညံသံ အပေးနည်းပါတယ်။ အင်ဂျင်သံ တော်တော် မာပါတယ်။ အတွင်းခန်း တပ်ဆင်ပစ္စည်း အပြည့်အစုံပါပါတယ်။
ဒါပေမယ့် မော်ဒယ်နိမ့်ဖြစ်လို့ တချို့က ပြန်ထည့်ထားတာလေးတွေ ရှိပါတယ်။ ဥပမာ TV လို ဖျော်ဖြေရေး အပိုင်းတွေပါ။ တကယ်လို့ Original တွေ ဖြစ်နေမယ် ဆိုရင်လည်း Touch လို အပိုင်းတွေက ဒီလောက် ကောင်းတော့မှာ မဟုတ်လို့ အခုလို အသစ် ပြန်ထည့်ထားတာက ကျေနပ်စရာပါ။
အသက်ကယ် လေအိတ်စနစ်ထိအောင် ပါရှိမယ်။ ဘရိတ်က ABS နဲ့ သွားမယ်၊ ဘီးခွေတွေက အလူမီနီယမ်တွေ ဖြစ်မယ်၊ တချို့ကလည်း Alloy ကို ပိုသဘောကျတာ တွေ့မိပါတယ်။ အလေးချိန်ပိုင်းတော့ အလူမီနီယမ်က နည်းနည်းပိုချင်ပေမယ့် ရွေးချယ်စရာ မရှိတာတခုတော့ အားနည်းချက်လေး ဖြစ်နေစေပါတယ်။
ဆေးသားပိုင်းမှာ ရွေးချယ်စရာ များများရှိတဲ့ မော်ဒယ်ဖြစ်လို့ တခု ပြောချင်တာက သေချာ ရွေးချယ်စေချင်ပါတယ်။ အကြောင်းက တချို့သော Kluger တွေက ဆေးသား ကျနေတတ်တာကြောင့်ပါ။ ဆေးသားပြန်တင်ထားတာမျိုးနည်းပေမယ့် အရောင်ထွက်အောင် လုပ်ထားတတ်တာလေးတွေ ရှိလို့ သေချာရွေးချယ်စေချင်ပါတယ်။
အချိန်ပေးပြီး ကြည့်မယ်၊ ကျွမ်းကျင်သူနဲ့ ကြည့်မယ် ဆိုရင်တော့ မမှားနိုင်ပါဘူး။ ဈေးကွက်မှာတော့ ၂၀ဝ၃ ခုနှစ် ဝန်းကျင်ထုတ် Kluger တွေပဲ ဈေးကွက် အများဆုံး ဝင်နေတာ တွေ့နိုင်ပြီး ၂.၄ လီတာသုံး ကီလို ၁ သိန်းနဲ့ အထက် မော်ဒယ်တွေတောင်မှ သိန်း ၂၈၀ ကနေ သိန်း ၃၅၀ အကြား မော်ဒယ်ခွဲ အပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ အခေါ်ရှိပေမယ့် ၃.ဝ လီတာသုံးကတော့ Grade များများစားစား မဝင်တာကြောင့် ၂၀ဝ၃ ခုနှစ်ထုတ် အနက်ရောင် ကီလို ၁ သိန်း ဝန်းကျင်ကို သိန်း ၃၁၀ ခေါ်တာ တွေ့ရပါတယ်။
နယ်ဝယ်လက် ပိုအကြိုက်တွေ့နိ်ုင်ပြီး ရန်ကုန်ဝယ်လက် အဆွဲနည်းတာကြောင့် မော်ဒယ်က ဈေးအကျပိုင်းမှာ ရှိနေပါတယ်။ နောက်ပြီး ကီလို အနည်း၊ အများ၊ အရောင် ရွေးချယ်နိုင်မှုနဲ့ မော်ဒယ်နိမ့်မှုတွေက သင့်အတွက် ဈေးဆွဲချနိုင်စေမယ့် ကောင်းကွက်တွေ ဖြစ်နေပါတယ်။